News @ M-Media

Blog

  • ရေကြီးမြေပြိုမှုကြောင့် နိုင်ငံတစ်ဝှမ်း လူ ၂ သိန်း အိုးအိမ်စွန့်ခွာခဲ့ရ

    ရေကြီးမြေပြိုမှုကြောင့် နိုင်ငံတစ်ဝှမ်း လူ ၂ သိန်း အိုးအိမ်စွန့်ခွာခဲ့ရ

    သြဂုတ် ၂၁၊ ၂၀၁၉
    M-Media

    ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရေကြီးနေသည့် မြင်ကွင်း (Photo Credit – mmtimes)

    -အခုနှစ် ဇွန်လ ၂၅ ရက်နေ့ကစလို့ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် ၈၂ ဦး သေဆုံးပြီး လူ ၂ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ မြန်မာအစိုးရ အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို မွန်ပြည်နယ်က အဆိုးဝါးဆုံး ခံစားခဲ့ရပြီး ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ တစ်ခုတည်းမှာတင် မြေပြိုမှုကြောင့် အနည်းဆုံး ၇၃ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနဟာ ဧရာဝတီမြစ်၊ ဘီးလင်းမြစ်၊ လေးမြို့မြစ်နဲ့ ချင်းတွင်းမြစ်တစ်ဝိုက်က ဒေသတွေမှာ ဇူလိုင်လ ၁၀ ရက်နေ့ကတည်းကစလို့ ရေကြီးရေလျှံမှု သတိပေးချက် ထုတ်ပြန်ထားတာပါ။

    စစ်တောင်းမြစ်၊ ရွှေကျင်မြစ်နဲ့ သံလွင်မြစ်က မြစ်ရေတွေဟာလည်း စိုးရိမ်ရေအမှတ်နားကို ရောက်ရှိလာပြီး လာမယ့်ရက်အနည်းငယ်အတွင်း နေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

    “ကမ်းရိုးတန်းဒေသတွေမှာ မိုးနှောင်းပိုင်းအထိ မိုးတွေ ဆက်ရွာနေအုံးမှာပါ” လို့ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောကြားခဲ့ပါတယ်။

    ရေပြန်ကျသွားပြီဖြစ်တာကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့က ယာယီ ကယ်ဆယ်ရေးစခန်းတွေကို ပိတ်နိုင်ခဲ့ပေမယ့် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာတော့ ဆက်လက်ဖွင့်ထားရပါတယ်။

    Ref : mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • ကက်ရှ်မီးယားကိစ္စကို နိုင်ငံတကာတရားရေးရုံးသို့ ပါကစ္စတန် တိုင်ကြားမည်

    ကက်ရှ်မီးယားကိစ္စကို နိုင်ငံတကာတရားရေးရုံးသို့ ပါကစ္စတန် တိုင်ကြားမည်

    သြဂုတ် ၂၁၊ ၂၀၁၉
    M-Media

    အိန္ဒိယ၀န်ကြီးချုပ် မိုဒီ

    -လက်ရှိဖြစ်ပွားနေတဲ့ ကက်ရှ်မီးယားပြဿနာအတွက် အိန္ဒိယကို နိုင်ငံတကာ တရားရေးခုံရုံးအထိ ခေါ်ဆောင်သွားမယ်လို့ ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။

    အိန္ဒိယဟာ သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခုလအစောပိုင်းမှာ ရုပ်သိမ်းပြီး ဒေသနှစ်ခုခွဲကာ ဗဟိုအစိုးရလက်အောက်မှာထားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    ဒေသတွင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်တာ၊ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာ၊ လူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေလည်း အိန္ဒိယက လုပ်ဆောင်နေပါတယ်။

    ပါကစ္စတန်က အိန္ဒိယရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ပြောဆိုထားပြီး ကုန်သွယ်ရေး၊ ပို့ဆောင်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ကာ သံတမန်တွေလည်း နှင်ထုတ်ခဲ့ပါတယ်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမိုဟာမက် ကိုရိုက်ရှီက လက်ရှိ ကက်ရှ်မီးယား ပြဿနာကို နိုင်ငံတကာတရားရေးရုံးကို တင်ပြသွားမယ်လို့ မနေ့က ARY News TV နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “ကက်ရှ်မီးယားကိစ္စ နိုင်ငံတကာတရားရေးရုံးကိုတင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ တရားရေးဆိုင်ရာ ရှုထောင့်ပေါင်းစုံက သုံးသပ်ပြီးတော့ ဒီလို ဆုံးဖြတ်ချက် ချမှတ်ရတာ ဖြစ်ပါတယ်”

    အိန္ဒိယရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကထားပြီး တင်ပြသွားမယ်လို့လည်း ကိုရိုက်ရှီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်အကြား ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ နှစ်ပေါင်း ၆၀ အငြင်းပွားခဲ့ပြီး စစ်ပွဲလည်း ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကက်ရှ်မီးယားဒေသရဲ့ တစ်ဝက်စီကို ထိန်းချုပ်ထားကြပါတယ်။

    ကက်ရှ်မီးယားမှာ အိန္ဒိယရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘ္ဘာ့အသိုင်းအဝိုင်းကလည်း စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကို ဖုန်းခေါ်ဆိုကာ အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်ဖြေရှင်းရမယ့် ကိစ္စလို့ ပြောဆိုခဲ့သလို၊ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ကလည်း အခုတစ်ပတ် ပဲရစ်မှာ မိုဒီနဲ့တွေ့ဆုံစဉ် ဒီကိစ္စကို ဆွေးနွေးဖို့ ရှိနေပါတယ်။

    Ref: BBC

  • ဝီဂါကိစ္စ တရုတ်ကိုထောက်ခံသည့်နိုင်ငံစာရင်းမှ ကာတာ နှုတ်ထွက်

    ဝီဂါကိစ္စ တရုတ်ကိုထောက်ခံသည့်နိုင်ငံစာရင်းမှ ကာတာ နှုတ်ထွက်

    သြဂုတ် ၂၁၊ ၂၀၁၉
    M-Media

    ရှင်ကျန်းပြည်နယ်မှ ဝီဂါများ

    -ရှင်ကျန်းပြည်နယ်က ဝီဂါတွေအပေါ် ချမှတ်ထားတဲ့ ပေါ်လစီတွေအပါအ၀င် တရုတ်အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံကြောင်း ကုလလူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့စာမှာ လက်မှတ်ရေးထိုးထားမှုကို ကာတာာ ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ Bloomberg သတင်းဌာနက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဇူလိုင်လ ၁၂ ရက်နေ့က တင်သွင်းခဲ့တဲ့ အဲဒီစာမှာ သမ္မတ ရှီကျင့်ဖျင်အစိုးရကို ကာကွယ်ထားပြီး၊ ရှင်ကျန်းပြည်နယ်က အစ္စလာမ်ဘာသာဝင် ဝီဂါလူမျိုးတွေ ဖိနှိပ်ချုပ်ချယ်ခံရတယ်ဆိုတဲ့ သတင်းတွေကလည်း မဟုတ်ဘူးလို့ ရေးသားထားတာပါ။

    ဆော်ဒီအာရေဗျ၊ ကာတာနဲ့ ပါကစ္စတန်အပါအ၀င် နိုင်ငံပေါင်း ၃၇ နိုင်ငံက ဒီစာကို လက်မှတ်ရေးထိုးခဲ့ပြီး အများစုက မွတ်စလင်နိုင်ငံတွေ ဖြစ်ပါတယ်။

    ကာတာကတော့ သူတို့ရဲ့ လက်မှတ်ရေးထိုးမှုကို ရုပ်သိမ်းကြောင်း ကုလ လူ့အခွင့်အရေးကောင်စီ ဥက္ကဌ ကိုလီဆက်ကို သြဂုတ်လ ၁၈ရက်နေ့မှာ အကြောင်းကြားခဲ့ပါတယ်။

    Bloomberg သတင်းဌာနက ဒီအကြောင်းကြားစာ မိတ္တူကို သူတို့ရဲ့ သတင်းထောက်တွေ ရရှိခဲ့ပြီး ကုလနဲ့ ကာတာနိုင်ငံကို မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

    ကုလဆိုင်ရာ ကာတာအမြဲတမ်းသံအမတ် အလီ အလ်-မန်ဆူရီက ကာတာရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ ညှိနှိုင်း ဖြန်ဖြေရေးဖြစ်တဲ့အတွက် ဒါကိုပဲ အဓိက လုပ်ဆောင်သွားမယ်လို့ အကြောင်းကြားစာထဲမှာ ဖော်ပြထားပါတယ်။

    “ဒါ့ကြောင့် ဘက်မလိုက်တဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပြီး ညှိနှိုင်းမှုတွေ၊ ဖြန်ဖြေမှုတွေ လုပ်ဆောင်ဖို့လည်း ကမ်းလှမ်းသွားမှာပါ”

    နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါတွေနဲ့ တစ်ခြား တိုင်းရင်းသား လူနည်းစုတွေ တရုတ်အစိုးရ ဖိနှိပ်ချုပ်ခြယ်မှုတွေ လုပ်နေပြီး ဝီဂါတစ်သန်းလောက်ကိုလည်း အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ နိုင်ငံတကာ မီဒီယာတွေက စုံစမ်း ဖော်ထုတ် တင်ပြခဲ့ကြပါတယ်။

    တရုတ်ရဲ့ ဒီလုပ်ရပ်တွေကို ရှုတ်ချတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူရေး တိုက်တွန်းတဲ့ စာတစ်စောင်ကို ဇူလိုင်လ ၈ ရက်နေ့မှာ ကမ္ဘ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံက လက်မှတ်ရေးထိုးကာ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ တင်ပြခဲ့ပါတယ်။ အဲဒီလက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေထဲမှာ မွတ်စလင်နိုင်ငံ တစ်နိုင်ငံမှ ပါဝင်ခြင်း မရှိပါဘူး။

    ၂၀၁၈ ခုနှစ် အချက်အလက်တွေအရ တရုတ်ဟာ ကာတာနိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၃ ဘီလီယံ ရှိပါတယ်။

    အခုနှစ်အစောပိုင်းက ကာတာဟာ ဝီဂါအရေး တက်ကြွလှုပ်ရှားသူ အဘ်လီကင် ယူစွဖ်ကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းဖို့ စီစဉ်ခဲ့ဖူးပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ တားဆီးမှုကြောင့် ယူစွဖ်ဟာ အမေရိကန်ကို သွားရောက် ခိုလှုံနိုင်ခဲ့ပါတယ်။

    Ref: Bloomberg

  • အာကာသအေဂျင်စီတစ်ခုကို ဖိလစ်ပိုင်ဖွဲ့စည်း

    အာကာသအေဂျင်စီတစ်ခုကို ဖိလစ်ပိုင်ဖွဲ့စည်း

    သြဂုတ် ၂၀၊ ၂၀၁၉
    M-Media


    ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့သည့် Diwata-1

    -ဖိလစ်ပိုင်နိုင်ငံဟာ အာကာသ အေဂျင်စီတစ်ခုကို ဖွဲ့စည်းလိုက်ပြီး တိုင်းပြည်ရဲ့ အာကာသဆိုင်ရာ စူးစမ်းရှာဖွေရေးလုပ်ငန်းကို ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    သမ္မတ ဒူတာတေးဟာ အာကာသအေဂျင်စီ ဖွဲ့စည်းရေး ဥပဒေတစ်ခုကို သြဂုတ်လ ၈ ရက်နေ့မှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့တာပါ။ လက်ရှိ ဖိလစ်ပိုင်နိုင်ငံရဲ့ အာကာသလုပ်ငန်းတွေကို အစိုးရဌာနအသီးသီးက တစ်သီးတစ်ခြားစီ လုပ်ဆောင်နေတာဖြစ်ပါတယ်။

    အာကာသအေဂျင်စီတစ်ခု ပေါ်လာတာကြောင့် အဲဒီလုပ်ငန်းတွေအားလုံးကို တစ်စုတစ်စည်းတည်း လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ အာကာသနည်းပညာကို နိုင်ငံတော်လုံခြုံရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်တားဆီးရေး၊ အာကာသ သုတေသနလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဖိလစ်ပိုင်က ရည်ရွယ်ထားပါတယ်။

    မနီလာမြို့အခြေစိုက် အာကာသ အကြံဉာဏ်ပေးရေးအဖွဲ့ Regulus SpaceTech ရဲ့ ဥက္ကဌ ရိုဂျဲလ် မာရီ ဆီဆီ အာကာသအေဂျင်စီတစ်ခု ပေါ်ပေါက်လာဖို့အတွက် ၂၀၁၃ ခုနှစ်ကတည်းက အိပ်မက် မက်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ အသီးအပွင့်ကို မြင်ရပြီလို့ ပြောကြားခဲ့ပါတယ်။ ရိုဂျဲလ်ဟာ အာကာသအေဂျင်စီ ပေါ်ပေါက်လာရေး ကူညီပေးခဲ့တဲ့ နိုင်ငံတော်အာကာသဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

    အသစ်ဖွဲ့စည်းလိုက်တဲ့ အာကာသ အေဂျင်စီကနေတစ်ဆင့် ပုဂ္ဂလိက အာကာသကဏ္ဍ၊ နိုင်ငံတကာ အာကာသ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေ အားကောင်းအောင်လည်း ဖိလစ်ပိုင်နိုင်ငံက ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

    အာကာသအေဂျင်စီဟာ ကနဦး မတည်ငွေအဖြစ် ပီဆို ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၉ သန်း) ကို သမ္မတရုံးကနေ ရရှိမှာ ဖြစ်ပါတယ်။ နောက်ပိုင်း ရန်ပုံငွေတွေကိုတော့ အစိုးရဘက်ဂျက်ကနေ နှစ်စဉ် ရရှိမှာပါ။

    ဖိလစ်ပိုင်ပညာရှင်တွေ ဒီဇိုင်းထုတ် တည်ဆောက်ထားတဲ့ ဂြိုဟ်တုအသေးစား Diwata-1 ကို ၂၀၁၆ ခုနှစ်က ဂျပန် အာကာသအေဂျင်စီရဲ့ အကူအညီနဲ့ ၂၀၁၆ ခုနှစ်မှာ အာကာသထဲ လွှတ်တင်ခဲ့ဖူးပါတယ်။

    Ref: Nature

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    သြဂုတ် ၂၀၊ ၂၀၁၉
    M-Media

    ဘာစီလိုနာမှ ကော်တင်ဟို ဘိုင်ယန်ရောက်ပြီ 
    ==========================
    ဘာစီလိုနာက တိုက်စစ်အားသန်းတဲ့ အလယ်တန်းကစားသမား ဖိလစ် ကော်တင်ဟိုကို ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်က တစ်ရာသီ အငှားစာချုပ်နဲ့ ဒီကနေ့မှာ ခေါ်ယူလိုက်ပါတယ်။လတ်တလော ပြောင်းရွှေ့ကြေး ပေါင် ၈.၅ သန်း ပေးထားရပြီး စာချုပ်မှာ အပြီးသတ်ခေါ်ယူချင်တယ်ဆိုရင်နောက်ထပ် ပေါင် သန်း ၁၁၀ နီးပါး ပေးရမယ်ဆိုတဲ့ ခြွင်းချက်တစ်ခုလည်း ပါဝင်ပါတယ်။

    ကော်တင်ဟိုဟာ ၂၀၁၈ ခုနှစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက လီဗာပူးလ်ကနေ ပေါင် ၁၄၂ သန်းနဲ့ ဘာစီလိုနာ ရောက်လာခဲ့ပေမယ့် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ကော်တင်ဟိုကတော့ ဘိုင်ယန်မှာ ကြာကြာနေပြီး ဆုဖလားတွေ ရယူသွားဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စိန်ခေါ်မှုကိုကြိုက်၍ အာဆင်နယ်သို့ ဒေးဗစ်လူးဝစ် ရွှေ့ပြောင်း
    =======================
    စိန်ခေါ်မှုအသစ်တွေကို ကြိုက်နှစ်သက်တဲ့အတွက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ရတာ ဖြစ်တယ်လို့ချယ်ဆီးနောက်ခံလူဟောင်း ဒေးဗစ် လူးဝစ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ်လူးဝစ်ဟာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ရာသီ နောက်ဆုံးအချိန်ကျမှ ပြောင်းရွှေ့ခဲ့တာပါ။ နောက်ခံအလယ်လူ လူးဝစ်ဟာ ချယ်ဆီးမှာ ၂ ရာသီ ကစားခဲ့ပြီး အဓိကဖလား ၆ ခု ရရှိခဲ့ပါတယ်။ ချယ်ဆီးနည်းပြသစ် ဖရန့်လမ်းပတ်က သူ့ကို ပုံမှန်ပွဲထွက်ခွင့် အာမမခံဘူးလို့ ပြောဆိုခဲ့ပြီး လူးဝစ်က လခယူကာ သက်တောင့်သက်သာ နေထိုင်တာမျိုးထက် အသစ်အဆန်းတွေကို ထိတွေ့ခံစားချင်တယ်လို့ ဆိုပါတယ်။

    သမိုင်းတစ်လျှောက် အတိကျဆုံးဘောလုံးကို Nike က ပြန်ထုတ်မည်
    ======================
    ပရီးမီးယားလိဂ်နဲ့ လက်တွဲမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် Geo Merlin ကန့်သတ်အရေအတွက်နဲ့ ပြန်လည်ထုတ်လုပ်ရောင်းချသွားမယ်လို့ Nike က ကြေငြာလိုက်ပါတယ်။ ၂၀၀၀-၂၀၀၁ ကနေ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီအထိ အသုံးပြုခဲ့တဲ့ အဲဒီဘောလုံးဟာ ပရီးမီးယားလိဂ်အတွက် Nike ကထုတ်လုပ်ပေးသမျှထဲမှာ အမြန်ဆုံးနဲ့ အတိကျဆုံးလို့ သတ်မှတ်ခံရပါတယ်။

    အခုတစ်ကြိမ်မှာတော့ အလုံး ၆၀၀ ရာသာ ပြန်ထုတ်မှာဖြစ်ပြီး မူလဘောလုံးနဲ့ ဒီဇိုင်းအသေးစိတ် တူညီမှာပါ။ တန်ဖိုးကတော့ ၁၅၅ ပေါင် ကျသင့်မှာ ဖြစ်ပါတယ်။ အားပြင်းပြင်းနဲ့ ကန်လိုက်ရင်တောင် ပုံစံမပျက်အောင် ဖန်တီးထားတဲ့အတွက် Geo Merlin ဘောလုံးဟာ အလုံးဝန်းဆုံး ဘောလုံးလို့လည်းအမည်တွင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီဘောလုံးနဲ့ သွင်းယူထားတဲ့ ဂိုးအရေအတွက်ဟာ ၉၉၂ ဂိုး ရှိပါတယ်။

    Ref: Daily Mail, BBC