News @ M-Media

Blog

  • မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တရုတ်နိုင်ငံသို့ ၄ ရက်ကြာ လာရောက်

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တရုတ်နိုင်ငံသို့ ၄ ရက်ကြာ လာရောက်

    ဇန်န၀ါရီ ၈၊ ၂၀၁၉
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ၄ ရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကြောင့် ကင်နဲ့အဖွဲ့ဟာ မနေ့ကနေ့လည်ပိုင်းမှာ ပြုံယမ်းကနေ အထူးရထားနဲ့ တရုတ်နိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယမြောက်တွေ့ဆုံဖို့စီစဉ်မှု လိပ်ခဲတည်းလည်းဖြစ်နေတဲ့အချိန်မှာ ဒီခရီးစဉ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    မနှစ်က ကင်ဟာ ၃ ကြိမ်တိုင်တိုင် တရုတ်နိုင်ငံကိုသွားရောက်ကာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး တောင်ကိုရီးယား သမ္မတ၊ အမေရိကန်သမ္မတတို့နဲ့ မတွေ့ဆုံခင်ရော တွေဆုံအပြီးမှာပါ ဒီလိုသွားတွေ့ခဲ့တာပါ။

    ပြီးခဲ့တဲ့နှစ်အတွင်း စင်ကာပူမှာ ထရမ့်နဲ့ တွေ့ဆုံမှုအတွင်း ကင်က ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပေမယ့် အသေးစိတ်ဆောင်ရွက်မှုကိစ္စတွေမှာ သဘောတူညီချက် မရတဲ့အတွက် တိုးတက်မှု သိပ်မရှိပါဘူး။

    အခုနှစ်အတွင်း ထရမ့်နဲ့ ကင်တို့ နောက်တစ်ကြိမ် တွေ့ဆုံဖို့ရှိနေပြီး ဘယ်နေရာမှာ တွေ့မလဲဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • တိုက်ပွဲကြောင့်ထွက်ပြေးလာသည့် ရခိုင်ပြည်သူများ အကူအညီပိုလိုအပ်နေ

    တိုက်ပွဲကြောင့်ထွက်ပြေးလာသည့် ရခိုင်ပြည်သူများ အကူအညီပိုလိုအပ်နေ

    ဇန်န၀ါရီ ၈၊ ၂၀၁၉
    M-Media

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    – တိုင်းရင်းသားလိုက်နက်ကိုင်တပ်ဖွဲ့က ရဲစခန်းတွေကို တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့အဖြစ်အပျက် ဖြစ်ပွားတာ ၂ ရက်ကြာမြင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ တနင်္ဂနွေနေ့အထိ တင်းမာမှုတွေက မြင့်တက်နေဆဲ ဖြစ်ပါတယ်။

    သောကြာနေ့ ဘူးသီးတောင်မြို့နယ်က ရဲစခန်းတွေကို တိုက်ခိုက်မှုမှာ တာဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်တွေ ရှာဖွေရေးလုပ်ငန်းလုပ်ငန်းကိုလည်း အစိုးရတပ်ဖွဲ့တွေက လုပ်ဆောင်နေပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ထောင်နဲ့ချီတဲ့ ရွသားတွေဟာ တိုက်ပွဲကို ရှောင်ရှားဖို့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ပုဏ္ဍားကျွန်းမြို့နယ်က အထက်မျက်လှယ် ယာယီစစ်ရှောင်စခန်းမှာ ဒုက္ခသည် ရာနဲ့ချီ ခိုလှုံနေရပြီး အဲဒီအထဲကတစ်ဦးဖြစ်တဲ့ ဦးဘီးသီထက ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာတာကြောင့် တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ ဒုက္ခသည်တွေ ထပ်ရောက်လာတယ်လို့ Myanmar Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    “တိုက်ခိုက်တာတွေကို ကြောက်ရွံ့တာတစ်ခုတည်းကြောင့်မဟုတ်ဘဲ၊ စားနပ်ရိက္ခာတွေ ပြတ်တောက်သွားတာကြောင့် လူတွေ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်”

    နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒုတိယ၀န်ကြီး ဦးခင်မောင်တင်၊ ရဲတပ်ဖွဲ့အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး ဦးအောင်ဝင်းဦးနဲ့  မီဒီယာသမားတွေ ပါဝင်တဲ့အဖွဲ့ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်ကို သွားရောက်ကာ စစ်တပ်က လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို ကြည့်ရှုခဲ့ကြပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေထဲက တစ်ယောက်ဖြစ်ပြီး ကလေး ၃ ဦးရှိတဲ့ မခင်အေးသိန်းက သေနတ်သံတွေ ရွာနဲ့နီးလာပြီး စားစရာ ပြတ်လပ်သွားတာကြောင့် လွတ်လပ်ရေးနေ့ကဖြစ်ပွားတဲ့ တိုက်ပွဲတွေမတိုင်ခင်ကတည်းက ထွက်ပြေးလာရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ အလုပ်သွားလုပ်လို့ မရဘူး။ ရိက္ခာလည်း မရှိပါဘူး။ တစ်ခုတည်းသော ရွေးချယ်စရာက ထွက်ပြေးရတာပါပဲ”

    ကယ်ဆယ်ရေးစခန်းမှာ အခြေခံလိုအပ်ချက်တွေ မပြည့်စုံတာ၊ အိမ်သာမရှိတာတွေကိုလည်း သူမက ထောက်ပြခဲ့ပြီး နေ့ဘက်ဆို အရမ်းပူလွန်းကာ၊ ညဘက်ကျရင်လည်း အရမ်းအေးလွန်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    “ရွာကိုပဲ အမြန်ဆုံး ပြန်ချင်ပါတယ်။ ဒီပြဿနာ ဘယ်တော့မှပြီးမလဲဆိုတာကိုလည်း ကျွန်မ မသိပါဘူး” လို့ မခင်အေးသိန်းက ပြောပါတယ်။

    သူမ နေထိုင်တဲ့ ကယ်ဆယ်ရေးစခန်းမှာ လူ ၁၃၀၀ လောက်ရှိပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    ဒေသတွင်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဟာ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးနေပြီး ပြည်နယ်အစိုးရကလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေကာ အထူးသဖြင့် ၀မ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးငယ်တွေအတွက် ဖြစ်ပါတယ်။

    “လက်ရှိမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းတဲ့သောက်သုံးရေကို ပိုလိုအပ်နေပါတယ်” လို့ ဒုက္ခသည်များ အကူအညီပေးရေးကော်မတီဥက္ကဌ ဦးတင်ထွန်းအောင်က ပြောကြားခဲ့ပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ငမြင်းဘော် ရဲကင်းစခန်းကို AA တိုက်ခိုက်ရေးသမား ၁၀၀၊ ကျောင်းတောင် စခန်းကို နောက်ထပ် ၁၀၀ လောက် ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    ဂုတ်ပိစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း AA တပ်ဖွဲ့ဝင် ၅၀၊ ခထီးလှစခန်းကို တိုက်ခိုက်မှုမှာ ၁၀၀ လောက် ပါဝင်ခဲ့ပြီး ဒီစခန်းအားလုံးဟာ ဘူးသီးတောင်မြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။

    မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ AA အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ခဲ့တာ ဖြစ်ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ ၄ လ အပစ်ရပ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စစ်တပ်က ကြေငြာခဲ့ပေမယ့် ရခိုင်ပြည်နယ်တော့ မ၀ါဝင်ပါဘူး။

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    Ref: Myanmar Times

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Tensions high in Rakhine following deadly attacks သတင်းဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • နီပေါနိုင်ငံမှ နာမည်ကြီးရသေ့တစ်ပါး လူပျောက်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

    ဇန်န၀ါရီ ၈၊ ၂၀၁၉
    M-Media

    ‘ဗုဒ္ဓအငယ်စားလေး’ လို့ကျော်ကြားသည့် ရာမ ဘဟာဒူးရ် ဘွမ်ဂျန်

    – ‘ဗုဒ္ဓအငယ်စားလေး’ လို့ကျော်ကြားတဲ့ ရသေ့တစ်ပါးကို ဒကာ၊ ဒကာမတွေ ပျောက်ဆုံးမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ နီပေါရဲတပ်ဖွဲ့က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရာမ ဘဟာဒူးရ် ဘွမ်ဂျန်လို့ခေါ်တဲ့ အဲဒီရသေ့ဟာ တောထဲမှာ လနဲ့ချီ မစားမသောက်ဘဲ တရားကျင့်မှုကြောင့် ၂၀၀၅ ခုနှစ်မှာ စတင်ကျော်ကြားခဲ့ပြီး ‘ဗုဒ္ဓအငယ်စားလေး’ လို့ သမုတ်ခံခဲ့ရပါတယ်။

    လက်ရှိမှာ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သူဟာ သူ့နောက်လိုက်တွေထဲက တစ်ချို့အပေါ် လက်ရောက်ကျူးလွန်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

    နီပေါရဲတပ်ဖွဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ပြောရေးဆိုခွင့်ရှိသူ အူမာ ပရာဆဒ် ချာတူရ်ဘီဒီက ဘွမ်ဂျန် တရားအားထုတ်ရာ နေရာတွေမှာ ပျောက်ဆုံးသွားတဲ့ လူ ၄ ဦးရဲ့ မိသားစုတွေက တိုင်ကြားမှု ပြုလုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဘွမ်ဂျန်နဲ့ပတ်သက်ပြီး တိုင်ကြားထားမှုတွေအတွက် စုံစမ်းစစ်ဆေးမှု စတင်နေပါတယ်။ လက်ရှိမှာ ကနဦး စုံစမ်းစစ်ဆေးဆဲအဆင့်သာ ရှိတဲ့အတွက် အသေးစိတ်ကို ပြောလို့မရသေးပါဘူး”

    လာရောက်ဖူးမျှော်သူ ထောင်နဲ့ချီရှိတဲ့ ဘွမ်ဂျန်ဟာ ယခင်ကလည်း ဒီလို စွပ်စွဲမှုတွေကို ခံခဲ့ရပါတယ်။

    ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ အသက် ၁၈ နှစ်အရွယ် သီလရှင်တစ်ဦးက ဘွမ်ဂျန်ဟာ တရားကျင့်ရာ နေရာတစ်ခုမှာ သူမကို အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲကာ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒီလိုတိုင်ကြားမှုပေါင်း တော်တော်များများ ပေါ်လာခဲ့ပါတယ်။

    ဘွမ်ဂျန်ကတော့ သူတရားအားထုတ်တာကို လာရောက်နှောက်ယှက်တဲ့အတွက် ရိုက်နှက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အဖွဲ့ Bodhi Shrawan Dharma Sangha က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

    Ref: CNA

  • တရုတ်၏ BRI စီမံကိန်းကို အဆီယံဒေသမှ လူအများစုက စိုးရိမ်နေ

    တရုတ်၏ BRI စီမံကိန်းကို အဆီယံဒေသမှ လူအများစုက စိုးရိမ်နေ

    ဇန်န၀ါရီ ၇၊ ၂၀၁၉
    M-Media

    ပြီးခဲ့သည့်နှစ်က ဘေဂျင်းတွင် ပြုလုပ်ခဲ့သည့် BRI ပူးပေါင်းဆောင်ရွက်အစည်းအဝေးတွင် မိန့်ခွန်းပြောနေသည့် တရုတ်ဝန်ကြီးချုပ်

    – တရုတ်နိုင်ငံက ဆောင်ရွက်နေတဲ့ Belt and Road Initiative (BRI) စီမံကိန်းဟာ အကြွေးထောက်ချောက်ထဲ ကျရောက်သွားမယ့်အန္တရာယ် ရှိနိုင်တယ်လို့ အာဆီယံနိုင်ငံတွေက ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်က စိုးရိမ်နေကြောင်း လေ့လာမှုအသစ်တစ်ခုမှာ တွေ့မြင်ခဲ့ရပါတယ်။

    ဒီလေ့လာမှုကို စင်ကာအခြေစိုက် သုတေသနအဖွဲ့ ISEAS-Yusof Ishak Institute က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    အာဆီယံနိုင်ငံအားလုံးက အစိုးရတွေ၊ တတ်သိပညာရှင်အသိုင်းအ၀ိုင်း၊ စီးပွားရေးအသိုင်းအ၀ိုင်းက လူပေါင်း ၁၀၀၈ ဦးကို မေးမြန်းရာမှာ ထက်ဝက်ခန့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ Belt and Road Initiative (BRI) စီမံကိန်းဟာ အာဆီယံဒေသကို သူ့လမ်းကြောင်းထဲရောက်လာအောင် ဆွဲခေါ်တာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

    စီမံကိန်း ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောကြားသူက ၃ ပုံတစ်ပုံရှိပြီး၊ ၁၆ ရာခိုင်နှုန်းကတော့ ကျရှုံးလိမ့်မယ်လို့ ယူဆနေပါတယ်။

    ဖြေကြားသူတွေရဲ့ အများစုဖြစ်တဲ့ ၇၀ ရာခိုင်နှုန်းက တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲကို မရောက်ဖို့အတွက် BRI စီမံကိန်းကို သတိထားချဉ်းကပ်ရမယ်လို့ သုံးသပ်ကြပြီး မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံမှာ ဒီလိုအမြင်မျိုး အများဆုံးရှိတာကို တွေ့ရပါတယ်။

    အနောက်နိုင်ငံတစ်ချို့က BRI စီမံကိန်းဟာ အကြွေးထောင်ချောက်ဖြစ်တယ်လို့ စွပ်စွဲထားပြီး တရုတ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

    ISEAS-Yusof Ishak Institute က ပြုလုပ်တဲ့ စစ်တမ်းမှာ ဖြေဆိုသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက တရုတ်ရဲ့ ဒေသတွင်း စီးပွားရေးလွှမ်းမိုးမှုဟာ တော်တော်လေးကို အားကောင်းနေပြီး နောက်ပိုင်းမှာ အမေရိကန်ထက်ပိုပြီး နိုင်ငံရေး၊ မဟာဗျူအရပါ လွှမ်းမိုးမှု ပိုမိုအားကောင်းလာလိမ့်မယ်လို့ ရှုမြင်နေကြပါတယ်။

    ကမ္ဘာတစ်ဝှမ်း အမေရိကန်ရဲ့သြဇာ၊ အရှေ့တောင်အာရှဒေသမှာ အမေရိကန်ရဲ့ ထိတွေ့မှုတွေ ကျဆင်းလာတယ်လို့လည်း ဖြေဆိုသူအများစုက သုံးသပ်ကြပါတယ်။

    တရုတ်ဟာ ‘သူ့ဘက်ကိုယ့်ဖက် မျှကြည့်တတ်တဲ့ အင်အားကြီးနိုင်ငံလား’ လို့ မေးမြန်းရာမှာ ၉၉ ရာခိုင်နှုန်းကျောက် ‘မဟုတ်ဘူး’ လို့ ဖြေကြားခဲ့ပါတယ်။

    အစီရင်ခံစာကို ထုတ်ပြန်သူတွေက ဒီစစ်တမ်းဟာ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ပုံရိပ် မှေးမှိန်နေမှုကို ပြောင်းလဲပစ်ဖို့ သတိပေးခေါင်းဆောင်း ထိုးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင်ဖော်ပြသည့် သတင်းကို ထုတ်နှုတ်ဘာသာပြန်ဆိုခြင်းဖြစ်သည်)

  • ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသားအမွေအနှစ်အဖြစ် ပါကစ္စတန်သတ်မှတ်

    ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသားအမွေအနှစ်အဖြစ် ပါကစ္စတန်သတ်မှတ်

    ဇန်န၀ါရီ ၇၊ ၂၀၁၈
    M-Media

    – နိုင်ငံမြောက်ပိုင်း ခိုင်ဘာ ပက်သွန်ခွါပြည်နယ်က ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသားအမွေအနှစ်အဖြစ် ပါကစ္စတန်က သတ်မှတ်လိုက်ပါတယ်။

    ပြည်နယ်မြို့တော် ပက်ရှ်ဝါရ်က Panj Tirath လို့ အမည်ရတဲ့ ရှေးဟောင်းဘုရားကျောင်းဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ ရှေးဟောင်းအမွေနှစ်နှင့် ပြတိုက်များဆိုင်ရာ ဌာနက ဒီဘုရားကျောင်းကို အမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    Panj Tirath ပရဝုဏ်အတွင်း ရေကန် ၅ ခု၊ ဘုရားကျောင်းနှစ်ခုနဲ့ မြက်ခင်းပြင်တို့ ပါဝင်ပြီး လက်ရှိမှာ ပန်းခြံအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ ဘုရားကျောင်းဟာ ဟိန္ဒူဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံး ဘုရားကျောင်းတွေထဲက တစ်ခုလည်းဖြစ်ပြီး ရေကန်ထဲက ရေတွေဟာ အနာရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

    ပျက်ဆီးယိုယွင်းနေတဲ့ အဲဒီဘုရားကျောင်းကို ပြည်နယ်အစိုးရက ၂၀၁၆ ခုနှစ်ကတည်းက စတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဘုရားကျောင်းကို ပျက်ဆီးအောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ဒဏ်ငွေ ရူပီး ၂ သန်းအထိ၊ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Thelogicalindian