News @ M-Media

Blog

  • အာဆင်နယ် ကွင်းလယ်လူအိုဇေးလ် Laureus Sport For Good ဆု ရရှိ

    အာဆင်နယ် ကွင်းလယ်လူအိုဇေးလ် Laureus Sport For Good ဆု ရရှိ

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    1415873301952_Image_galleryImage_Mandatory_Credit_Photo_by
    – ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ကွင်းလယ်လူ မီဆုအိုဇေးလ်မှာ နွမ်းပါးသူများအား ကူညီမှုအတွက် အားကစားသမားများကို ပေးအပ်ချီးမြှင့်သည့် Laureus Sport For Good ဆုအား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အိုဇေးလ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရရှိသည့် ဘောနပ်စ်များကို ခွဲစိတ်ကုသရန် လိုအနေသည့် ဘရာဇီးကလေးငယ် ၂၃ ဦးအတွက် လှူဒါန်းခဲ့သောကြောင့် အဆိုပါဆုအား ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခွဲစိတ်ကုသမှု အားလုံးမှာလည်း အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

    ဆုပေးပွဲအခမ်းအနားကို ဘာလင်တွင် နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အိုဇေးလ်ကမူ အဆိုပါဆုအား မိမိ၏အိမ်တွင် အထူးနေရာ ချထားမည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့အသင်းမှာ ကစားသမား ၂၃ ယောက်ရှိတာမို့ ကလေး ၂၃ ယောက်အတွက် လှူဒါန်းဖို့ စိတ်ကူးရခဲ့တာပါ။ ခွဲစိတ်မှု အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး ဆရာဝန်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကလေးတွေအားလုံး အဆင်ပြေသွားတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီဆုကို ကျွန်တော့်ရဲ့အိမ်မှာ အထူးနေရာ ပေးထားမှာပါ။ ဒီဆုအတွက် ကျေးဇူးတင်ပါတယ်” ဟု ဆုပေးပွဲအခမ်းအနားတွင် အိုဇေးလ်က ပြောကြားခဲ့သည်။

    အိုဇေးလ်နှင့်အတူ ယခင်အာဆင်နယ်ကစားသမားဟောင်း လေးမန်းကလည်း ၎င်း၏ ကျော်ကြားမှုအတွက် Laureus Media ဆုကို ရရှိခဲ့သည်။

    အိုဇေးလ်ကမူ မိမိအနေဖြင့် မသန်စွမ်းသော ကလေးများအတွက် အကူအညီပေးရေး စီမံကိန်းများကိုလည်း စတင်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

    ref_ Daily Mail

  • ကြွယ်ဝမှုကို Instagram ပေါ် တင်ကြွားတဲ့ အမေရိကန် ဘောက်ဆာသမား မေ၀ယ်သာ

    ကြွယ်ဝမှုကို Instagram ပေါ် တင်ကြွားတဲ့ အမေရိကန် ဘောက်ဆာသမား မေ၀ယ်သာ

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    1415193325861_wps_8_image001_png
    – ကမ္ဘာပေါ်မှာရှိတဲ့ အားကစားသမားတွေထဲမှာ ၀င်ငွေအကောင်းဆုံးဖြစ်တဲ့ အမေရိကန်ဘောက်ဆာသမား ဖလွိုဒ်မေ၀ယ်သာတစ်ယောက် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ပတ်သက်ပြီး Instagram စာမျက်နှာမှာ ဗီဒီယိုတစ်ခုတင်ပြီး ကြွားဝါလိုက်ပါတယ်။

    ဗီဒီယိုအတိုလေးတစ်ခုဖြစ်ပြီး ဒေါ်လာ ၁၀၀ တန်အုပ်လိုက် ဖြန့်ချထားတဲ့ စားပွဲခုံအနောက်မှာ ဖုန်းကို ကိုင်တွယ်အသုံးပြုနေတဲ့ မေ၀ယ်သာရဲ့ ပုံကို ရိုက်ကူးထားတာပါ။ သူဆောင်းထားတဲ့ အနက်ရောင် ဦးထုတ်မှာလည်း $1M ဆိုပြီး သူ့ရဲ့ ကြွယ်ဝမှုကို ဖော်ကျူးထားပါသေးတယ်။

    အားကစား မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes ရဲ့ စစ်တမ်းအရတော့ မေ၀ယ်သာဟာ လက်ရှိ ကမ္ဘာပေါ်မှာ ၀င်ငွေအများဆုံးရတဲ့ အားကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်က ၀င်ငွေဟာ ပေါ ၆၆ သန်းတောင်ရှိပါသတဲ့။ ဒီပမာဏဟာ မေ၀ဲသာအနေနဲ့ ၂ ပွဲထိုးပြီး အနိုင်ရခဲ့ရကာ ရရှိခဲ့တဲ့ ၀င်ငွေဖြစ်ပြီး ကြော်ငြာကနေ ရတဲ့ဝင်ငွေ မပါပါဘူး။

    မေ၀ယ်သာဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကို ပြီးခဲ့တဲ့ လနည်းငယ်ကလည်း ပြသခဲ့ဖူးပါတယ်။ အဲဒါကတော့ သူရဲ့ အိပ်ရာပေါ်မှာ ဒေါ်လာ ၁၀၀ တန်အုပ်တွေ အများကြီး တင်ထားတဲ့ပုံကို သူ့ရဲ့ Instagram မှာ တင်ခဲ့တာပါပဲ။

    ရှုံးပွဲမရှိသေးတဲ့ မေ၀ယ်သာရဲ့နောက် ဒုတိယ၀င်ငွေအကောင်းဆုံး အားကစားသမားကတော့ ရီးယဲလ်မက်ဒရစ်က ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဖြစ်ပြီး စုစုပေါင်း တစ်နှစ်ဝင်ငွေ ပေါင် ၅၀.၃၆ သန်းရှိပါတယ်။ သူ့နောက်မှာတော့ ဘက်စကတ်ဘောကစားသမား လီဘရွန်ဂျိမ်းစ်၊ ဘာစီလိုနာက လီယွန်နယ် မက်ဆီတို့ အသီးသီးရှိနေကြပါတယ်။

    ref_Daily Mail

  • MH 17 ကို ယူကရိန်း တိုက်လေယာဉ်က ပစ်ချခဲ့တာလား?

    MH 17 ကို ယူကရိန်း တိုက်လေယာဉ်က ပစ်ချခဲ့တာလား?

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    mh17shotdownlogo2014new
    – ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ယူကရိန်းပိုင်နက်မှာ ပျက်ကျသွားခဲ့တဲ့ မလေးရှားခရီးသည်တင် လေယာဉ် MH 17 ဟာ ယူကရိန်း တိုက်လေယာဉ်တစ်စင်းရဲ့ ဒုံးကျည်နဲ့ ပစ်ခံမှုကို ခံခဲ့ရတယ်လို့ ယူဆရမယ့် ဂြိုဟ်တု ဓာတ်ပုံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

    အဲဒီ ဂြိုဟ်တုဓာတ်ပုံကို ရုရှားနိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယူကရိန်းက သူပုန်တွေရဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်ကြောင့် MH 17 ပျက်ကျသွားတာမဟုတ်ဘဲ ယူကရိန်း တိုက်လေယာဉ်ရဲ့ ဒုံးကျည်နဲ့ ပစ်ချခဲ့တာကြောင့် ပျက်ကျခဲ့တဲ့ အထောက်အထားအဖြစ် ဒီဓာတ်ပုံကို ဖော်ပြခဲ့တာပါ။

    ဗြိတိန် ဒါမှမဟုတ် အမေရိကန်ဂြိုဟ်တုက ရိုက်ထားတယ်လို့ ယူဆရတဲ့ အဲဒီဓာတ်ပုံဟာ လျှို့ဝှက် ပေါက်ကြားလာတာဖြစ်ပြီး တိုက်လေယာဉ်တစ်စီးက MH 17 ရဲ့ ခါးလည်ကို ဒုံးကျည်နဲ့ ပစ်ခတ်နေတဲ့ ပုံဖြစ်ပါတယ်။

    သတင်းကြေညာသူကတော့ ဒီဓာတ်ပုံကို အမည်မဖော်နိုင်တဲ့ သတင်းရင်းမြစ်တစ်ခုကနေ “Mig 29 တိုက်လေယာဉ်က ဘိုးအင်း ခရီးသည်တင်လေယာဉ်ကို ဖျက်ဆီးပုံ” ဆိုတဲ့ အမည်နဲ့ ရရှိခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    ခရီးသည် ၂၉၈ ဦး သေဆုံးခဲ့တဲ့အဆိုပါ လေယာဉ်ပျက်ကျမှုဟာ ယူကရိန်းက ခွဲထွက်ရေးသမားတွေကို ရုရှားက ပေးထားတဲ့ မြေပြင်က ဝေဟင်ပစ် BUK ဒုံးကျည်ကြောင့်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပြောကြားထားပြီး ရုရှားကတော့ ပျက်ကျချိန်မှာ MH 17 လေယာဉ်အနီး အမည်မသိလေယာဉ်တစ်စင်းကို တွေ့ရှိခဲ့ရတယ်လို့ ယခင်ကတည်းက ပြောကြားခဲ့ပါတယ်။

    အခုနောက်ဆုံး ရုရှားမီဒီယာတွေက ဖော်ပြခဲ့တဲ့ ဒီဂြိုဟ်တုဓာတ်ပုံနဲ့ ပတ်သက်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ဘာမှတုန့်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

    ref_ Mirror

  • ဦးဂျာရစ်ကို    မေးလို့ဖြေ

    ဦးဂျာရစ်ကို မေးလို့ဖြေ

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    ProfessorWhatnot
    မေး။    ။ ဦးဂျာရစ် ရေ အခုတစ်လောကြားနေရတဲ့ သတင်းတွေက စိတ်ထိခိုက်စရာတွေ ချည်းပဲနော်။ ဘာတဲ့ သာသနာရေး ဝန်ကြီးဦးဆန်းဆင့်ကို လာဒ်စားမှု၊ အလွဲသုံးစားမှု ပုဒ်မတွေတပ်ပြီး ထောင် (၁၃) နှစ်ချလိုက်ပြီဆိုတဲ့ သတင်း၊ သတင်းထောက်ကိုပါကြီး အသတ်ခံရတဲ့သတင်း၊ မီဒီယာသမားတွေကို ထောင်ချလိုက်ပြန်တဲ့သတင်း၊ အိုကွယ် အနိဌာရုံသတင်းတွေချည်းပဲ။ ကိုယ့်လူမျိုးကိုယ့်နိုင်ငံသား အချင်းချင်းတွေကြတော့ မညှာမတာကွယ် သူ့ပြည်မှာမွေးပြီး ကိုယ့်ပြည်မှာ လုပ်ချင်တာတွေ အကုန်ဖြစ်နေကြတဲ့သူတွေကိုတော့ ဘယ်တရားမှ မစီရင်ပါလားကွယ်တို့ရယ်။
    တောကမိဂျမ်းစိန်

    ဖြေ။    ။ ဒါကဒီလိုရှိတယ် တောကမိဂျမ်းစိန်ရယ် ဥပဒေဆိုတာ ကျောသား ရင်သားမခွဲခြားဘူးဆိုတာ သက်သေပြတဲ့သဘောပါ။ မြန်မာလူမျိုးတွေ ဆိုတော့ မြန်မာစကားပုံတွေအတိုင်း ကျင့်သုံးကြတာပါ။ မိဂျမ်းစိန်ကြားဖူးတယ်မလား။ “ဆန်ရင်းနာနာဖွတ်” ဆိုတဲ့စကားပုံ၊ “အိမ်ကြက်ချင်း အိုးမဲသုတ်” တို့၊ “အမေကျော်ဒွေးတော်လွမ်း” တို့ဆိုတာမျိုးတွေပေါ့။ အဲ…အဲ ခုတစ်လောတောင် စကားပုံအသစ်တစ်ခုထွက်နေဆိုပဲ။ မိဂျမ်းစိန်ကြားမိသေးလားဘာတဲ့… “အဖေ ပါပါးလို့သာခေါ် မြေပေါ်မြေအောက်လို သလိုအပြီးရောက်မယ်” …တဲ့။ မကြားဖူးသေးရင်မှတ်ထားနော်။

    မေး။    ။ ဦးဦးဂျာရစ်ရေ အားကစား သတင်းတွေကြားရ၊ ဖတ်ရတာသိပ်ကိုဂုဏ်ယူစရာပဲဗျာ။ ခုဆိုရင် ကမ္ဘာမှာမြန်မာဟေ့လို့ လက်မထောင်နိုင်အောင် ကြိုးစားခဲ့ကြတဲ့ဘောလုံးသမား လူငယ်လေးတွေ၊ လက်ဝှေ့သမား လူငယ်တွေ၊ အားကစားနဲ့ ပတ်သက်ပြီး လူငယ်တွေတော်တော်ထူးချွန်နေကြပြီးနော်။ ဒါပေမယ့် ကျနော်တစ်ခုဘဝင်မကျဘူးဗျ။ ဘာလဲဆိုတော့ စီးပွားရေးနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဘက်မှာ လူငယ်တွေနေရာမရကြတာ ဘာကြောင့်လဲ။
    မောင်စူးစမ်း- ဒလ

    ဖြေ။    ။ အော်… မောင့်ရင့်နှယ် အတွေးကလဲခေါင်ရန်ကောကွယ် လူငယ်တွေပါဆိုမှ လူကြီးမှ မဟုတ်တာ။ စီးပွားရေးတို့ နိုင်ငံရေးတို့ဆိုတာ လူကြီးအလုပ်… လူကြီးအလုပ်။

    မေး။    ။  ဦးရေ ကြားပြီးပြီလား။ တောင်အာဖရိက လက်ရွေးစင်ဂိုးသမားဆန်ဇိုမီယီဝါကို သေနတ်နဲ့ ပစ်သတ်သွားတဲ့သတင်းလေးဘာတဲ့။ သူတို့နိုင်ငံကရဲတွေများ ပြည်သူတွေကို ဂရုစိုက်ပုံပြောပါတယ်။ တရားခံကို သတင်းပေးနိုင်ခဲ့ရင် ဒေါ်လာ (၁၄၀၀၀) ကြီးများတောင်ချီးမြှင့်ဦးမယ်တဲ့။ ကျုပ်တို့နိုင်ငံမှာတော့ ဘယ်သူ့ကို ဘယ်သူကပဲသတ်သတ်၊ ဘယ်သူကဘယ်သူ့ကိုပဲ ရိုက်ရိုက်၊ ဘယ် ကလေးသူငယ်ကို ဘယ်သူကပဲ မတရားကျင့်ပြီးသတ်သတ်၊ ဘယ်သူတွေက ဘယ်လိုပဲမတရားမှုတွေလုပ်ပြီး ဘယ်လိုပဲ ရက်စက်ရက်စက်။ ဘယ်သူတွေကမှ ထိထိရောက်ရောက် အရေးမယူဘူး။ အဲဒါဘယ်လိုကြောင့်လဲဟင်။
    မီးငယ်- စဥ့်ကူ

    ဖြေ။    ။ မီးငယ်ရယ် အပြီးစလွယ်ဖြေတယ်လို့တော့ မထင်ပါနဲ့နော်။ မီးငယ်ရဲ့မေးခွန်းတွေက “ညာ” မပါဘဲ ဘယ်တွေများနေတော့ ဆရာကြီးမင်းသင်္ခအလုံး (စကား) ခဏဌားပြောချရင် ဘာ. ဘာ. ဘာမှမသိပါဘူးကွယ်။

    ဂျာရစ်

  • (မ.မ.လ) ဌာနချုပ်မှ  ပြုလုပ်မည့် ကျပန်း စကားပြောပြိုင်ပွဲ လူမျိုး/ဘာသာမရွေး ဝင်ရောက် ယှဉ်ပြိုင်နိုင်

    (မ.မ.လ) ဌာနချုပ်မှ ပြုလုပ်မည့် ကျပန်း စကားပြောပြိုင်ပွဲ လူမျိုး/ဘာသာမရွေး ဝင်ရောက် ယှဉ်ပြိုင်နိုင်

    နိုဝင်ဘာ ၁၄၊ ၂၀၁၄
    M-Media
    မိုးစက်
    Ma Ma La

    ရန်ကုန်။       ။ အသက် ၁၆ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များစွမ်းအင်မြှင့်တင်နိုင်ရေး အတွက် မြန်မာ မွတ်စလင် လူငယ်များအဖွဲ့ (မ.မ.လ) ဌာနချုပ်မှ ဦးစီးပြီး ကျပန်းစကားပြောပြိုင်ပွဲတစ်ရပ်အား ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

    ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည့်ခေါင်းစဉ်များမှာ
    ၁) Unity in Diversity (မတူကွဲပြားမှုများမှ ညီညွတ်ရေးဆီသို့)၊
    ၂) Youth power for forming Peace (လူငယ်စွမ်းအင် ငြိမ်းချမ်းရေးအသွင်)၊
    ၃) The Role of Leadership (ခေါင်းဆောင်မှု၏ အခန်းကဏ္ဍ)၊
    ၄) The Change (ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ)၊
    ၅) Human Rights (လူ့အခွင့်အရေးဆိုသည်မှာ)

    စသည့်ခေါင်းစဉ်များသတ်မှတ်ပေးထားပြီး ပြိုင်ပွဲကျင်းပသည့်နေ့တွင် အထက်ပါ ခေါင်းစဉ် (၅) ခုအား မဲနှိုက်၍ ကျရာ ခေါင်းစဉ်တစ်ခုအား (၁၂) မိနစ်စာ ပြောဆိုယှဉ်ပြိုင်ရမည့်ဖြစ်ကြောင်း သိရပါတယ်။

    “အခုလိုပွဲကျင်းပပေးရခြင်းဟာ လူငယ်တွေ ပြောရဲဆိုရဲရှိလာအောင်လုပ်ပေးတာပါ။ နောက်ပြီး ဒီပြိုင်ခိုင်းတဲ့ ခေါင်းစဉ်တွေကိုလည်း လူငယ်တွေအနေနဲ့ လေ့လာသင့်တာတွေပါ။ သူတို့လည်း ဒီအကြောင်းအရာတွေကို စိတ်ဝင်စားလာအောင်လို့ပါ။ လူ့အခွင့်အရေးဆိုတာတွေကိုလည်း သူတို့ကိုသိစေချင်လို့ပါ။ ဒါကြောင့် ဒီလိုပွဲမျိုးတွေ ကျင်းပပေးရတာပါ” ဟု ပြိုင်ပွဲစီစဉ်ဖြစ်ခဲ့ပုံနှင့် ပတ်သက်ပြီး မ.မ.လ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက M-Media ကို ပြောပါတယ်။

    ယင်းပြိုင်ပွဲအား မည်သည့် လူမျိုး/ဘာသာဝင်မဆို ဘာသာပေါင်းစုံယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ထားပြီး ပြိုင်ပွဲပြိုင်သည့်နေ့တွင် ထူချွန်သူများအား တစ်ခါတည်း ဆုပါချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။