News @ M-Media
Blog
  • မန်ယူ ယခုထပ် ပိုကောင်းလာမည်ဟု နည်းပြ ဗန်ဂါးလ်ဆို
    မန်ယူ ယခုထပ် ပိုကောင်းလာမည်ဟု နည်းပြ ဗန်ဂါးလ်ဆို
    စက်တင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    455968_heroa
    – ကျူပီအာရ်အသင်းအား ၄ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် မိမိတို့အသင်းမှာ ပိုကောင်းလာမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ် ၄ တွင် မန်ယူမှာ တိုက်စစ်မှူးများ၏ ခြေစွမ်းပြမှုဖြင့် ကျူပီအာရ်အား ဂိုးပြတ်ခြေပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲအနိုင်မှာ ယခုနှစ် ပရီးမီးယားလိဂ်တွင် မန်ယူအသင်း၏ ပထမဆုံးအနိုင်လည်းဖြစ်ပြီး ဗန်ဂါးလ်ကမူ ထိုရလဒ်က ကောင်းမွန်သောစတင်ခြင်းဖြစ်သည်ဟု ဆိုသည်။
    “၄ ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်အတွက် နည်းပြတစ်ယောက်အနေနဲ့ ပျော်ရွှင်နိုင်ပါတယ်။ ဒါပေမယ့် အသင်းဟာ ထပ်ပြီးလည်း တိုးတက်နိုင်ပါတယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထိုပွဲတွင် ယခင်ကစားကွက်ဖြစ်သော ၃-၅-၂ ကစားကွက်အစား ၄-၄-၂ ပုံစံကို ပြောင်းလဲခဲ့ပြီး နွေရာသီအပြောင်းအရွှေ့က ၀ယ်ယူထားခဲ့သည့် ဒီမာရီယာ၊ ဟာရဲရား၊ ရိုဂျိုနှင့် ဖယ်လ်ကာအိုတို့ကိုလည်း ဗန်ဂါးလ်က ထည့်သွင်းအသုံးပြုခဲ့သည်။ ကစားကွက်ပြောင်းလဲခဲ့ရခြင်းမှာ ၃-၅-၂ ကစားကွက် ကစားနိုင်သည့် ကစားသမားအချို့ ဒဏ်ရာရရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။
  • ကျူးကျော် စစ်ပွဲအလွန် ဂါဇာတွင် ကျောင်းများ ပြန်ဖွင့်ပြီ
    ကျူးကျော် စစ်ပွဲအလွန် ဂါဇာတွင် ကျောင်းများ ပြန်ဖွင့်ပြီ
    စက်တင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    Gaza children back to school 2
    – အစ္စရေး၏ တစ်လကျော်ကြာ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဂါဇာကမ်းမြှောင်တွင် စာသင်ကျောင်းများအား ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၅ သိန်းနီးပါး ပြန်လည်တက်ရောက်နေသည်ဟု သိရသည်။
    အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂၅၀ ကျော် ပျက်စီးသွားခဲ့ပြီး ကုလမှ စီစဉ်ပေးထားသည့် စာသင်ကျောင်း ၉၀ ကျော်မှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်းများအတွက် ကယ်ဆယ်ရေးစခန်းများအဖြစ် အသုံးပြုနေရသောကြောင့် ကျောင်းဖွင့်ချိန်မှာ သီတင်းပတ်ပေါင်း များစွာ နောက်ကျခဲ့ရသည်။
    ပုံမှန်သင်ခန်းစာများ မသင်မီ စစ်ဒဏ်ခံခဲ့ရသည့် ကျောင်းသားများအား စိတ်ဒဏ်ရာများ ကုသပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် အကြံဥာဏ်ပေးခြင်း တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။
    Gaza children back to school
    “အခုလက်ရှိ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေပေးပြီးတဲ့နောက်မှာ အရင်ဆုံး ဦးစားပေးရမှာက ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ ပုံမှန် သင်ရိုးညွှန်းတမ်းအတိုင်း ပြန်သင်နိုင်ဖို့ပါပဲ” ဟု ဂါဇာကမ်းမြှောင်ရှိ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို လည်ပတ်ပေးနေသည့် ကုလသမဂ္ဂ UNRWA မှ အကြီးအကဲ ပီယာရီ ကရန်ဘူးလ်က ပြောကြားခဲ့သည်။
    UNRWA မှာ ကျောင်းသားပေါင်း ၂ သိန်း ၄ သောင်းကျော်ကို အကြံအဥာဏ်များ ပေးနိုင်ရန်တွက် ၀န်ထမ်းပေါင်း ၂၀၀ ကျော်ကို ခန့်အပ်ထားသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ကုလ၏ စာသင်ကျောင်း ၂၀ တွင် ပါလက်စတိုင်း ဒုက္ခသည် ၆၄၀၀၀ ခန့်မှာ ခိုလှုံနေရဆဲဖြစ်သည်။ ဂါဇာကမ်းမြှောင် ဒုတိယပညာရေးဝန်ကြီး ဇေယဒ် သာဘတ်ကမူ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ဂါဇာရှိ စာသင်ကျောင်းပေါင်း ၂၆ ကျောင်းမှာ လုံးဝ ပြိုပျက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    ref_Al Jazeera and agencies
  • ဆရာကြီး အဲမ်အီဘရာဟင်
    ဆရာကြီး အဲမ်အီဘရာဟင်
    စက်တင်ဘာ ၁၅၊ ၂၀၁၄
    -ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
    OLYMPUS DIGITAL CAMERA
    ဆရာကြီးကို အဘဦးယူစွဖ်၊ အမိ ဒေါ်ဂျမီလာတို့မှ ၁၉၁၀ ခုနှစ်တွင်  မုတ္တမမြို့၊ ဆီဆုံရပ်၌ ဖွားမြင်သည်။ သားချင်း ၇ ဦးအနက် တတိယမြောက် သားဖြစ်သည်။ တိုင်းရင်း မွတ်စလင်များအတွက် စေတနာထားသည့် ဆရာကြီးသည် မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်း၊ မြို့ပတ်လမ်း၊ အမှတ် ၁၇ တွင် အစ္စလာမ် စာပေဖြန့်ချိရေးဌာန ထူထောင်ပြီး ဘာသာရေးကျမ်း အမျိုးမျိုး၊ စာစောင်အမျိုးမျိုးကို ထုတ်ဝေဖြန့်ချိသည်။ စာပေဖြင့် ထိရောက်စွာ အကျိုးပြုသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။
    ဆရာကြီးသည် အရဗီ၊ ဖာရစီ၊ အူရဒူ၊ မြန်မာဘာသာများ သာမက တိုင်းရင်းမွန်ဘာသာစကားကို လည်း ကျွမ်းသဖြင့် မွန်ပြည်နယ်တွင် မွန် ဘာသာဖြင့် ဟောကြား စည်းရုံးခဲ့သည်။
    သာသနာပြု ပုဂ္ဂိုလ်ဆရာကြီးသည် အသက် ၆၉ နှစ် အရွယ်  ၁၉၇၉ ခုနှစ် ဧပြီလ ၄ ရက်နေ့ တွင် အလ္လာဟ်အသျှင့် အမိန့်တော် ခံယူသည်။
    ဆရာကြီးပြုစုထုတ်ဝေဖြန့်ချိခဲ့သည့် ကျမ်းအချို့မှာ
    –    မွတ်စလင်မ် ဇာနည်မယ်များကျမ်း (ခ၀ါတင်းနေ အစ္စလာမ်) ၁၉၇၉၊
    –    မွတ်စလင်မ် ခင်ပွန်းသည်ကျမ်း (မိုဆလ် မန်ခါဝင်ဒ်) ၁၉၅၃၊
    –    မွတ်စလင်မ် ဇနီးသည်ကျမ်း
    –    အမျိုးသမီးကျမ်း (ခွာတိန်းနေ အစ္စလာမ်)
    –    အစ္စလာမ် တရားတော်အရ သဂြိုင်္ဟ်နည်းကျမ်း (ကဖန် ဒဖန်) ၁၉၇၈
    –    ဆာလေမိုဘာရစ်က် ခေါ် နှစ်သစ်မင်္ဂလာကျမ်း စသည်တို့ ဖြစ်ပါသည်။ အများစုမှာ ထင်ရှားသော အူရဒူ ကျမ်းရင်းများမှ မြန်မာပြန်ဆိုခြင်း ဖြစ်သည်။
    ဘာသာပြန်ကျမ်းများနှင့်မတူ၊ တစ်မူထူးခြားသော ကိုယ်တိုင်ရေး ကျမ်းမှာ ဖေယာမေဗရ်မီ မွတ်စလင်ခေါ် ဗမာမွတ်စလင်များ၏ အနာဂတ် လမ်းစဉ်ကျမ်းဖြစ်သည့်။ ၁၉၇၇ ခုနှစ် သြဂုတ်လက ထုတ်ဝေခဲ့သည်။ ကျမ်းကို အပိုင်းလေးပိုင်းခွဲထားသည်။ ပထမပိုင်းသည် မွတ်စလင်ပီသမှု၊ ဒုတိယပိုင်းသည် ပညာရေးလုံလောက်မှု၊ တတိယပိုင်းသည် စီးပွာရေး အဆင့်မီမှု၊ စတုတ္တပိုင်းသည် အထွေထွေအကြောင်း အရာများ ဖြစ်သည်။
    ပထမပိုင်း မွတ်စလင်ပီသမှုတွင် ဘာသာရေးအသွင်ဆောင်နေသော လွဲမှားသည့်ဓလေ့များကို လက်တွေ့ဖြစ်ရပ်များနှင့် သာဓကတင်ထားသည်။ ပြီးမှ ဖရဇ် ၁၃၀ လာ ကိုယ်လက်အင်္ဂါ သန့်ရှင်းမှု၊ နမာဇ်ဝတ်ပြုမှု၊ ဥပုသ်သီလဆောက်တည်မှု၊ ဆင်းရဲသားဒါနကြေးအပါအ၀င် လှူဒါန်းပေးကမ်းမှု၊ ဟဂ်ျဝတ်ပြုမှုနှင့် လက်တွေ့အကျိုးသက်ရောက်မှု၊ ဘ၀ တစ်လျှောက် မွတ်စလင်ပီသစွာ နေထိုင်စားသောက်မှု၊ အမည်ပေး ကင်ပွန်းတပ်မှု၊ ထိမ်းမြားမင်္ဂလာ ဆောင်နှင်းမှု အကြောင်းများကို ရှင်းပြ ထားသည်။
    ဒုတိယပိုင်း ပညာရေးလုံလောက်မှုတွင် ပညာဆည်းပူးခြင်း သဘောကိုဖွင့်ဆိုပြီး ခေတ်ပညာ သင်ကြားတတ်မြောက်ရန် အရေးကြီးကြောင်း အကျိုးသင့် အကြောင်းသင့် တင်ပြသည်။
    တတိယပိုင်း စီးပွားရေးအဆင့်မီမှုတွင် စိုက်ပျိုးရေး၊ တိရစ္စာန် မွေးမြူရေး၊ ကူးသန်းရောင်းဝယ် ရေး၊ သတ္တုတွင်း တူးဖော်ရေး၊ စက်မှု လက်မှုပညာ ဆည်းပူးရေး၊ စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်ရေး တို့ကို အဆင့်ဆင့်ရှင်းပြပြီးမှ မွတ်စလင်မ်များ ချမ်းသာကြွယ်ဝအောင် ကြိုးစားရန် အရေးကြီးကြောင်းတင်ပြ သည်။ အချိန်တိုင်းတွင် မင်္ဂလာရှိ၏ ဟူသော ဆောင်ပုဒ်ဖြင့် ထကြွလုံ့လ၀ီရိယရှိရန် တပ်လှန့်နှိုးဆော် လိုက်သည်။
    အထွေထွေ နောက်ဆက်တွဲတွင် အီမာန်ယုံကြည်ချက်ကို ထိခိုက်စေနိုင်သည့် မဆိုင်ရာဝင်ရော မှုများ၊ တမန်တော်နေ့၊ မိဘဆွေမျိုး ညာတကာများကို ပြုရမည့်ဝတ်၊ ရမ်ဇာန်ညနှိုးသော ဂျာဂိုးအဖွဲ့၊ လကြည့် တွက်ချက် စိစစ်ရေး၊ နည်လှည့်အလှူခံအဖွဲ့၊ တဗ်လိဂ်သာသနာ ဖြန့်ချိမှု၊ စစ်မှန်သော ခေါင်းဆောင်မှုများအကြောင်း တင်ပြသည်။
    ဆရာကြီးသည် ပြဿနာရပ်တိုင်းကို ကုရ်အာန်၊ ဟဒီးဆ်၊ အထောက်အထားများဖြင့် ဆွေးနွေးတင်ပြသည်။ ယနေ့ နိုင်ငံ တစ်နံ တစ်လျား တွေ့ကြုံခံစားနေ ရသော ပြဿနာများကို ခေတ်အမြင် ခေတ် အတွေးများဖြင့် ဆွေးနွေးခြင်းဖြစ်သည်။ ရှိသင့်သော ခေါင်းဆောင်မှု၊ ခေတ်ပညာ အရေးပါလိုအပ်မှု၊ လကြည့်စိစစ်တွက်ချက်မှု၊ ဘာသာခြားများနှင့် ရင်းနှီးမှုစသည့် သာမန်ဘာသာရေး စာအုပ်များတွင် မမျှော်လင့်နိုင်သည့် ဆရာ၏ သဘောထား ခံယူချက်များကို ပြတ်သားပွင့်လင်းစွာ တွေ့ရှိ ရသည်။ တစ်မူထူးခြားသော ခေတ်မီကျမ်းတစ်ကျမ်းဟု ဆိုနိုင်သည်။
    ပစ္စုပ္ပန်သည် တစ်ခဏ၊ တစ်လယနှင့်အမျှ အတိတ်သို့တိုးဝင်နေ သကဲ့သို့ အနာဂတ်သည်လည်း ပစ္စုပ္ပန်သို့ ရွေ့နေပေသည်။ ဆရာ့၏ ၁၉၇၇ ခုနှစ်က တင်ပြသည့် အနာဂတ်လမ်းစဉ်သည် ယခုနှစ်ပေါင်း ၃၀ (မျိုးဆက်တစ်ဆက်) လွန်ပြီးကာလတွင် မည်သည့်အခြေရှိနေသည်ကို ဆင်ခြင်သုံးသပ်ရန် စာရှုသူများ ၏ တာဝန်ဖြစ်ပါသည်။ ဆရာကား တာဝန်ကျေခဲ့ပါပြီ။ သားသမီး ၇ ဦးထွန်းကားသည်။ ဆရာကြီး၏သားကြီး ကထိက ဦးမြတ်သူ(M.Sc) နှင့်သားငယ် အဲမ်ဂျီဗရာအီလ်(M.Sc) တို့သည် ဆရာကြီး မျှော်လင့်သည့်အတိုင်း ပညာရေးတွင် ထွန်းပေါက်ကြပါသည်။
    ဆရာကြီးကို စေတနာ ၀ါသနာကို အရင်းခံပြီး စာပေရေးသားဖြန့်ချိမှု လုပ်ငန်းကို ပေါက်မြောက် အောင်မြင်စွာ စွမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်း တင်ရမည် ဖြစ်သည်။
    ** ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ(၂) စာအုပ်မှ ကူးယူဖော်ပြပါသည်။
  • ရဲရဲရင့်ရင့်ပေါ့ အောင်မြင်မှုက ကိုယ့်ရဲ့လက် တစ်ကမ်းအလိုမှာ
    ရဲရဲရင့်ရင့်ပေါ့ အောင်မြင်မှုက ကိုယ့်ရဲ့လက် တစ်ကမ်းအလိုမှာ
    စက်တင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင်-နှင်းဆီခင်
    Brave-cat-14573874391
    ရဲရင့်တယ် သတ္တိရှိတယ်ဆိုတာ လူငယ်တွေရဲ့ ထင်ရှားတဲ့ အရည်အသွေးတစ်မျိုးလို့ ဆိုရမှာပါ။ မှန်ကန်တာ တစ်ခုခုအတွက် ဆုံးဖြတ်ချက်ခိုင်ခိုင်ချ၊ ပြီးစီးအောင်လုပ်။ ဒါဟာ လူငယ်တွေအတွက် အောင်မြင်တဲ့ဘ၀ တည်ဆောက်ဖို့ အခြေခံစွမ်းရည်တွေပဲပေါ့။ အရာရာကို ဝေခွဲမရနိုင်ဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချဖို့လည်း ချီတုံချတုံဖြစ်နေခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းပါးတဲ့သဘော။ ဒီတော့လည်း သူများတကာရဲ့သြဇာလွှမ်းမိုးမှုအောက်မှာ သိသိသာသာ မျောပါပြီး ဘ၀မှာအောင်မြင်မှုနှင့် ဝေးသည်ထက် ဝေးတတ်ပါတယ်။
    တကယ်တော့ လူငယ်တွေဟာ များသောအားဖြင့်ကတော့ မြတ်တယ်၊ တက်ကြွဖျက်လတ်တယ်။ မှန်ကန်မှုတစ်ခုခု အတွက် နောက်မဆုတ်တမ်း အခိုင်အမာ ဆောင်ရွက်လေ့ ရှိကြတယ်။ “ရဲရင့်ခြင်း”၊ “သတ္တိရှိခြင်း” ဆိုတာ နားလည်မှု လွဲမှားလွယ်တဲ့ ဝေါဟာရတွေလို့ ဆိုကြတယ်။ ရုပ်ရှင်တွေ ဗီဒီယိုတွေမှာ တွေ့မြင်ရတတ်တဲ့ အက်ရှင်ဇာတ်လမ်းတွေဟာ သတ္တိရှိသူတွေရဲ့ စွမ်းဆောင်ချက်ပဲလို့ တချို့လူငယ်တွေ အမှတ်မှားလေ့ရှိကြတယ်။ သတ္တိရှိခြင်းဆိုတာရဲ့ ဥပမာတွေ အတွက် ရုပ်ရှင်၊ ဗီဒီယိုကားတွေကို ကြည့်ရှုပြီး အကဲခတ်စရာ မလိုသလို ကွာလှမ်းလှတဲ့ ရှေးသမိုင်းကြောင်းတွေကို ပြန်ပြီးလေ့လာနေစရာလည်း မလိုအပ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သတ္တိရှိတယ်ဆိုတာကို ဖော်ကျူးဖို့အတွက် (တချို့က သဘာဝလွန်၊ စိတ်ကူးယဉ်) ထူးဆန်း အံ့သြစရာဖြစ်ရပ်တွေ၊ ဒဏ္ဍရီတွေ စွန့်စားမှုတွေကို အခြေခံပြီးမှ အောင်မြင်မှုရတဲ့ အချက်ကို ထောက်ပြတာကိုး။ အထူးသဖြင့် တိုက်ပွဲတွေ၊ အောင်ပွဲတွေကို မှီငြမ်း ကိုးကားထားတာများတယ်။ တကယ်တော့ ရဲရင့်ခြင်းအတွက် ဥပမာကောင်းတွေကို ရနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ မိဘ၊ ဘိုးဘွားတွေဆီက တစ်ဆင့်ကြားနာရခြင်းတွေပါပဲ။
    ရင်းနှီးတဲ့သူငယ်ချင်း တစ်ယောက်ပြောဖူးတာက သူရဲ့အဖေက သူငယ်ငယ်လေးကတည်းက ဆုံးသွားခဲ့တယ်။ သူက တစ်ဦးတည်းသောသမီး၊ သူ့အဖေဆုံးတဲ့ အချိန်မှာ အမေက အသက်သုံးဆယ်ပဲ ရှိသေးတယ်။ အမေက ငယ်ပင် ငယ်ပေမဲ့လည်း သတ္တိရှိတယ်။ အလုပ်ကြိုးစားတယ်။ နောက်ပြီးတအား အလုပ်လုပ်တယ်။ ကျွန်မရဲ့ သူငယ်ချင်းကို အထူးကု ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တဲ့ အထိ သူ့အမေဟာ ရုန်းကန်လှုပ်ရှားခဲ့တယ်။ ခုချိန်မှတော့ အသက် ၇၀ နီးနေပြီလေ။ ဒါပေမဲ့ သမီးရှာဖွေ လုပ်ကျွေးတာနှင့်ချည်း အိမ်မှာ နားနေတာမျိုး မဟုတ်ဘူး။ ဘာသာရေး၊ လှုမှုရေး ကိစ္စတွေမှာ တစ်နိုင်တစ်ပိုင် လှုပ်ရှားဆောင်ရွက်တုန်း။ အိမ်တွင်းစီးပွားရေးလုပ်ငန်းကို ဦးဆောင်နေတုန်းမို့ အမေရဲ့ ထက်မြတ်တဲ့ အရည်အသွေးတွေအတွက် သူငယ်ချင်းက အားပါးတရ ဂုဏ်ယူပြီးပြောလေ့ရှိတယ်။
    သတ္တိရှိခြင်းဆိုတာကို မီးထွက်နေတဲ့ သေနတ်တွေ၊ တလက်လက်ထနေတဲ့ ဓားသွားတွေနှင့်တူတယ် လို့အမြဲတမ်း ယူဆလို့မရပါဘူး။ တကယ်တမ်းပြောရရင် ခက်ခဲတဲ့ ဆုံးဖြတ်မှု တစ်ခုခုကို ကြုံရရင် ချက်ချင်း အသုံးပြုနိုင်စွမ်းဟာ သတ္တိလို့လည်း ဆိုနိုင်တယ်။ သတ္တိရှိတယ်ဆိုတာ “ဘယ်လိုဖြစ်မလဲ” ဆိုတဲ့ တွေဝေတဲ့ အတွေးမျိုး လုံးဝမရှိဘူး။ တစ်စုံတစ်ယောက်ဟာ သတ္တိရှိတယ်ဆိုရင် သူနှင့်အတူ ကိုယ်ရည်အသွေး၊ စွမ်းရည်၊ အားပေးခြင်း၊ ရည်ရွယ်ချက်နှင့် လေးနက်တဲ့ ယုံကြည်မှုစတာတွေကို တစ်ပါတည်း ရှိနေအောင် ကြိုးစားလေ့ရှိတယ်။ သတ္တိရှိသူတွေအတွက် ကိစ္စတစ်စုံတစ်ရာကို ဆောင်ရွက်တော့မယ်ဆိုရင် သူရဲ့ပင်ကိုယ် အရည်အသွေးတွေကို အသုံးချပြီး ချမှတ်ထားတဲ့ အစီအစဉ်အပေါ် အခြေခံပြီး ဆောင်ရွက်တယ်။ သူရဲ့အတိတ်ကိုပြန်ကြည့်ကောင်းကြည့်မယ်။ ဒါကလည်း သင်ခန်းစာယူစရာ၊ အတွေ့အကြုံ ဗဟုသုတစတာတွေကို ငဲ့ကြည့်တဲ့သဘော၊ လက်ရှိအနေအထားကို အကောင်းဆုံးဖြစ်အောင် လက်တွေ့ကျကျ အသုံးချတယ်။ ပြီးမှ အနာဂတ်ဘ၀ရဲ့ အောင်မြင်မှု အတွက် အလေးအနက်ထားပြီး ကြိုးပမ်းတယ်။ ဒါဟာ သတ္တိရှိခြင်း၊ ရဲရင့်ခြင်းပဲပေါ့။
    စာတစ်အုပ်မှာ ဖတ်ခဲ့ဖူးတဲ့အကြောင်းအရာတစ်ခုကိုပြောပြရင်၊ ဖိလစ်ပိုင်နိုင်ငံသား မိန်းကလေးတစ်ဦးဟာ သူ့ဘ၀တိုးတက်မှုအတွက် အမေရိကန်နိုင်ငံ နယူးဂျာစီဒေသကို သူနာပြုဆရာမ အလုပ်လုပ်ဖို့ထွက်လာခဲ့တယ်။ ဒါဟာ သူ့အတွက် ဘ၀မှာ ပထမဦးဆုံးအကြိမ် လေယာဉ်စီးဖူးခြင်းပါပဲ။ အဲဒီတုန်းက သူ့အသက်က ၁၈ နှစ်။ သူ့ဘ၀ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်မလဲဆိုတာ မတွေးနိုင်တဲ့ တကယ့်ကို စွန့်စားမှုကြီးတစ်ခုလို့ ဆိုရမယ်။ ဒါပေမဲ့ သူကချထားပြီးတဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာ ဆုပ်ကိုင်ပြီး မဖြစ်မနေကြိုးစားရာမှာ (တစ်နှစ်အတွင်း) သူနာပြုတာဝန် ထမ်းဆောင်ခွင့်ရခဲ့တယ်။ အလုပ်မှာ အာရုံနှစ်ပြီး တအားကြိုးစားတဲ့ သူမရဲ့ ထူးခြားတဲ့ အရည်အသွေးကို အထက် အရာရှိကြီးတွေက သတိထားမိလာတဲ့ အထိ ဖြစ်လာတယ်။ ဒီတော့လည်း ရာထူးရော ၀င်ငွေပါ တိုးသည်ထက်တိုးလာရင်း အခြေခိုင်တဲ့ ဘ၀လေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာတယ်။
    သူ့ဘ၀ရဲ့ တစ်ဆစ်ချိုးလို့ဆိုရမယ်။ ရိုးသားကြိုးစားပြီး လုပ်ငန်း ကျွမ်းကျင်တာကြောင့် ဆေးရုံအုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့ဝင်တစ်ယောက်က အထင်ကြီးလေးစားရာက ဘ၀လက်တွဲဖော် အဖြစ်ကမ်းလှမ်းလာတဲ့အထိပါပဲ။ သူတို့ဟာ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသလို အခုချိန်မှာတော့ အငြိမ်းစားယူပြီး သားသမီး၊မြေးတွေနှင့် ဘ၀ကို ပျော်ပျော်ကြီးခံစားခွင့်ရနေကြပါပြီ။ ဆုံးဖြတ်ချက်မှန်ပြီး သတ္တိရှိရှိ စွန့်စားခဲ့ခြင်းရဲ့ ရလဒ်လို့ဆိုရမယ်။ တစ်ခုရှိတာက ကိုယ်တိုင်ကလည်း အရည်အချင်းပြည့်ဝပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့လည်း လိုတာပေါ့လေ။
    သတ္တိရှိခြင်း၊ ရဲရင့်ခြင်းဆိုတာ ကြောက်ရွံ့မှုတွေအတွက် ကြိုပြီး စိုးရိမ်ပူပန်လေ့မရှိဘဲ ဘ၀ရဲ့ စိန်ခေါ်မှုမှန်သမျှကို ရင်ဆိုင်ဝံ့တာမျိုး။ ရရှိလာမယ့်ရလဒ်ကိုတွေးမနေဘူး။ ကိုယ့်ဘက်ကတာဝန်ကျေကျေ ကြိုးစားဖို့ပဲအာရုံနှစ်ထားတယ်။ ကြောက်ရွံ့ စိုးရိမ်မှုက ရှေ့က ကာဆီးနေတတ်တာ သဘာဝပဲလေ။ ဖြစ်မှဖြစ် ပါ့မလား၊ အောင်မြင်ပါ့ မလား ရယ်လို့ တွေးမိတတ်တာပေါ့။ ဒါပေမဲ့ သတ္တိရှိတဲ့ စိတ်ဓာတ်က စိုးရိမ်မှုတွေ၊ ဝေခွဲမရတဲ့ စိတ်တွေကို အဝေးကြီး ရောက်သွားအောင် ဖယ်ရှား ပစ်လိုက်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် လောကဓံ အခက်အခဲ အကျပ်အတည်းတွေကို တိုးဖောက်နိုင်အောင် တွန်းအားပေးနေတယ်။ ဘ၀မှာ တိုးတက် အောင်မြင်ချင်တယ်ဆိုတဲ့သူဟာ ကြုံတွေ့လာတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းဖို့က အဓိကကျတယ်။ ထပ်လောင်းပြီးပြောရရင် ကြောက်ရွံ့စိုးရိမ်မှုတွေဟာ သတ္တိရဲ့ အပေါင်းအဖော်ပဲဆိုတာ မမေ့သင့်ဘူး။ အဲလိုတွဲပြီးပါလာတဲ့ စိုးရိမ်စိတ်တွေကို ကျော်လွန်နိုင်ပြီဆိုရင်တော့ သေချာနေတာက အောင်မြင်မှုဆိုတာ မဝေးတော့ဘူး။ ကိုယ့်ရဲ့လက်တစ်ကမ်းအလိုမှာလေ………
    နှင်းဆီခင်
  • တိုက်စစ်မှူးတွေ ခြေစွမ်းပြမှုနဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်ယူ
    တိုက်စစ်မှူးတွေ ခြေစွမ်းပြမှုနဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်ယူ
    စက်တင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် သုံးပွဲကစားပြီး နိုင်ပွဲမရသေးတဲ့ နည်းပြသစ် ဗန်ဂါးလ်ရဲ့ မန်ယူကတော့ ယမန်နေ့က ကစားခဲ့တဲ့ ပွဲစဉ် ၄ မှာ ပုံစံကောင်းကို ပြသခဲ့ပြီး  QPR အသင်းကို ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
    mu
    ရူနီ၊ ဗန်ပါစီ၊ မာတာ၊ ဟာရဲရားနဲ့ ဒီမာရီယာတို့နဲ့ လူစုံပွဲထွက်ခဲ့တဲ့ မန်ယူတို့ ပွဲအစကတည်းက ခြေစွမ်းပြခဲ့ပြီး ၂၈ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကိုက် ၄၀ အကွာမှာရတဲ့ ပြစ်ဒဏ်ဘောကို ဒီမာရီယာက တိုက်ရိုက်သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ မန်ယူကပဲ ပွဲကိုစိုးမိုးခဲ့ပြီး မိနစ် ၆၀ မတိုင်ခင် နောက်ထပ် သုံးဂိုး ထပ်ရခဲ့ပါတယ်။ ဒီဂိုးတွေကို ဟာရဲရား ရူနီနဲ့ မာတာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ပွဲအပြီးမှာတော့ ဗန်ဂါးလ်က မိမိတို့အနေနဲ့ ဂိုးသွင်းခွင့်အများကြီးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြောင်း၊ မိမိတို့ ဆောင်ရွက်သမျှကို ဆန်စစ်လေ့လာနေပြီး ရလဒ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အာဆင်နယ် ၂-၂ မန်စီးတီး
    ချယ်ဆီး ၄-၂ ဆွမ်ဆီး
    ခရစ္စတယ်ပဲလေ့စ် ၀-၀ ဘန်လေ
    ဆောက်သက်တမ် ၄-၀ နယူးကာဆယ်
    စတုတ် ၀-၁ လက်စတာ
    ဆန်းဒါးလန်း ၂-၂ စပါး
    လီဗာပူးလ် ၀-၁ အက်စတွန်ဗီလာ
    မန်ယူ ၄-၀  QPR