News @ M-Media
Blog
  • ကမ္ဘာ့အကောင်းဆုံး ဆန်ဆု ကမ္ဘောဒီးယားနှင့် ထိုင်းတို့မှ ရရှိ
    ကမ္ဘာ့အကောင်းဆုံး ဆန်ဆု ကမ္ဘောဒီးယားနှင့် ထိုင်းတို့မှ ရရှိ
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    133802886_14164726261451n
    – ယနေ့နံနက်ပိုင်း ဗီယက်နမ်နိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် ကမ္ဘာ့ဆန်ညီလာခံတွင် အကောင်းဆုံးဆန်အတွက် ပေးအပ်သောဆုအား ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ ရရှိခဲ့သည်ဟု သိရသည်။
    ကမ္ဘာ့အကောင်းဆုံးဆန်ဆုအတွက် ကမ္ဘောဒီးယား၊ ထိုင်း။ ဗီယက်နမ်၊ အိန္ဒိယ၊ မြန်မာနှင့် အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ဆန်နမူနာများပေးအပ်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ဟု အဆိုပါပြိုင်ပွဲကို စီစဉ်ကျင်းပသော ဆန်ကုန်သည်ကြီးများအသင်းမှ ဥက္ကဌနှင့် အမှုဆောင်အရာရှိ ဂျယ်ရီမီ ဇွင်ဂါက ပြောကြားခဲ့သည်။
    အကောင်းဆုံးဆန်ဆုအတွက် ဆန်၏ အရောင်းအဆင်း၊ ပုံစံနှင့် အရသာတို့အပေါ် အဓိကထားကာ ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ မွှေးရနံ့သင်းသော ဆန်များက ရရှိသွားခဲ့ခြင်းဖြစ်သည်။
    ကမ္ဘောဒီးယားမှ အဆိုပါဆန်မှာ သုံးနှစ်ဆက်တိုက် ထိုဆုအား ရရှိခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘောဒီယား ဆန်စပါးအသင်းမှ ဥက္ကဌဖြစ်သူ ဆွတ် ပူသီဗက်သ်က ပြောကြားခဲ့သည်။
    “ကမ္ဘောဒီးယား ဆန်ထုတ်လုပ်မှုလုပ်ငန်းအတွက် နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ ဒီဆုဟာ ကျွန်တော်တို့ဆန်ရဲ့ အရည်အသွေးမြင့်မား မှုကို ရောင်ပြန်ဟပ်စေတာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံက ဆန်ကို နိုင်ငံတကာက ပိုပြီး သိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပူသီဗက်သ်က ဆိုသည်။
    ဆုရသွားခဲ့သည့်ထိုင်းဆန်မှာ “စံပယ်ညို” ဆန်ဖြစ်ပြီး မိမိတို့နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ကာ မိမိတို့၏ ဆန်အရည်အသွေးကို နိုင်ငံတကာက အသိအမှတ်ပြုကြသည်ဟု ထိုင်း ဆန်တင်ပို့သူများအသင်းမှ ဥက္ကဌ ချိုကီယက် အိုဖက်စ်ဝွန်ဆီက့ ပြောကြားခဲ့သည်။
    ထိုင်းနိုင်ငံမှာ ယခုလက်ရှိတွင် ကြိတ်ခွဲပြီး ဆန်တန်ချိန် ၈ သန်းခန့် နိုင်ငံခြားသို့ တင်ပို့ပြီး ဖြစ်ပြီး ယခုနှစ်အကုန်တွင် ၁၀.၅ သန်း တင်ပို့နိုင်ရန် မျှော်လင့်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံကမူ ယခုနှစ် ၁၀ လပိုင်းအကုန်အထိ ဆန်တန်ချိန် ၃၀၄၇၈၈ တန် တင်ပို့ထားပြီး ၀င်ငွေ ကန်ဒေါ်လာ သန်း ၁၈၀ ခန့် ရရှိထားသည်။
    ref_ ဆင်ဟွာ
  • “ဦးအောင်သောင်းကို ဖီဆန်ရင် ထောင်ထဲ ပြန်ရောက်သွားမှာ ၀ီရသူက စိုးရိမ်နေတယ်” (အရှင်ဂမ္ဘီရ)
    “ဦးအောင်သောင်းကို ဖီဆန်ရင် ထောင်ထဲ ပြန်ရောက်သွားမှာ ၀ီရသူက စိုးရိမ်နေတယ်” (အရှင်ဂမ္ဘီရ)
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    အာဏာရှင်များ ကြောက်ရွံ့နေဆဲ အနှင်ခံဘုန်းတော်ကြီး သို့မဟုတ် အရှင်ဂမ္ဘီရ
    ———————————————————–
    saffron revolution 1
    – ၂၀၀၇ ခုနှစ် မြန်မာနိုင်ငံတွင် လောင်စာဆီဈေး ရုတ်တရက်တက်လာသည့်အချိန်၌ အာဏာရှင်စနစ်အား ဆန့်ကျင်သော လူအုပ်စုကြီး လမ်းပေါ်ထွက်လာမှုကို ကမ္ဘာက စောင့်ကြည့်ခဲ့ကြသည်။ အဆိုပါ ဆန့်ကျင်ဆန္ဒပြမှုများတွင် သံဃာတော်  ထောင်ပေါင်း များစွာ ပါဝင်လာခဲ့ပြီး ၎င်းတို့ လွှမ်းခြုံသော ၀တ်ရုံကိုအစွဲပြု၍ “ရွှေဝါရောင်တော်လှန်ရေး” ဟု ခေါ်တွင်ခဲ့လေသည်။
    ကမ္ဘာကြီးနှင့် အချိန်အတော်ကြာ ကင်းကွာနေသော နိုင်ငံတစ်ခုမှ မြင့်မြတ်သောပုဂ္ဂိုလ်များ ထိုကဲ့သို့ ငြိမ်းချမ်းစွာစုဝေးခြင်းက ကမ္ဘာ့အာဏာရှင်နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံအတွက် လှုံ့ဆော်အားပေးမှုအဖြစ် မျှော်လင့်ချက်အလင်းရောင်ကို ဆောင်ကျဉ်းပေးခဲ့လေသည်။ ထို့နောက် အာဏာရှင်ဘက်က ထိုစုဝေးခြင်းတွင် ၀င်ပါခဲ့ပြီး အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းကို ကမ္ဘာကြီးက စောင့်ကြည့်ခဲ့ရသည်။ လူမည်မျှသေသည်ကို မသိခဲ့ရ။ ဒဏ်ရာရသူများကလည်း ရေတွင်၍ပင် မရ။ သဘောထားကွဲလွဲမှုအပေါ် ဖိနှိပ်ရန် မြန်မာအစိုးရ၏ အင်အားသုံးမှုနှင့် အကြမ်းဖက်မှုမှာ ထိုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ကမ္ဘာကြီးကတော့ ပထမဆုံးအကြိမ်အဖြစ် ထိုအဖြစ်အပျက်အား အချိန်နှင့်တစ်ပြေးညီ သိရှိခဲ့ကြသည်။
    အရှင်ဂမ္ဘီရမှာ ထိုဆန္ဒပြမှုတွင် ပါဝင်သည့် အသင်းအဖွဲ့များထဲမှ အထင်ရှားဆုံးဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကို ဦးဆောင်ခဲ့သည်။ အစိုးရက ဖြိုခွဲမှုပြုလုပ်သည့်အခါ အရှင်ဂမ္ဘီရမှာ ၎င်း၏အချိန်အများအပြားကို ပုန်းရှောင်ရင်း ကုန်ဆုံးခဲ့ရသည်။ မြန်မာအစိုးရအား ပြင်းပြင်းထန်ထန်ဝေဖန်သည့် စာများကိုလည်း နာမည်ကြီး အနောက်တိုင်းမီဒီယာများသို့ ရေးသားပေးပို့ခဲ့သည်။ သိပ်မကြာခင်မှာပဲ အရှင်ဂမ္ဘီရမှာ ဖမ်းဆီးခံလိုက်ရပြီး “ရွှေဝါရောက်တော်လှန်ရေး” တွင် ပါဝင်သည့်အတွက် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။
    နိုင်ငံတကာက မြန်မာအစိုးရအား ဖိအားပေးခြင်းကြောင့် အရှင်ဂမ္ဘီရမှာ ၂၀၁၂ ခုနှစ်တွင် လွတ်မြောက်လာသည်။ သို့ရာတွင် အရှက်ခွဲခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ ပြန်လည်လွတ်မြောက်ခြင်း စသဖြင့် သံသရာလည်ခဲ့ပြီး နောက်ဆုံးတွင် ၂၀၁၃ ခုနှစ်၌ တိုင်းပြည်အား စွန့်ခွာခဲ့ရသည်။ အကျဉ်းကျခံနေရစဉ်အတွင်း အရှင်ဂမ္ဘီရမှာ ဆိုးဆိုးရွားရွား နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ ဦးခေါင်းတွင် ပြင်းထန်သည့်ဒဏ်ရာများရခဲ့သည်။ ကျန်းမာရေးမှာလည်း တစ်ဖြည်းဖြည်း ဆိုးရွား၍ လာလေသည်။
    အရှင်ဂမ္ဘီရတစ်ယောက် ဘုန်းကြီးဖြစ်လာသည့် ခရီးမှာလည်း သူများနှင့်မတူ တစ်မူထူးခြား၏။ ကလေးဘ၀က အိမ်မှထွက်ပြေးခဲ့ပြီးနောက် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကာ ကလေး စစ်သားဖြစ်ခဲ့သည်။ စစ်မှုထမ်းနေစဉ် မိဘများက ပြန်တွေ့ခဲ့ပြီး စစ်ပြေးအဖြစ် ဖမ်းဆီးခြင်းမခံရန်နှင့် စစ်တပ်အတွင်းသို့ ပြန်မရောက်စေရန် အတွက် ဒေသတွင်းရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် အရှင်ဂမ္ဘီရအား ဘုန်းကြီး ၀တ်စေခဲ့သည်။ ထိုဆုံးဖြတ်ချက်က နောင် ၁၄ နှစ်အကြာတွင် ဖြစ်ပွားမည့် နိုင်ငံ၏ အရေးပါဆုံး ဆန္ဒပြမှုထဲမှ တစ်ခုတွင် ပဲ့ကိုင်ရှင် တစ်ယောက်အဖြစ် ပါဝင်ရန် အကြောင်းအရင်း တစ်ရပ်လည်း ဖြစ်စေခဲ့သည်။ ထိုအချိန်တွင် သက်တော် ၂၈ နှစ်အရွယ်သာ ရှိသေးည့် အရှင်ဂမ္ဘီရ တစ်ယောက် အာဏာရှင်အား ဆန့်ကျင်သူ တစ်ယောက်အဖြစ် လူငယ်ဘ၀ကို ဆုံးရှုံးလု နီးပါးပင် ဖြစ်ခဲ့လေသည်။
    အဆိုပါ လှုပ်ရှားမှုမှာ စနစ်တကျ စီစဉ်ထားသည့် အုံကြွမှုဖြစ်ရုံ သာမက သေသပ်တိကျစွာ စီစဉ်ထားသော မြေအောက် လှုပ်ရှားများထဲမှ တစ်ခုလည်းဖြစ်လေ၏။
    Ashin_Gambira_-_2014-07-24_15.56.17
    “၂၀၀၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီးကို ကျွန်တော်တို့ ဖွဲ့စည်းလာခဲ့တာပါ။ နှစ်ပေါင်း ၂၀ လောက် ကုန်ဈေးနှုန်းတွေက တစ်ရိပ်ရိပ်တက်ပြီး လူတွေ ကလည်း စိတ်ပျက်ခဲ့ကြပါတယ်။ လောင်စာနဲ့ ကုန်ပစ္စည်းဈေးတွေက အရမ်းကြီးလာပြီး ၀င်ငွေက အရမ်းနည်းလာပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နဲ့ အခြားအဖွဲ့တွေက ဆန္ဒပြလို့ မလွယ်ပါဘူး ဒါဟာ ပြဿနာဖြစ်တစ်ခု ဖြစ်လာခဲ့ပြီး ဒါ့ကြောင့် သံဃာတော်တွေက ပါဝင်လာတာပါ” ဟု ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပုံနှင့် ပတ်သက်၍ ပြောပြခဲ့လေသည်။
    အဆိုပါ ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ၎င်း၏ အခန်းကဏ္ဍကြောင့် အာဏာရှင်များက အရှင်ဂမ္ဘီရအား ကြမ်းကြမ်းတမ်းတမ်းပင် ကိုင်တွယ်ခဲ့ပြီး ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခဲ့လေသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် သံယာများမှာ လေးစားမှုကို ခံရသော်လည်း အရှင်ဂမ္ဘီရကို ဖမ်းဆီးသူများကတော့ ရက်စက်ခဲ့ကြသည်။
    “ထောင်ထဲမှာ သူတို့ဟာ ပုံစံ ၃ မျိုးနဲ့ နှိပ်စက်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဆေးဝါး အသုံးပြု နှိပ်စက်မှုတွေဖြစ်ပြီး သူတို့ ဆေးတွေလည်း ထိုးပေးပါတယ်။ ကျွန်တော်အိပ်နေတဲ့အချိန်မှာ သူတို့ အမြဲတမ်း နှောက်ယှက်ဖို့ကြိုးစားတယ်။ ကျွန်တော့်ထမင်းပန်းကန်ထဲမှာ သဲတွေထည့်တယ်။ ဒါပေမယ့် ကျွန်တော့်မိသားစုက အစားအသောက်တွေ ပို့တဲ့အတွက် အဲဒီထမင်းကိုတော့ ကျွန်တော် မစားပါဘူး။ ကျွန်တော်ကြောက်အောင်လို့ အသံသေးအသံကြောင်တွေ သူတို့လုပ်တယ်။ ပြီတော့ ကျွန်တော့်ကို ရိုက်နှက်ကြပါတယ်” ဟု ၎င်းက ထောင်တွင်းအတွေ့အကြုံကို ဖွင့်ဟခဲ့လေသည်။
    နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Amnesty International ထုတ်ပြန်သည့် အစီရင်ခံတွင် အရှင်ဂမ္ဘီရအား ကုလားထိုင်၌ ကြိုးတုတ်ထားပြီး ဦးခေါင်းကို အ၀တ်ဖြင့်အုပ်ကာ သစ်သားနံပါတ်တုတ်ဖြင့် ဦးခေါင်းအား ရိုက်နှက်ခဲ့ကြသည်ဟု ဖော်ပြထားသည်။ ၎င်း၏ လက်အား ကုလားထိုင်လက်တန်းဖြင့်တွဲ၍ လက်ထိပ်ခတ်ထားပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုလက်ထိပ်က လက်ကောက်ဝတ်ရှိ အသားများကို ပွန်းပဲ့ပြတ်ထွက်စေခဲ့သည်။ ရလဒ်အနေဖြင့် ၎င်း၏ လက်အား ထောင်ထဲမရောက်ခင်က အကောင်းပကိတိ ပုံစံအတိုင်း ပြန်လည်အသုံးပြုနိုင်အောင် အရှင်ဂမ္ဘီရ တစ်ယောက် ကြိုးစားကုသခဲ့ရလေသည်။
    ထိုးဆေးများနှင့်ပတ်သက်၍ ၎င်းက
    “ထောင်တွင်းဆရာဝန်က ကျွန်တော့်ကို ဆေးတစ်လုံး ထိုးလိုက်ရင် ကျွန်တော်စပြီး တုန်လာတာပါပဲ။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်နဲ့ ခြေထောက်တွေတုန်လာမယ်။ ပြီးတော့ ကျွန်တော် အော်တော့တာပါပဲ။ အဲဒီလိုမျိုး သုံးနာရီလောက် ထားပါတယ်။ ပြီးတော့ ဆရာဝန်ပြန်ရောက်လာပြီး အစောင့်က ကျွန်တော့်ခြေထောက်ကို ချုပ်ကာ ဆေးတစ်လုံး ထပ်ထိုး ပါတယ်။ အဲဒီတော့မှ တုန်တာတွေလျော့လာပါတယ်” ဟု သူကဆိုသည်။
    ၎င်း၏ကိုယ်ထဲသို့ ထိုးသွင်းသော အဆိုပါဆေးမှာ မည်သည့်ဆေးဖြစ်သည်ကို ယနေ့အချိန်အထိ အရှင်ဂမ္ဘီရတစ်ယောက် မသိခဲ့။
    နိုင်ငံတကာမှ ကျယ်ကျယ်လောင်လောင်ပြောဆိုမှုနှင့် ဖိအားပေးမှုတို့ပြီးနောက် ဖြစ်လာသော လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ အရှင်ဂမ္ဘီရမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာလေသည်။ ထို့နောက်ပိုင်းတွင် ၎င်းမှာ အကြိမ်ကြိမ်အခါအခါ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ် မတ်လတွင်တော့ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ခဲ့လေသည်။
    ၎င်းအနေဖြင့် မြန်မာပြည်မှ ထွက်ခွာသွားပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များအကြား တိုက်ခိုက်မှုများက ၎င်း၏ စိတ်တွင် ထင်ကျန်နေသည်။ အမျိုးသားရေးဝါဒ မြင့်တက်လာခြင်းနှင့်အတူ အဓိကရုဏ်းများတွင် အဏာရှင်များက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အာဏာရှင်အား အမြဲတမ်း သတိထားစောင့်ကြည့်ခဲ့သည့် အရှင်ဂမ္ဘီရ တစ်ယောက် ယုံကြည်နေလေသည်။
    “ငြိမ်းချမ်းရေးမရှိဘူးဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ဆိုတာ ခက်ခဲမှာပါ။ ဒီလိုနည်းလမ်းနဲ့ပဲ ဗိုလ်ချုပ်ကြီးတွေဟာ အာဏာကို ဆက်လက်ထိန်းချုပ်ထားတာပါ။ သူတို့ဟာ နိုင်ငံရေးအဖြေရှာမှုတွေကို စိတ်မ၀င်စားပါဘူး။ အစိုးရက ဒီအဖြစ်အပျက်တွေအားလုံးကို နောက်ကွယ်ကနေ ဖန်တီးနေတာပါ။ မိတ္ထီလာမှာဆိုရင် ၂၀၁၃ ခုနှစ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဒေသခံပြည်သူတွေ လုပ်တာမဟုတ်ဘဲ အခြားဒေသက လာတဲ့သူတွေ လုပ်တာပါ”
    အထူးသဖြင့် အရှင်ဂမ္ဘီရမှာ “ဗုဒ္ဓဘင်လာဒင်” ဟု ကျော်ကြားသည့် ၀ီရသူအား ပြစ်တင်ပြောဆိုခဲ့၏။ ၀ီရသူမှာ မွတ်စလင်များနှင့် ပတ်သက်၍ အမုန်းစကားများ၊ ကောလဟာလ များကို ဖြန့်ဝေကာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား တင်းမာမှုများဖြစ်အောင် လှုံ့ဆော်ပေးသူဟု အများက လက်ခံထားသူလည်း ဖြစ်၏။
    “သူ မွတ်စလင်တွေအကြောင်း ဟောပြီဆိုတာနဲ့ မကြာခင်မှာ အကြမ်းဖက်မှုတွေ စဖြစ်တာပါပဲ” ဟု အရှင်ဂမ္ဘီရက ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ ထောင်ထဲမှာတွေ့ကြတာပါ။ ၀ီရသူက မန္တလေးထောင်မှာပါ။ ကျွန်တော်ဟာ ထောင်ထဲမှာ တစ်ယောက်တည်းဖြစ်နေပြီး သူက အခြေအနေဘယ်လိုရှိလဲ လို့ စာပို့ပြီး မေးပါတယ်။ ကျွန်တော်လွတ်တဲ့အခါ သူနဲ့နောက်တစ်ကြိမ် ထပ်ဆုံပါတယ်။ အဲဒီတုန်းက မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ရန်တိုက်တာမျိုးမလုပ်ဖို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီလို လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်”
    ထိုသို့ပြောစဉ် ၀ီရသူ၏ တုံ့ပြန်မှုက အစိုးရနှင့် အခြေမကျသေးသည့် ဆက်ဆံရေးတစ်ခုရှိနေကြောင်း ၀န်ခံသကဲ့သို့ ဖြစ်နေသည်ဟု အရှင်ဂမ္ဘီရက ထပ်လောင်းပြောကြားခဲ့၏။
    wiratu-and-aung-toung2
    “ကျွန်တော်နဲ့ ၀ီရသူတို့ မတွေ့ခင်တုန်းက သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ယခုအချိန်အထိ နောက်ကွယ်မှ အာဏာကို ဆုပ်ကိုင်ထားသည်ဟု ယုံကြည်ရသူ)ရဲ့ အနီးကပ်အကြံပေး ဦးအောင်သောင်းနဲ့ တွေ့ခဲ့ပြီးပါပြီ။ ကျွန်တော်နဲ့ စကားပြောတုန်း သူက ဒီလိုပြဿနာမျိုးတွေ အနာဂတ်မှာ မဖန်တီးတော့ဘူးလို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါပေမယ့် သူက ဦးအောင်သောင်းကို လွန်ဆန်လို့မရဘူးလို့လည်း ဆိုပါတယ်။ တကယ်လို့ ဦးအောင်သောင်းကို ဖီဆန်မယ်ဆိုရင် ထောင်ထဲနောက် တစ်ခါရောက်သွားမှာကို ၀ီရသူက စိုးရိမ်နေပါတယ်။ ဒါဟာ(လူမျိုးရေးတင်းမာမှုတွေကို) ၀ီရသူဖန်တီးတဲ့ အကြောင်းအရင်းပါပဲ” ဟု ဆိုလေသည်။
    အရှင်ဂမ္ဘီရ၏ ထိုပြောဆိုမှုသည်သာ မှန်ကန်ခဲ့မည်ဆိုလျှင် ဗုဒ္ဓဘင်လာဒင် ၀ီရသူအနေဖြင့် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ဆူပူလှုပ်ရှားမှုများဖန်တီးရန် အစိုးရ၏ ဖိအားပေးမှု ခံထားရမှုကို ၀န်ခံခြင်းပင် ဖြစ်လေ၏။ ရခိုင်အရေးအခင်းမဖြစ်မီ ၂၀၁၂ ခုနှစ် ဧပြီလ၌ ၀ီရသူနှင့် ဦးအောင်သောင်းတို့ တွေ့ဆုံပြီးနောက် ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးနှင့်ပတ်သက်၍ ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ၀ီရသူအား ဆက်သွယ်မေးမြန်းရာတွင်တော့ ၎င်းတို့နှစ်ဦးမှာ မတွေ့ဆုံခဲ့ဟု ပြတ်ပြတ်သားသားပင် ငြင်းခဲ့လေသည်။
    ပြီးခဲ့သည့်လတွင် အမေရိကန်က ဦးအောင်သောင်းအား အမည်ပျက်စာရင်း သွင်းခဲ့ပြီး ပိတ်ဆို့မှုများ ပြုလုပ်လိုက်ပြီဟု ကြေညာခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဌာန၏ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးမှ ထုတ်ပြန်သောကြေညာချက်တွင် “မြန်မာနိုင်ငံရှိ အပြုသဘောဆောင်သော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အခြေပျက်စေရန် ဦးအောင်သောင်းမှာ တင်မင်တကာရည်ရွယ်၍ အကြမ်းဖက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုနှင့် ချစားမှုများကို ဆက်လက်တည်တံ့စေသည်” ဟု ဖော်ပြထားသည်။
    သေဆုံးသူအရေအတွက်ကို အတိအကျ မသိရှိရဘဲ လူပေါင်း ၁၄၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ ပိတ်လှောင်ထားသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင်များနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များအကြား ဆူပူအုံကြွှမှုများဖြစ်ခဲ့သော ရခိုင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ထိုအဖြစ်အပျက်၏ နောက်ကွယ်တွင်လည်း တူညီသော ကြိုးကိုင်သူ ရှိသည်ဟု အရှင်ဂမ္ဘီရက ယူဆနေသည်။
    “ဟုတ်ပါတယ်။ ဗိုလ်ချုပ်တွေရဲ့ အာဏာကြောင့်ပါပဲ။ ရခိုင်မှာဆိုရင် သဘာဝဓာတ်ငွေ့သိုက်တွေ အများကြီးရှိတယ်။ ပြီးတော့ သူတို့က ဒါတွေကို ထိန်းချုပ်ထားချင်ကြတယ်လေ။ အကြမ်းဖက်မှုကို စတင်စေတဲ့ ပြဿနာက သေးသေးလေးပါ။ ဒါပေမယ့် သူတို့က စစ်ပွဲကြီးအသွင် ပြောင်းလဲလိုက်ကြတယ်။ အမျိုသမီးငယ်(မသီတာထွေး)ကို မုဒိမ်းကျင့်သူတွေကို သူတို့ ဖမ်းဆီးနိုင်ခဲ့ပြီးပါပြီ”
    အာဏာပိုင်များမှာ မသီတာထွေးအား သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူများကို အမှန်တစ်ကယ်ပင် ဖမ်းဆီးခဲ့သည်။ ထို့ပြင် ထိုအာဏာပိုင်များမှာ ရိုဟင်ဂျာမွတ်စလင်များအား ဦးတည်သည့် အကြမ်းဖက်မှုများကို ခွင့်ပြုခြင်း၊ ဆွပေးခြင်းနှင့် အချို့နေရာများတွင် ပါဝင်ခြင်းတို့ ရှိခဲ့သည်ဟု စွပ်စွဲခံထားရလေသည်။
    နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်တို့အကြား တိုက်ခိုက်မှုများမှာ လျော့ပါးသွားမည့် လက္ခဏာမရှိဘဲ ပြီးခဲ့သည့် နွေရာသီက မန္တလေးမြို့တွင်ပင် ထိုကဲ့သို့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ ရင်ကြားစေ့ရေးအတွက် မျှော်လင့်ချက်ရှိသလားဟု မေးမြန်းရာတွင် အရှင်ဂမ္ဘီရက
    “ရှိပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုက လူတွေဟာ ပညာ မတတ်တာကြောင့် မစဉ်းစား မတွေးခေါ်နိုင်ပါဘူး။ လူတွေဟာ သူတို့ရဲ့ ခေါင်းဆောင်ပြောတာကိုဘဲ နားထောင်ကြပါတယ်။ အကြမ်းဖက်မှု အဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံက ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့ ရင်ကြားစေ့ရေး အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ကိုလည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း ဒီလိုလုပ်ဆောင်မှုကို ဆန့်ကျင်တဲ့ မွတ်စလင်ဆန့်ကျင်ရေး အုပ်စုတွေလည်း ရှိနေပါတယ်။ ဥပမာ မ.ဘ.သ လို အဖွဲ့မျိုးပေါ့ဗျာ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    အရှင်ဂမ္ဘီရမှာ နှလုံးသား၏ ဆွဲဆောင်မှုကြောင့် ဖြစ်လာသည့် သူပုန်မျိုး ဖြစ်လေ၏။ ရိုက်နှက်ခြင်းကို ကြောင့်ရွံ့မည့်သူ မဟုတ်သလို၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းကြောင့် ဒူးထောက်မည့် သူမျိုးလည်းမဟုတ်။ မြန်မာနိုင်ငံသားအားလုံးအတွက် တရားမျှတမှုကိုရှာဖွေရန် သူ၏ မဆုတ်မနစ်သော ကြံ့ကြံ့ခံနိုင်မှုက အာဏာရှင်များ သူကိုကြောက်ရွံ့သည့် အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။ အရှင်ဂမ္ဘီရ၏ အဆိုအရ ထိုအကြောင်းကြောင့်ပင် ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် လာရောက်မည်ကို အစိုးရက ကြောက်ရွံ့သည်ဟု ဆိုလေသည်။
    “သူတို့ကြောက်ကြတယ်လေ။ လူတွေက ကျွန်တော့်ကိုထောက်ခံတုန်းပဲဆိုတာ သူတို့သိတယ်။ အစိုးရက ကျွန်တော့်ကို စောင့်ကြည့်နေတုန်းပဲ။ ကျွန်တော်နေခဲ့တဲ့အိမ်ကို ၁၅ မိနစ်တစ်ခါ ရဲတွေက ကင်းလှည့်ကြည့်ရှုကြတယ်။ ကျွန်တော်ထိုင်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာလည်း သူတို့ စောင့်နေကြတယ်။ ကျွန်တော် ပြန်လာမလားလို့ပေါ့”
    အရှင်ဂမ္ဘီရတစ်ယောက် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်မည်ဆိုလျှင်တော့ မြန်မာပြည်သူများက ကျေးဇူးတင်ကြပေလိမ့်မည်။
    VICE Media တွင်ဖော်ပြခဲ့သည့် “Myanmar’s Exiled Rebel Monk Reckons He’s Still Dangerous ” ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
  • မက်ဆီ ဘာစီလိုနာမှ ထွက်ခွါတော့မှာလား
    မက်ဆီ ဘာစီလိုနာမှ ထွက်ခွါတော့မှာလား
    နိုဝင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    568921_heroa
    – မိမိအနေဖြင့် ဘာကာနှင့် ဆုဖလားများရရှိအောင် အာရုံစိုက်ထားသော်လည်း အသင်းတွင် ကြာရှည်ရှိနေရန်မှာ မသေချာဟု အသင်း၏ အာဂျင်တိုင်းတိုက်စစ်မှူး လီယွန်နယ် မက်ဆီက ပြောကြားလိုက်သည်။
    ဘာစီလိုနာနှင့် အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သည့် မက်ဆီမှာ ဘာကာတွင်သာ ပျော်ရွှင်နေပြီး မိမိ၏ကစားသမား နောက်ဆုံးပိုင်းတွင် ကလေးဘ၀က ကစားခဲ့သည့် အာဂျင်တိုင်းကလပ် Nweell အသင်းသို့ ပြောင်းရွှေ့မည်ဟု ယခင်က ပြောကြားခဲ့သည်။
    သို့သော်လည်း ယမန်နှစ်မှ စတင်ကာ ဒဏ်ရာပြဿနာများ၊ အခွန်ရှောင်သည့် ပြဿနာများ၊ ကွင်းအတွင်း ခြေစွမ်းမပြနိုင်မှုများ စသည်ဖြင့် မက်ဆီမှာ ရုန်းကန်ခဲ့ရသည်။
    “ကျွန်တော်ဟာ လက်ရှိအချိန်မှာ ရှင်သန်နေတာပါ။ ဘာစီလိုနာမှာ ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ဖို့နဲ့ ကျွန်တော်တို့လိုချင်တာတွေကို ဘာစီလိုနာနဲ့ ရယူနိုင်ဖို့အတွက် ကျွန်တော် တွေးတောနေပါတယ်။ တစ်ခြားဘာမှ မရှိပါဘူး။ နောက်ပိုင်းဆိုတာကတော့ ကျွန်တော်ကြည့်ရမှာပါ။ ဘောလုံးလောကမှာ အလှည့်အပြောင်းတွေ များပါတယ်။ ဘာကာမှာပဲ အမြဲတမ်းနေမယ်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအရာတွေက ကျွန်တော်တို့ဖြစ်ချင်သလို ဖြစ်လာတာ မဟုတ်ပါဘူး” ဟု Ole အားကစားသတင်းစာနှင့် အင်တာဗျူးတွင် မက်ဆီက ပြောကြားခဲ့သည်။
    အကယ်၍ အသင်းမှထွက်ခွာပါက ကိုယ်ပိုယ်ဆုံးဖြတ်မှုဖြစ်မည်လား သို့မဟုတ် အသင်းမှရွေးချယ်ခြင်း ဖြစ်မည်လားဟု မေးမြန်းခဲ့ရာ မက်ဆီက မိမိ၏ဆန္ဒဖြင့်ဆိုလျှင် အသင်း၌ အမြဲတမ်းရှိနေမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
    အသင်းဥက္ကဌ ဆန်ဒရို ရိုဆဲလ် ဇန်န၀ါရီလက ထွက်ခွာသွားခဲ့ခြင်း၊ နေးမာအား ခေါ်ယူမှုနှင့် ပတ်သက်၍ အရှုပ်အထွေးများရှိနေခြင်း၊ လာလီဂါတွင် ရှုံးပွဲများ ဆက်တိုက်ကြုံတွေ့ခဲ့ရခြင်း စသည်တို့ကြောင့် ဘာစီလိုနာမှာ ယခုလက်ရှိတွင် ဝေဖန်မှုအများအပြားနှင့် ရင်ဆိုင်နေရသည်။
  • အင်္ဂလန်မှ ခရစ်ယာန်ဘာသာရေး စည်းဝေးပွဲတွင် မွတ်စလင် ဓမ္မပညာရှင် တစ်ဦး ပထမဆုံး မိန့်ခွန်းပြော
    အင်္ဂလန်မှ ခရစ်ယာန်ဘာသာရေး စည်းဝေးပွဲတွင် မွတ်စလင် ဓမ္မပညာရှင် တစ်ဦး ပထမဆုံး မိန့်ခွန်းပြော
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    18-11-14_Muslim-Addresses-Church-of-England-Synod
    – အီရတ်နှင့် ဆီးရီးယားတွင် ထိခိုက်ခံစားနေရသော လူနည်းစု ခရစ်ယာန်များ အတွက် မိမိတို့က စာနာသနားမိပြီး၊ အစွန်းရောက်များမှာ မိုက်ရူးရဲများဖြစ်သည်ဟု အင်္ဂလန်အသင်းတော် (Church of England) က ပြုလုပ်ခဲ့သည့် ခရစ်ယာန် ဘာသာရေးဆိုင်ရာ စည်းဝေးပွဲ General Synod တွင် အစ္စလာမ် ဓမ္မပညာရှင် ဖူအက်နဟ်ဒီက ပြောကြားလိုက်သည်။
    အောက်တိုဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါအစည်းဝေး၌ မိန့်ခွန်းပြောစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး မိန့်ခွန်းမပြောမီ နဟ်ဒီမှာ ကုရ်ကျမ်းတော်မြတ်၏ ပါဒတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ကာ တက်ရောက်လာကြသူများကို “အတ်စလားမုအလိုက်ကွမ်း” (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ဟု နှုတ်ခွန်းဆက်သခဲ့သည်။
    “အီရတ်နဲ့ ဆီးရီးယားက ခရစ်ယာန်တွေကို ညှင်းပန်းနှိပ်စက်တာမျိုးဟာ စက်ဆုပ်စရာဖြစ်ပြီး လူသားစစ်စစ်တွေ အတွက် လက်မခံနိုင်စရာပါပဲ။ ဒါပေမယ့် ဒီအစွန်းရောက်တွေကို အပြင်းထန်ဆုံး တိုက်ခိုက်နေတာဟာလည်း မွတ်စလင်တွေပဲဆိုတာ မမေ့သင့်ပါဘူး” ဟု ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ငန်းများကို ဆောင်ရွက်နေ သည့် မွတ်စလင် တတ်သိပညာရှင်များ ပါဝင်သော Radical Middle Way အဖွဲ့၏ အကြီးအကဲ ဖူအဒ် နဟ်ဒီက ဆိုသည်။
    အင်္ဂလန်အသင်းတော်၏ General Synod တွင် အစ္စလာမ်ဓမ္မပညာရှင် တစ်ဦးမှ တက်ရောက် မိန့်ခွန်းပြောကြားခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ပြီး အီရတ်နှင့် ဆီးရီးယားတို့မှ ခရစ်ယာန် လူနည်းစုများနှင့် ပတ်သက်၍လည်း နဟ်ဒီမှာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးနှင့် ဆွေးနွေးခဲ့ကြသည်။
    နဟ်ဒီမှာ အီရတ်နှင့် ဆီးရီးယားမှ အစွန်းရောက်များအား မိုက်ရူးရဲများဟု ကင်ပွန်းတပ်ခဲ့ပြီး ခရစ်ယာန်အများ အပေါ် ခွဲခြားဆက်ဆံမှုများကိုလည်း ကန့်ကွက်ရှုတ်ချခဲ့သည်။ ထို့ပြင် ထိုအယူအဆများကို လက်မခံသည့် မွတ်စလင်အများအပြားမှာလည်း အစွန်းရောက်များ၏ လုပ်ရပ်များကို ခံစားနေရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ လူထောင်ပေါင်းများစွာဟာ သေကြေပျက်ဆီးခဲ့ရပါတယ်။ တကယ်လို့များ ကျွန်တော်တို့ဟာ မသိချင်ယောင်ထပ်ဆောင်နေမယ် ဆိုရင်တော့ လူတွေ ထပ်သေကြဦးမှာပါ” ဟု ၎င်းက ဆိုသည်။
    ထို့ပြင် မိုင်ပေါင်းများစွာဝေးကွာသော ဒေသများတွင်ဖြစ်ပွားသည့် အစွန်းရောက်များ၏ လုပ်ရပ်များနှင့် ပတ်သက်မှုမရှိသော ဗြိတိန်မွတ်စလင်များမှာလည်း ဝေဖန်မှုများကို တိုးမြှင့် ခံစားနေရသည်ဟု ၎င်းက ထောက်ပြခဲ့သည်။
    “ကျွန်တော်တို့အပေါ် ရောက်ရှိနေတဲ့ဖိအားကတော့ နှိုင်းယှဉ်တန်းညှိလို့မရတဲ့ ကိစ္စတွေကို နှိုင်းယှဉ်တန်းညှိဖို့ ကြိုးစားနေကြတာပါပဲ” ဟု ၎င်းက ဆိုသည်။
    နောက်ဆုံးအနေဖြင့် နဟ်ဒီက မိမိ၏ မိန့်ခွန်းက မိမိတို့အယူဝါဒနှစ်ခုအကြားရှိ ဆက်ဆံရေးကို ခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
    “အခုလို ခရစ်ယာန် ဘာသာရေးဆိုင်ရာ စည်းဝေးပွဲမှာ ပထမဆုံးအကြိမ် ကျွန်တော် မိန့်ခွန်းပြောရခြင်းက ဒီအယူဝါဒနှစ်ခုမှ နောက်လိုက်တွေဟာ မဟာမိတ်တွေ ဖြစ်နိုင်တယ်ဆိုတာကို ပြသနေတာပါပဲ”
    အင်္ဂလန်အသင်းတော် (Church of England) မှာ ကမ္ဘာလုံးဆိုင်ရာ အင်္ဂလိကန်အသင်းတော်၏ မိခင်အသင်းတော်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၆၅ နိုင်ငံတွင် အသင်းဝင်ဦးရေ သန်း ၈၀ ခန့် ရှိသည်။
    လူနည်းစုခရစ်ယာန်များအပေါ် ISIL ၏ ကျူးလွန်မှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ၊ မွတ်စလင်အသင်းအဖွဲ့များက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး အီရတ်နှင့် ဆီးရီးယားရှိ မွတ်စလင်လူထုကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ခရစ်ယာန်များအား ကယ်ဆယ်ထောက်ပံ့မှုများ ပြုလုပ်ထားသည်။
    စက်တင်ဘာအစောပိုင်းက စွန်နီကမ္ဘာတွင် အကြီးဆုံးကျောင်းတော်ဖြစ်သည့် Al-Azhar မှ ရှေ့ဆောင်ဆရာတော် ရှိခ် အဟ်မဒ် အလ်-တိုင်ယဘ်က ISIL အား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ မက္ကာမြို့ရှိ ကအ်ဗာကျောင်းတော်၏ ရှေ့ဆောင်ဆရာတော် ရှိခ် အဘ်ဒူလ် အဇစ် အလ်-ရှိခ်ကလည်း ISIL မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ref_ OnIslam & News Agencies
  • ဟောင်ကောင် ဆန္ဒပြသူများ ဥပဒေပြုလွှတ်တော် အဆောက်အအုံသို့ ၀င်စီး
    ဟောင်ကောင် ဆန္ဒပြသူများ ဥပဒေပြုလွှတ်တော် အဆောက်အအုံသို့ ၀င်စီး
    နိုဝင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    2014111901830618734_20
    – သီတင်းပတ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင်ရှိ ဒီမိုကရေစီ အရေး ဆန္ဒပြသူ အုပ်စုတစ်ခုမှာ ဥပဒေပြုလွှတ်တော် အတွင်းသို့ ယနေ့နံနက်ပိုင်းက ဖျက်ဆီးဝင်ရောက်ခဲ့သည်ဟု သိရသည်။
    ဆန္ဒပြသူများက ၂ လကျော်ကြာသိမ်းပိုက်ထားသော မြို့လယ်ကောင်နေရာအား တရားရုံး ၀န်ထမ်းများက ရှင်းလင်းရန် စီစဉ်ပြီး နာရီ အနည်းငယ်အကြာတွင် ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆန္ဒပြသူများမှာ အတားအဆီးများပြုလုပ်ထားသည့် သံတိုင်များနှင့် ကွန်ကရစ်တုံးများဖြင့် ဥပဒေပြုလွှတ်တော်၏ ဘေးတံခါးပေါက်ကို ဖျက်ဆီးကာ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး အထဲတွင် နေရာယူထားကြသည်။
    ၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးအား ဟောင်ကောင်ပြည်သူများက ရွေးချယ်ခွင့်ရရေးအတွက် ဆန္ဒပြမှုများတွင် အစိုးရအဆောက်အဦးများအား တိုက်ခိုက်ခြင်းမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ငြိမ်သက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
    အဓိကရုဏ်းနှိမ်နင်းရေး ၀တ်စုံအပြည့်ဖြင့် ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့် စောင့်ကြပ်နေသည့် အစိုးရအုပ်ချုပ်ရေး အဆောက်အဦးသို့လည်း ဆန္ဒပြသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကာ ရဲတပ်ဖွဲ့ဝင်များအား အော်ဟစ်ခဲ့ကြသည်။
    Agencies