News @ M-Media

Blog

  • ပျောက်နေတဲ့ ယူကရိန်း သမ္မတဟောင်းအား ပြည်ထဲရေးဝန်ကြီးမှ ဖမ်းဝရမ်းထုတ်၊ လက်ရှိ အာဏာပိုင်များအား ရုရှား သတိပေး

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media

    Vladimir_Putin_in_Ukraine_April_2011-1
    – ယူကရိန်းနိုင်ငံ၏ သမ္မတဟောင်း ဗစ်တာယာနူကိုဗစ်ခ်ျအား ငြိမ်းချမ်းစွာ ဆန္ဒပြသော သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြင့် ဖမ်းဆီးရန် ခေတ္တပြည်ထဲရေး ၀န်ကြီးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    လပေါင်းများစွာ နိုင်ငံရေး မငြိမ်မသက်ဖြစ်ပွားခဲ့မှုမှ လူများသေဆုံးသည်အထိ အရှိန်မြင့်လာခဲ့ပြီးနောက် ကိဗ်မြို့အား စွန့်ခွာသွားခဲ့သည့် သမ္မတဟောင်း ယာနူကိုဗစ်ခ်ျအတွက် ၀ရမ်းအား ထုတ်ပြန်ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး အာဆင် အေဗာကော့ဗ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် ရာဇ၀တ်မှုဆိုင်ရာ အမှုတစ်ခုဖွင့်ခဲ့ပြီး ယာနူကိုဗစ်ခ်ျနဲ့ အခြားသော တာဝန်ရှိသူတွေကို အလိုရှိသူ စာရင်းထဲ ထည့်ထားပါတယ်” ဟု အေဗာကော့ဗ်က ၎င်း၏ Facebook စာမျက်နှာတွင် လွှင့်တင်ထားသော ကြေညာချက် တွင် ရေးသား ဖော်ပြထားသည်။ သို့သော်လည်း ထိုဝရမ်းအား နိုင်ငံတော် တရားသူကြီးချုပ်က အတည်မပြုသေးပေ။

    ပြီးခဲ့သည့် စနေနေ့တွင် ပါလီမန်၏ ဆုံးဖြတ်ချက်ဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော ယူနူကိုဗစ်ခ်ျအား ခရိုင်းမီးယားဒေသရှိ ၎င်း၏ ကိုယ်ပိုင်အိမ်တွင် နောက်ဆုံးတွေ့ခဲ့ရသည်ဟု Reuters သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။ ထို့ပြင် မည်သည့်နေရာတွင် ရောက်နေမှန်းမသိသည့် ယူနူကိုဗစ်ခ်ျအား ဖမ်းဆီးရန် ၀ရမ်းထုတ်မှုအပေါ် ရှုပ်ထွေးမှုများရှိနေသည်ဟု အလ်ဂျာဇီးရား သတင်းဌာနကဆိုသည်။

    ယူကရိန်းနိုင်ငံ၏ လက်ရှိအစိုးရသစ်မှာ လက်နက်ကိုင် ပုန်ကန်မှုမှ တစ်ဆင့် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရုရှား ၀န်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်က ပြောဆိုထားပြီး၊ ရုရှား၏ စီးပွားရေးဝန်ကြီးကလည်း ယူကရိန်းအနေဖြင့် ဥရောပသမဂ္ဂ၏ သဘော တူညီချက်ကို လက်မှတ်ထိုးပါက ရုရှား၏ သွင်းကုန် အခွန်များကို တိုးမြှင့်မည်ဟု သတိပေးထားသည်။

    သမ္မတ တာဝန်ကို ယာယီယူထားသည့် အိုလက်ဆန်ဒါ တာချီနော့ဗ်က သမ္မတသစ် ရွေးကောက်ပွဲအတွက် သမ္မတ အမည်လောင်းများကို ဖေဖော်ဝါရီ ၂၅ ရက် (ယနေ့) မှ စ၍ အမည်စာရင်းတင်သွင်နိုင်မည်ဟု ယမန်နေ့ နေ့လည်ပိုင်းက ကြေညာခဲ့သည်။

    ဓါတ်ပုံအညွှန်း – ဖြုတ်ချခံလိုက်ရတဲ့ ယူကရိန်း သမ္မတဟောင်းနှင့် ၄င်းကို ထောက်ခံအားပေးသူ ရုရှသမ္မတ ပူတင်

    Ref: Al Jazeera and agencies

  • ပထမအကြိမ် မွတ်စလင် လူငယ်ဖိုရမ် အောင်မြင်စွာပြီးဆုံး၊ အချက်(၁၃) ချက်ပါ ကြေညာချက်ထုတ်ပြန်

    ပထမအကြိမ် မွတ်စလင် လူငယ်ဖိုရမ် အောင်မြင်စွာပြီးဆုံး၊ အချက်(၁၃) ချက်ပါ ကြေညာချက်ထုတ်ပြန်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media
    လမင်း
    1653811_598586576882294_1952633497_nနိုင်ငံအနှံ့မှ မွတ်စလင်လူငယ်များ (ဓါတ်ပုံ-Muslim Youth Forum in Myanmar FB)

    ရန်ကုန်။      ။ မြန်မာနိုင်ငံအတွင်း ပထမဆုံး အကြိမ်အဖြစ်ကျင်းပသော (Muslim Youth Forum 2014 MYANMAR)  ကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ နှင့် ၂၃ ရက်နေ့တို့တွင် ရန်ကုန်တိုင်း သန်လျင်မြို့ ငါးပါးသခင် ဒါရ်ဂါတော်ဝင်းအတွင်း၌ မြန်မာနိုင်ငံ အနှံ့အပြား မွတ်စလင်လူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

    မွတ်စလင်လူငယ်ထုများ၏ ညီညွတ်သည့် အသံတစ်ခုဖြစ်ပေါ်လာစေရန်၊ မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ မွတ်စလင်လူငယ်များ တစ်သားတည်းနေထိုင်နိုင်ရေး နှင့် လူငယ်ရေးရာ ကဏ္ဍများတွင် အခြားဘာသာဝင်များနှင့် မွတ်စလင်လူငယ်များ ပူးပေါင်းလက်တွဲနိုင်ရန် Muslim Youth Forum ကိုကျင်းပရခြင်းဖြစ်ပါသည်။

    မွတ်စလင်လူငယ်များသည် Forum တွင် လူငယ်များနှင့် ပတ်သက်ပြီး ပညာရေး၊ ကိုယ်ရေးကိုယ်သွေးမြှင့်တင်ခြင်း၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ သတင်းနှင့်ပညာ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် အလုပ်ကိုင်အခွင့်အရေး နှင့် ပေါင်းသင်းဆက်ဆံမှု စသည့် ကဏ္ဍ ၉ ခုကိုဆွေးနွေးခဲ့ပြီး အချက် (၁၃) ချက်ပါ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။

    (၁) ပညာရေးအဆင့်အတန်းပြည့်မှီရန် အစ္စလာမ်ဘာသာဝင်များအတွင်း၌ ခေတ်ပညာနှင့် ဘာသာရေးကို ပေါင်းစည်းပို့ချသည့် ပညာရေးစနစ်ကို အကောင်ထည်ဖော်ရန်နှင့် အစွန်းရောက်မှုများမရှိစေရန် ထိန်းကြောင်းပေးရန်လိုအပ်ကြောင်း၊

    (၂) မွတ်စလင်လူငယ်များခေါင်းဆောင်မှု စွမ်းရည်အတွက် လေ့ကျင့်ဆွေးနွေး ပညာပေးမှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

    (၃) မတူကွဲပြားသော ဘာသာဝင်များအကြား ခွဲခြားဆက်ဆံမှုမရှိစေရန် လူတန်းစားအသီးသီးကို ပညာပေးဆွေးနွေးမှုများပြုလုပ်ပြီး အကာကွယ်ပေးရန်နှင့် ဗဟုယဉ်ကျေးမှု လူမှု့အစုအဝေး ပြန်လည်ဖော်ဆောင်နိုင်ရေးကို ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊

    (၄) မီဒီယာကျင့်ဝတ်ကို လေးစားလိုက်နာခြင်း မရှိမှုများကို တရားဥပဒေစိုးမိုးရေးလမ်းကြောင်းမှ ဟန့်တားဆောင်ရွက်နိုင်ရန်နှင့် ကျင့်ဝတ်နှင့်ညီသော မီဒီယာပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်မည် ဟု ပါရှိသည်။

    ထို့အပြင် (၅)ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှုများဖော်ဆောင်ရာတွင် အပြန်အလှန်လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု နှင့် အကောင်းမြင်ဝါဒများ ပေါ်ထွန်းလာရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

    (၆) မွတ်စလင်လူငယ်ထုအတွင်း စုပေါင်းဆောင်ရွက်တတ်သော အလေ့အထများထွန်းကားလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊

    (၇) ဒီမိုကရေစီအသွင် ကူးပြောင်းမှုသည် အခြေခံလူ့အခွင့်အရေးကို အာမခံချက်ပေးနိုင်ရန်နှင့် မတူကွဲပြားမှုကိုအလေးထားသော လူမှု့အသိုက်အ၀န်းဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

    (၈) မွတ်စလင်လူငယ်များအနေနှင့် နိုင်ငံတော်၏ ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တိုင်းပြည်ချစ်စိတ်ဖြင့် ပါဝင်လာစေရန် တို့ကို ကြေညာချက်တွင် ဖော်ပြထားသည်။

    ၎င်းပြင် အစ္စလာမ်သာသနာတွင် အမျိုးသမီးများ၏ အခွင့်အရေးကို အပြည့်အ၀ အာမခံချက်ပေးထားသည့်အညီ အခွင့်အရေးရရှိလာရန် လူငယ်ထုမှ ကြိုးပမ်းဆောင်ရွက်ရန်၊

    (၁၀) ကျန်းမာ ကြံ့ခိုင်ပြီး ပညာပြည့်ဝသည့် လူဘောင်ဖြစ်လာရန်အတွက် မွတ်စလင်လူငယ်ထု အတွင်း တစ်ကိုယ်ရေ ကျန်းမာရေးနှင့် အားကစားမြှင့်တင်မှု အလေးထားရန်၊

    (၁၁) သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ မရှိစေရန် မွတ်စလင်လူငယ်ထုအတွင်း အသိပညာပေးခြင်း၊ စုပေါင်း ဆောင်ရွက်ခြင်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်၊

    (၁၂) လူငယ်ထုအတွင်း အသိပညာ၊ အတတ်ပညာ လေ့လာမှု အားကောင်းစေရန် စာဖတ်ဝိုင်းများ၊ စာကြည့်တိုက်များ၊ အစ္စလာမ့် မော်ကွန်းတိုက်များ ထူထောင်ရန်

    (၁၃) အထက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ယခုကဲ့သို့ မွတ်စလင်လူငယ်ထု စုစည်းညီညွတ်မှုအားကို စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မွတ်စလင်လူငယ်ထုတစ်ရပ်လုံး ပါဝင်လာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့် (၁၃)ချက်ပါ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

    statement MYF-page-001 statement MYF-page-002

  • ဘာကာ၊ အက်သလက်တီကိုတို့ ရှုံးပွဲတွေ့၊ နိုင်ပွဲရ ရီးယဲလ် ၃ မှတ်အသာနဲ့ ထိပ်ဆုံးရောက်သွားတဲ့ လာလီဂါပွဲစဉ် ၂၅

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media

    2013_14_Spanish_Liga_BBVA_Table

    ယခုတစ်ပတ် လာလီဂါ ပွဲစဉ် ၂၅ မှာတော့ ထိပ်ဆုံးက ဘာကာ၊ အက်သလက်တီကိုတို့ နှစ်သင်းစလုံး အဝေးကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပြီး၊ ရီးယဲလ်က အိမ်ကွင်းမှာ အနိုင်ကစားနိုင်တာကြောင့် ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။

    ဘာကာဟာ အိမ်ကွင်းကောင်းတဲ့ ဆိုစီဒက်ကို လူစုံထုတ်ပြီး ယှဉ်ပြိုင်ခဲ့ပေမယ့် လိုချင်တဲ့ အနိုင် ၃ မှတ်တော့ မရခဲ့ပါဘူး။ ၃၂ မိနစ်မှာ အဲလက်စ်ဆောင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ဘာကာအတွက် ၃၆ မိနစ်မှာ မက်ဆီက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၅၄မိနစ်နဲ့ ၅၉ မိနစ်တွေမှာ ရခဲ့တဲ့ ဆိုဆီဒက်ရဲ့ ဂိုး ၂ ဂိုးကိုတော့ ပြန်လည်ချေပနိုင်ခြင်းမရှိတာကြောင့် ရှုံးနိမ့်ခဲ့ရပြီး ထိပ်ဆုံးနေရာကိုပါ လက်လွှတ်ခဲ့ရပါတယ်။ နည်းပြမာတီနိုကတော့ ဒီပွဲအရှုံးအတွက် သူ့ကိုသာ အပြစ်တင်သင့်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

    အက်သလက်တီကိုမက်ဒရစ်ကလည်း အဝေးကွင်းမှာ အိုဆာဆူနာကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး၊ ဂိုးတွေအားလုံးကို ပထမပိုင်းမှာထဲက ပေးခဲ့ရတာပါ။ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်တယ်လို့ သတ်မှတ်ခံထားရတဲ့ အက်သလက်တီကိုတို့ နှစ်သိမ့်ဂိုး ၁ ဂိုးတောင်ပြန်မသွင်းနိုင်တာက ပြောစရာဖြစ်ခဲ့ပြီး နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲအထိ ရှုံးထားရတဲ့အထိ ခြေစွမ်းမငြိမ်ဖြစ်နေပါတယ်။

    ပွဲပယ်ပြစ်ဒဏ်ကြောင့် ရော်နယ်ဒိုမပါဝင်နိုင်တဲ့ ရီးယဲလ်တို့ကတော့ အိမ်ကွင်းမှာ သက်တောင့်သက်သာကစားကာ ၃ ဂိုးပြတ်အနိုင်ရခဲ့ပြီး၊ အဆင့် ၄ နဲ့ ၅ က ဘီဘာအိုနဲ့ ဗီလာရီးယဲလ်တို့ကလည်း အဝေးကွင်းမှာ အက်စပန်ညိုနဲ့ ဘက်တစ်တို့ကို အသီးသီး အနိုင်ရခဲ့ပါတယ်။ တန်းဆင်းဇုံက ၃ သင်းမှာ ဗယ်လာဒိုလစ်တစ်သင်းသာ တစ်မှတ်ရခဲ့ပြီး ဘက်တစ်နဲ့ ဗယ်လက်ကာနိုတို့ကတော့ ရှုံးပွဲတွေ့ခဲ့ပါတယ်။

    ဗလင်စီယာကတော့ အိမ်ကွင်းမှာ ဂရန်နာဒါကို အနိုင်ရခဲ့ပါတယ်။။ ဒါပေမယ့် လွယ်လွယ်ကူကူနဲ့ အနိုင်ရခဲ့ခြင်းမျိုးတော့မဟုတ်ပါဘူး။ ဒုတိယပိုင်းအစမှာ ဂရန်နာဒါက ဦးဆောင်ဂိုးစရခဲ့တာပါ။ ချေပဂိုးရဖို့ ဗလင်စီယာတို့ အသည်းအသန် ကြိုစားခဲ့ရပြီး ၆၄ မိနစ်မှာ ချေပဂိုးရခဲ့ပါတယ်။ ဗလင်စီယာအတွက် အနိုင် ၃ မှတ်သေချာစေမယ့်ဂိုးကိုတော့ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ရူဘန်ဗီဇိုက သွင်းယူပေးခဲ့တာပါ။

    ဒီတစ်ပတ်ပွဲမှာတော့ ထိပ်ဆုံးကာ ဘာကာ၊ အက်သလက်တီကိုတို့ ရှုံးပွဲတွေ့သွားခဲ့တဲ့အတွက် အယ်လ်ချီကို အနိုင်ကစားခဲ့တဲ့ ရီးယဲလ် ဇယားကို ၃ မှတ်အသာနဲ့ ဦးဆောင်လိုက်ပါတယ်။ ကျန်နေရာတွေကတော့ သိပ်အပြောင်းအလဲ မရှိခဲ့ဘဲ ဇယားအောက်ဆုံးမှာတော့ ဗယ်လာဒိုလစ်၊ ဗယ်လက်ကာနိုနဲ့ ဘက်တစ်တို့ အစဉ်လိုက်ရှိနေပါတယ်။

    လာလီဂါ ပွဲစဉ် ၂၅ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဗယ်လာဒိုလစ် ၁-၁ လီဗန်တေး
    ရီးယဲလ်မက်ဒရစ် ၃-၀ အယ်လ်ချီ
    ဆယ်လ်တာဗီဂို ၁-၁ ဂီတာဖေး
    ရီးယဲလ်ဆိုဆီဒက် ၃-၁ ဘာစီလိုနာ
    အလ်မာရီယာ ၀-၀ မာလာဂါ
    ဗယ်လက်ကာနို ၀-၁ ဆီးဗီးလား
    ဘက်တစ် ၀-၂ ဘီဘာအို
    ဗလင်စီယာ ၂-၁ ဂရန်နာဒါ
    အိုဆာဆူနာ ၃-၀ အက်သလက်တီကို
    အက်စပန်ညို ၁-၂ ဗီလာရီးယဲလ်

  • လူမှုဘဝ တိုက်ပွဲခေါ်သံ (ကျော်နေမင်း-မြို့ပြ) EBook

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media

    မြန်မာမွတ်စလင်မ်တို့၏ လူထုအခြေပြု လူမှု စစ်တမ်းများနှင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များ ဆိုင်ရာ စာတမ်း (EBook)

    Cover

    ဤစာတမ်းသည် စာရေးသူ ကျော်နေမင်း(မြို့ပြ) ရေးသားပြုစု ထားသော ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာ မွတ်စလင်မ် လူ့အဖွဲ့အစည်း၏ လူမှုဘ၀ စစ်တမ်းများနှင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက် ဆိုင်ရာ စာတမ်း ဖြစ်ပါတယ်။

    အဆိုပါ စာအုပ်ငယ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာမှာ အမ်-မီဒီယာမှ မိတ်ဆက်ပေးခဲ့ပါတယ်။ http://goo.gl/qNz2WR

    ယခုအခါ အွန်လိုင်းတွင် စာအုပ်တအုပ်လုံးကို EBook အနေဖြင့် ဖတ်ရှု့နိုင်ရန် PDF ဖိုင်ကို တင်ပေးလိုက်ပါတယ်။

    File Size = 13.5 MB
    Download =>http://goo.gl/T3N3B2

    EBook အတွက် စာအုပ်အား ဓါတ်ပုံရိုက်ပြီး ကူညီပေးပို့ခဲ့တဲ့ ကိုဟန်းဒရစ် ကို M-Media မှ အထူးကျေးဇူးတင်ရှိပါသည်။

  • Rio Open တင်းနစ်ပြိုင်ပွဲ ကမ္ဘာ့နံပါတ် ၁ ရာဖေးနာဒယ် ဗိုလ်စွဲ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
    M-Media
    140223223148-nadal-top-story-top
    – ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးတွင် ကျင်းပပြုလုပ်ခဲ့သည့် Rio Open တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား ရာဖေးလ်နာဒယ်က အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သော ဗိုလ်လုပွဲတွင် နာဒယ်လ်မှာ ယူကရိန်းတင်းနစ်သမား အဲလက်ဇန်းဒါး ဒိုလ်ဂို ပိုလော့ဗ်အား အကြိတ်အနယ်ကစားကာ ၆-၃၊ ၇-၆ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    နာဒယ်လ်မှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ပြီးခဲ့သည့် တစ်လကျော်ကမှ ပြန်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ၀ါဝရင်ကာအား ရှုံးနိမ့်ကာ ပြိုင်ပွဲမှာ ထွက်ခဲ့ရသော်လည်း ယခုပွဲတွင် အကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲ ဗိုလ်စွဲနိုင်ခဲ့ခြင်းကြောင့် နာဒယ်လ်မှာ ယခုနှစ်အတွင်း ပြိုင်ပွဲ ၃ ပွဲကစားထားပြီး ၂ ခုတွင် ဗိုလ်စွဲထားနိုင်သည်။
    skysport