News @ M-Media

Blog

  • ၂၀၁၄ ခုနှစ် ဂုဏ်သိက္ခာ အကြီးဆုံးကလပ် ဇကာတင် စာရင်းထွက်ပေါ်

    ၂၀၁၄ ခုနှစ် ဂုဏ်သိက္ခာ အကြီးဆုံးကလပ် ဇကာတင် စာရင်းထွက်ပေါ်

    နိုဝင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    614751_heroa
    – ကမ္ဘာ့တစ်ဝှမ်း ကလပ်အသင်းများအကြား တစ်နှစ်တာ ဂုဏ်သိက္ခာအကြီးဆုံး ကလပ်အသင်းအတွက် ဇကာတင် ၅ သင်းစာရင်းကို ထုတ်ပြန်ခဲ့ရာ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်နှင့် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်တို့ ပါဝင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဇကာတင်စာရင်းကို ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် ပြုလုပ်ခဲ့သော Globe Soccer Awards ဆုပေးပွဲအခမ်းအနားတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်နှင့် ဂျူဗီတို့အပြင် ဘိုင်ယန်၊ အေဂျက်နှင့် ဘေဆယ်တို့လည်း အဆိုပါဇကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။

    အဆိုပါဆုကို Globe Soccer အဖွဲ့၊ ဥရောပကလပ်အသင်းများအစည်းအရုံး ECA၊ ဥရောပ ဘောလုံးအေးဂျင့်များအသင်း EFAA တို့က ပူးတွဲကာ စီစဉ်ပေးအပ်ခြင်းဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဒူဘိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    တစ်နှစ်တာ ဂုဏ်သိက္ခာအရှိဆုံး ကလပ်အသင်းဆုအပါအ၀င် တစ်နှစ်တာအကောင်းဆုံး အေးဂျင့်ဆုနှင့် တစ်နှစ်တာအကောင်းဆုံး ဒိုင်လူကြီးဆုများကိုလည်း တစ်ပါတည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

    အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ယူအီးအက်ဖ်အေဥက္ကဌပလာတီနီ အပါအ၀င် ဘောလုံးလောကမှ သြဇာရှိသူများ တက်ရောက်မည်ဖြစ်သည်။

  • ဟာဗားနား ဗလီဝတ်ကျောင်း ဆောက်လုပ်ရန် ကျူးဘားအစိုးရ မြေနေရာချပေး

    ဟာဗားနား ဗလီဝတ်ကျောင်း ဆောက်လုပ်ရန် ကျူးဘားအစိုးရ မြေနေရာချပေး

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media

    21-11-14_Cuba-Allocates-Land-for-Havana-Mosque
    ကျူးဘားတွင်ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းကို တူရကီနိုင်ငံ Istanbul မြို့ရှိ Ortaköy Mosque ၏ ဒီဇိုင်းအတိုင်း ဆောက်လုပ်မည်ဟု သိရသည်။

    – မွတ်စလင်များက အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အထိမ်းအမှတ်အဖြစ် မြို့တော် ဟာဗားနားတွင် ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော်အတွက် ကျူးဘားအစိုးရက မြေနေရာ သတ်မှတ်ပေးခဲ့သည်ဟု သိရသည်။

    ဟာဗာနားမြို့ဟောင်းခရိုင်ရှိ ၅ ဧကကျယ်သော မြေနေရာတစ်ခုအား သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါမြေနေရာမှာ တူရကီသမ္မတ တိုင်ယစ်ပ်အာဒိုဂန် ပြီးခဲ့သည့် တစ်ပတ် ကျူးဘားနိုင်ငံသို့ လာရောက်စဉ်က အဆိုပြုသွားခဲ့သည့် နေရာလည်းဖြစ်သည်။

    “ဒါဟာ ကျွန်တော်တို့ ဖောင်ဒေးရှင်းရဲ့ စီမံကိန်းနဲ့ နှစ်နိုင်ငံအပြန်အလှန် လည်ပတ်မှုကနေ ဖြစ်လာတာဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်နိုင်မယ့် မြေနေရာကတော့ အဆင်သင့်ဖြစ်နေပါပြီ” ဟု တူရကီ သာသနာရေးဝန်ကြီးဌာန  Diyanet  မှ အထွေထွေမန်နေဂျာ မွတ်စ်တာဖာ တွန်ကန်က နိုဝင်ဘာ ၂၀ ရက်နေ့တွင် Daily Vatan သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုအတွက် ဖြစ်နိုင်ခြေများကို ကျူးဘားတာဝန်ရှိသူများနှင့် တူရကီအစိုးရတို့အကြား ဆွေးနွေးညှိနှိုင်းရန်အတွက်လည်း  Diyanet က ဆောင်ရွက်ပေးနေသည်ဟု ၎င်းက ဆိုသည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်ကို အစ္စတန်ဘူလ်ရှိ Ortakoy ဗလီဝတ်ကျောင်းတော်အား ပုံတူထား၍ တည်ဆောက်သွားမည်ဖြစ်သည်။

    “Ortakoy ဗလီဝတ်ကျောင်းတော်လို ပုံစံတူတည်ဆောက်သွားဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု တွန်ကင်က ဆိုသည်။

    ကိုလံဘတ်စ်အရင် နှစ်ပေါင်း ၃၀၀ ကျော်က မွတ်စလင်ခရီးသွားများ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အထိမ်းအမှတ်ဖြစ် ကျူးဘားနိုင်ငံ၏ ပထမဆုံး အဆိုပါ ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ရန် အာဒိုဂန်က ပြီးခဲ့သည့် သီတင်းပတ် ကျူးဘားနိုင်ငံသို့ လာရောက်စဉ်က ကြေညာခဲ့ခြင်းဖြစ်သည်။

    ထိုသို့ ပြောဆိုမှုအတွက် ဝေဖန်မှုများ ခံခဲ့ရပြီး အာဒိုဂန်က ကိုလံဘတ်စ် ကျူးဘားသို့ စတင်ရောက်ရှိစဉ်က တောင်တစ်ခုပေါ်တွင် တွေ့ရှိခဲ့သည့် ဗလီဝတ်ကျောင်းတော်အကြောင်း ရေးသားထားသော ကိုလံဘတ်စ်၏ ဒိုင်ယာရီကို ထောက်ပြကာ ဝေဖန်သူများကို တုံ့ပြန်ခဲ့သည်။ ထို့ပြင် စာသင်ကျောင်းများတွင် မွတ်စလင်သိပ္ပံပညာရှင်များအကြောင်း သင်ကြားရန်လည်း တိုက်တွန်းခဲ့သည်။

    ကျူးဘားအစိုးရကမူ အဆိုပါ ဗလီဝတ်ကျောင်းတော်အား တူရကီတစ်နိုင်ငံတည်းက ဆောက်လုပ်ခြင်းထက် OIC အဖွဲ့ဝင်နိုင်ငံအားလုံးက ပူးပေါင်းဆောက်လုပ်ရန် ပိုမို အလိုရှိနေသည်။

    ဟာဗားနားတွင် ဗလီဝတ်ကျောင်းတော် ရှိခဲ့ကြောင်း ရေးသားထားသည့် ကိုလံဘတ်စ်၏ ဒိုင်ယာရီကို တူရကီ သမိုင်းပညာရှင် Youssef Mroueh က ၁၉၉၆ ခုနှစ်တွင် ရေးသားခဲ့သော ဆောင်းပါ တစ်ပုဒ်တွင် စတင်ဖော်ပြခဲ့သည်။

    ကိုလံဘတ်စ်မတိုင်ခင် ရာစုနှစ်များစွာအရင်က အာရပ်ခရီးသွားများ၊ အနောက်အာဖရိကမှ လူမည်းများနှင့် အော်တိုမန်အင်ပါယာမှ မွတ်စလင်များမှာ ရေကြောင်းခရီးဖြင့် အမေရိကန်သို့ သွားရောက်ခဲ့သည်ဟူသော သမိုင်းဆိုင်ရာ အထောက်အထားများမှာ အထင်အရှားရှိနေသည်။

    ref_OnIslam & Newspapers

  • ၁၀ တန်းအောင်သူများ တက္ကသိုလ်ဝင်ခွင့် မညီမျှမှုများရှိနေ

    ၁၀ တန်းအောင်သူများ တက္ကသိုလ်ဝင်ခွင့် မညီမျှမှုများရှိနေ

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    သူရိန်
    edu
    ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် မလိုလားအပ်သော နစ်နာမှုများရှိနေကြောင်း သိရသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ် များသို့ လျှောက်ထားရာတွင် ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း ရမှတ် အနည်းအများပေါ် မူတည်၍ ခွဲခြားနစ်နာမှုများ ရှိနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

    လက်ရှိတွင် နည်းပညာကျောင်းများကို Center of Excellence(COE)ကျောင်းများနှင့် နည်းပညာ တက္ကသိုလ် ဟူ၍ခွဲခြားသတ်မှတ်ထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နည်းပညာတက္ကသိုလ် ၂၉ ကျောင်းရှိကြောင်းသိရသည်။

    ထိုနည်းပညာတက္ကသိုလ် ဝင်ခွင့်လျှောက်ထားမှုကိုသတ်မှတ်ရာတွင် ယခင်က အနိမ့်ဆုံးအမှတ် ၃၂၀ နှင့် အထက်ရှိသော ကျောင်းသားကျောင်းသူများ တက်ရောက်ခွင့်ရရှိခဲ့ပြီး ယခုနှစ်မှစ၍ ပုံမှန် မဟုတ်သော မူဝါဒများ ပြောင်းလဲ ကျင့်သုံးလာသောကြောင့် ၁၀တန်း အောင်မြင်သူများ ထိခိုက်နစ်နာခဲ့ရခြင်းလည်းဖြစ်သည်။

    10807061_10200108091621272_1872196593_n

    ၂၀၁၄ခုနှစ် တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်တွင် ရမှတ် ၃၈၀နှင့်အထက် ရရှိသူများသည် နည်းပညာ တက္ကသိုလ်ကျောင်းများသို့ တက်ရောက်ခွင့်ရရှိမည် ဟုဖော်ပြထားသော်လည်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ ဝင်ခွင့်ကြော်ငြာသင်ပုန်းတွင် တက္ကသိုလ်ဝင်တန်းအောင် အမျိုးသားများအတွက် ၄၁၂မှတ်နှင့် အမျိုးသမီးများအတွက် ၄၁၈မှတ် ကြေညာထားကြောင်းသိရသည်။

    ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ( လှိုင်သာယာ)တွင် အနိမ့်ဆုံးဝင်ခွင့် ရမှတ် ၄၄၅မှတ် TU( သန်လျင်)တွင် ၄၃၈မှတ် မှော်ဘီကျောင်းတွင် ၄၃၁မှတ်ဟူ၍ အမျိုးမျိုးကွဲပြားနေခြင်းကြောင့် ဝင်ခွင့်လျှောက်ထားသူကျောင်းသားများနှင့် ၄င်းတို့၏ မိဘများ များစွာနစ်နာကြောင်းတွေ့ရသည်။

    တဖက်တွင် အဆိုပါကျောင်းများသို့ ဝင်ခွင့်လျှောက်ထားမှုကို ၂၀၁၂မှစ၍ လျှော့ချခေါ်ယူမှုများ ရှိနေခဲ့ပြီး ယခုအခါ အမှတ်စာရင်းများခွဲခြား သတ်မှတ်ခေါ်ယူမှုများကြောင့် မြန်မာနိုင်ငံ တဝှမ်းလုံးရှိ ကျောင်းသားလူငယ်များ ပညာသင်ကြားရာတွင် အခက်အခဲများကြုံတွေရခြင်းဖြစ်သည်။

    ပွင့်လင်းမြင်သာမှုမရှိသော အမှတ်ကန့်သတ်ချက်များအပေါ် ခံစားခဲ့ရသော ကျောင်းသားမိဘများက နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများထံ စာများလိပ်မူပေးပို့ခဲ့ပြီးဖြစ်သလို တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြပါရှိသည့်အတိုင်း ဝင်ခွင့်အရည်အချင်းများ သတ်မှတ်အမှတ်စာရင်းအတိုင်း ဖြစ်စေလိုသော ဆန္ဒများရှိနေကြသည်။

    နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈)တွင် ဝိဇ္ဇာပညာ သိပ္ပံပညာနှင့် နည်းပညာရပ်များကို ရှာဖွေဖော်ထုတ်ရာတွင် နိုင်ငံသားများ တူညီသောအခွင့်အလမ်းများ ရရှိစေရမည်ဟု ဖော်ပြပါရှိသည်။

  • အွန်လိုင်းမှ ဈေးဝယ်မှုနှုန်း အရှေ့တောင်အာရှတွင် စင်ကာပူ ထိပ်ဆုံးမှာရှိ

    အွန်လိုင်းမှ ဈေးဝယ်မှုနှုန်း အရှေ့တောင်အာရှတွင် စင်ကာပူ ထိပ်ဆုံးမှာရှိ

    နိုဝင်ဘာ ၂၁၊ ၂၀၁၄
    M-Media
    cyber-monday-was-launched
    – အရှေ့တောင်အာရှနိုင်ငံများ၌ အွန်လိုင်းမှ ဈေးဝယ်မှုနှုန်းမှာ စင်ကာပူနိုင်ငံတွင် အများဆုံးဖြစ်နေပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်က ပျမ်းမျှ တစ်လလျှင် အနည်းဆုံး တစ်ကြိမ် အွန်လိုင်းမှ ဈေးဝယ်မှုများ ပြုလုပ်ကြသည်ဟု လေ့လာမှုများအရ သိရသည်။

    အဆိုပါ လေ့လာမှုကို အကြွေးဝယ်ကဒ်ဖြစ်သည့် Visa ကုမ္ပဏီမှ ပြီးခဲ့သည့် ဇူလိုင်လတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ လူပေါင်း ၅၀၀ အား တွေ့ဆုံမေးမြန်းခဲ့သည်။
    ထိုသို့မေးမြန်းရာတွင် ၂၆ ရာခိုင်နှုန်းသော စင်ကာပူနိုင်ငံသားများမှာ အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ် အွန်လိုင်းမှ ဈေးဝယ်ကြပြီး တစ်လျှင် တစ်ကြိမ် ဈေးဝယ်ကြသူများမှာ ၅၈ ရာခိုင်နှုန်းခန့် ရှိနေသည်။ မိမိအတွင် လိုအပ်သည့်ပစ္စည်းအားလုံးကို အွန်လိုင်းအသုံးပြု၍ ၀ယ်ယူသလားဟု မေးမြန်းရာတွင် တစ်ဝက်ကျော်က ၀ယ်ယူသည်ဟု ဖြေကြားခဲ့သည်။

    စင်ကာပူနိုင်ငံသားများ အွန်လိုင်းမှ တန်ဖိုးအမြင့်ဆုံး ဈေးဝယ်မှုမှာ ပျမ်းမျှ စင်ကာပူဒေါ်လာ ၂၈၈၇ တန်ဖိုးရှိသည်။

    စစ်တမ်းကောက်ယူမှုအရ အသက် ၂၅ နှစ်မှ ၄၄ နှစ်အကြား စင်ကာပူနိုင်ငံသားများမှာ အွန်လိုင်းတွင် မကြာခဏ ဈေးဝယ်မှုကို ပြုလုပ်ကြပြီး နိုင်ငံသာများ၏ ၅၃ ရာခိုင်နှုန်းမှာ တစ်လလျှင်ကြိမ်ဖန်များစွာ အွန်းလိုင်းမှ ဈေးဝယ်ကြသည်ကို တွေ့ရှိခဲ့ရသည်။

    ထိုပြင် အွန်လိုင်းဈေးဝယ်ကြသူ စင်ကာပူနိုင်ငံသားများ၏ ၃၀ ရာခိုင်နှုန်းမှာ တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် မိုဘိုင်းဖုန်းအသုံးပြုကာ ဈေးဝယ်ကြသည်။

    လွယ်ကူခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ပေးခြင်း စသည်တို့က စင်ကူပူနိုင်ငံသားများ အွန်လိုင်းမှ ဈေးဝယ်ရခြင်း၏ အကြောင်းအရင်းများဖြစ်ပြီး၊ အွန်လိုင်းမှ ဈေးဝယ်မှုကို ခရီးသွားကဏ္ဍအတွက် အဓိကပြုလုပ်ကြသည်။

    ၅၁ ရာခိုင်နှုန်းသော စင်ကာပူနိုင်ငံသားများက အွန်လိုင်းအသုံးပြု၍ လက်မှတ်များကို ဘိုကင်လုပ်ကြကာ  ၄၈ ရာခိုင်နှုန်းက ၎င်းတို့၏ နေရာထိုင်ခင်းအတွက် အွန်လိုင်းမှတစ်ဆင့် ကြိုတင်မှာထားကြသည်။ ဂီတပွဲလက်မှတ်များ၊ အားကစားပြိုင်ပွဲလက်မှတ်များ မှာယူခြင်းမှာ အွန်လိုင်းဈေးဝယ်မှု ဒုတိယအများဆုံး ကဏ္ဍဖြစ်သည်။

    ref_ ဆင်ဟွာ

  • အီရန်နျူ  အရေးဆွေးနွေးမှု နောက်ဆုံးအဆင့် ရောက်လာ

    အီရန်နျူ အရေးဆွေးနွေးမှု နောက်ဆုံးအဆင့် ရောက်လာ

    နိုဝင်ဘာ ၂၁၊ ၂၀၁၄
    M-Media
    2014112162750748734_20
    – အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံ ၆ နိုင်ငံတို့၏ နျူးကလီးယားအရေး ဆွေးနွေးမှုမှာ နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီး အပြီးသတ် ဆွေးနွေးကြတော့မည်ဟု သိရသည်။

    အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှ တာဝန်ရှိသူများမှာ ယနေ့တွင် ပြုလုပ်မည့် နောက်ဆုံးအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဗီယင်နာမြို့သို့ ယမန်နေ့က ရောက်ရှိလာခဲ့ကြသည်။

    “ကျွန်တော်တို့ နောက်ထပ်အချိန်ထပ်တိုးဖို့ ပြောကြတော့မှာ မဟုတ်ပါဘူး။ သဘောတူညီချက်ရအောင်ပဲ ဆွေးနွေးသွားမှာပါ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဗီယင်နာသို့ မထွက်ခွာမီ ပြောကြားခဲ့သည်။

    အီရန်နျူအရေး ဆွေးနွေးမှုအတွက် နောက်ဆုံးရက်မှာ နိုဝင်ဘာ ၂၄ ရက် တနင်္လာနေ့ဖြစ်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်ကမူ သဘောတူညီချက်ရရေးအတွက် တာဝန်မှာ အင်အားကြီး ၆ နိုင်ငံအပေါ်တွင် ရှိနေကာ အီရန်နိုင်ငံအပေါ် လွန်ကဲသည့် တောင်းဆိုမှုများ ပြုလုပ်မည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ ဆွေးနွေးမှုကို ပြီးခဲ့သည့်နှစ်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

    အီရန်၏ ယူနေရီယံသန့်စင်မှုကို လက်နက်ထုတ်လုပ်ရန်အတွက်ဟု အနောက်နိုင်ငံများက စွပ်စွဲခဲ့ကြပြီး အီရန်ကမူ ထပ်တလဲလဲငြင်းဆိုထားကာ အရပ်ဘက်တွင် အသုံးပြုရန်အတွက်သာ ဖြစ်သည်ဟု ပြောကြားထားသည်။

    ref:Al Jazeera and agencies