News @ M-Media
Blog
  • ဧရာမ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု အီဂျစ်တွင် ဖွင့်လှစ်
    ဧရာမ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု အီဂျစ်တွင် ဖွင့်လှစ်
    ဇန်န၀ါရီ ၇၊ ၂၀၁၈
    M-Media
    အသစ်ဖွင့်လှစ်လိုက်သည့် Cathedral of the Nativity ဘုရားကျောင်း
    – အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အကြီးဆုံးဖြစ်လာမယ့် ခရစ်ယာန်ဘုရားကျောင်းကို အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီက မနေ့မှာ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံရဲ့ သမိုင်းတွင်မယ့်နေ့ရက်လို့လည်း ပြောကြားလိုက်ပါတယ်။
    Cathedral of the Nativity လို့ အမည်ပေးထားတဲ့ အဲဒီ ကော့ပတစ် ခရစ်ယာန်ရားကျောင်းဟာ အီဂျစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်သစ်မှာ တည်ဆောက်ထားတာဖြစ်ပြီး အီဂျစ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ကော့ပတစ်ခရစ်ယာန် ဘာသာဝင်ရဲ့ ထည့်ဝင်ငွေလည်း ပါဝင်ပါတယ်။
    မနေ့က ကျရောက်တဲ့ ကော့ပတစ်ခရစ်ယာန်တွေရဲ့ ခရစ်စ္စမတ်နေ့ ၀တ်ပြုဆုတောင်းမှုကို အဲဒီဘုရားကျောင်းမှာ ပထမဆုံး ကျင်းပခဲ့ပြီး သမ္မတ အလ်-စီစီ တက်ရောက်ကာ ဘုရားကျောင်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
    “ဒီအခမ်းအနားဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့သမိုင်းမှာ အရေးပါတဲ့ကာလတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်သွေးတစ်သားတည်းဖြစ်ပြီး အမြဲတမ်းလည်း ဒီအတိုင်းဖြစ်နေမှာပါ” လို့ အလ်-စီစီက နိုင်ငံအတွင်းမှာရှိနေတဲ့ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို ရည်ညွှန်းပြီး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အီဂျစ်နိုင်ငံရဲ့ သန်း ၁၀၀ နီးပါးသော လူဦးရေမှာ ခရစ်ယာန်ဘာသာဝင်ဦးရေဟာ ၁၀ ရာခိုင်နှုန်းလောက်ရှိပြီး ကော့ပတစ် ခရစ်ယာန်အသင်းတော်က အကြီးဆုံး ဖြစ်ပါတယ်။
    ကော့ပတစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး တာဝါဒရော့စ် ၂ က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    “ဒီကနေ့မှာ ဘုရားသခင်ရဲ့ ကတိတော် ပြည့်မြောက်တာကို ကျွန်တော်တို့ တွေ့မြင်ရပါပြီ။ ဒီလို ကြီးကျယ်တဲ့ အခမ်းအနားကို ကျွန်တော်တို့က သက်သေခံနေပါတယ်”
    ဘုရားကျောင်းတည်ရှိရာ ခြံဝန်းဟာ ၆၃၀၀၀ စကွဲယားမီတာရှိပြီး ပန်းခြံ၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီး သီတင်းသုံးရာ အဆောက်အဦး၊ ဧည့်ဆောင်၊ အစည်းအဝေးခန်းနဲ့ ရုံးခန်းတွေလည်း ပါဝင်မှာဖြစ်ကာ တစ်ကြိမ်ကို လူပေါင်း ၉၀၀၀ လောက် တစ်ပြိုင်တည်း ၀တ်ပြုဆုတောင်းနိုင်မှာ ဖြစ်ပါတယ်။
    ဘုရားကျောင်းပရ၀ုဏ်အတွင်း ကော့ပတစ် ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ မီးပြတိုက်နှစ်ခုလည်း ပါဝင်ပြီး မီးပြတိုက်တွေရဲ့ ထိပ်ဆုံးမှာ ခေါင်းလောင်းတွေကိုလည်း တပ်ဆင်ထားပါတယ်။
    ဘုရားကျောင်းဖွင့်ပွဲအခမ်းအနားကို အရှေ့အလယ်ပိုင်းနိုင်ငံတွေက နိုင်ငံတွေနဲ့ မွတ်စလင်အဖွဲ့အစည်း၊ အာရပ်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
    သမ္မတ အလ်-စီစီဟာ မြို့တော်သစ်က al-Fattah al-Aleem ဗလီဝတ်ကျောင်းတော်ကိုလည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
    အီဂျစ်က ထိပ်တန်း အစ္စလာမ့် ဓမ္မတက္ကသိုလ်ဖြစ်တဲ့ အလ်-အဇ်ဟာရ်က ရှေ့ဆောင်အီမာမ်ကြီးက ခရစ်ယာန်၊ ဂျူးတွေ အပါအ၀င် ဘယ်သူတွေရဲ့ ၀တ်ပြုရာနေရာကိုမဆို စောင့်ရှောက် ကာကွယ်ပေးဖို့ အစ္စလာမ်သာသနာက ဘာသာဝင်တွေကို တာဝန်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    Cathedral of the Nativity ဘုရားကျောင်းနဲ့ al-Fattah al-Aleem ဗလီဝတ်ကျောင်းတော်တို့တည်ရှိတဲ့ အုပ်ချုပ်ရေးမြို့တော်သစ် ဆောက်လုပ်မယ့် စီမံကိန်းကို ၂၀၁၅ ခုနှစ်မှာ အီဂျစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။
    Ref: Reuters
  • မိသားစုပြဿနာဖြင့် ထိုင်းသို့ ထွက်ပြေးလာသည့် ဆော်ဒီအမျိုးသမီး နေရပ်ပြန်ပို့မည်ကို ကြောက်ရွံ့
    မိသားစုပြဿနာဖြင့် ထိုင်းသို့ ထွက်ပြေးလာသည့် ဆော်ဒီအမျိုးသမီး နေရပ်ပြန်ပို့မည်ကို ကြောက်ရွံ့
    ဇန်န၀ါရီ ၇၊ ၂၀၁၉
    M-Media
    မိသားစုပြဿနာကြောင့် ဆော်ဒီကထွက်ပြေးလာခဲ့သည့် အလ်-ကွန်နွန်
    – မိဘတွေက ချုပ်ချယ်လွန်းတဲ့အတွက် ထွက်ပြေးလာပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာ သောင်တင်နေတဲ့ ဆော်ဒီအမျိုးသမီးက နေရပ်ပြန်ရင် အသက်အန္တရာယ်ရှိတာကြောင့် ပြန်မပို့ဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။
    အသက် ၁၈ နှစ်အရွယ် ရာဟက်ဖ် မိုဟာမက် အလ်-ကွန်နွန်ဆိုသူဖြစ်ပြီး မိဘတွေထံကနေထွက်ပြေးကာ ကူဝိတ်ကနေတစ်ဆင့် ထိုင်းနိုင်ငံကို မနေ့က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆော်ဒီနဲ့ ကူဝိတ်အာဏာပိုင်တွေက တားဆီးတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးက သူမရဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်စ်ပို့တွေကို သိမ်းဆည်းခဲ့ပါတယ်။
    မိသားစုက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ချုပ်ချယ်မှုတွေလုပ်တာကြောင့် ဒီလို ထွက်ပြေးလာရတာဖြစ်ကြောင်း၊ ဆံပင်ညှပ်မိတဲ့အတွက် ၆ လလောက် အခန်းထဲပိတ်ထားတာ ခံခဲ့ရကြောင်း Twitter စာမျက်မှာ ရေးသားခဲ့ပြီး ဆော်ဒီပြန်မပို့ဖို့လည်း ထိုင်းအာဏာပိုင်တွေကို အလ်-ကွန်နွန်က တောင်းဆိုခဲ့ပါတယ်။
    “ဆော်ဒီထောင်ကနေထွက်တာနဲ့ ကျွန်မကို သူတို့သတ်တော့မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်”
    သြစတေးလျမှာ ခိုလှုံ့ခွင့်ရထားပြီး ထိုင်းကနေတစ်ဆင့် သွားရောက်ဖို့ စီစဉ်ထားတဲ့ အလ်-ကွန်နွန်ဟာ ကူဝိတ်မှာ ရှိနေစဉ်တုန်းကလည်း သူမရဲ့ အကြောင်းတွေကို ဆိုရှယ်မီဒီယာကနေ တစ်ဆင့် Live လွှင့်ပြောကြားကာ နိုင်ငံတကာကို အကူအညီတောင်းခဲ့ပါတယ်။
    ထိုင်း လူဝင်မှုကြီးကြပ်ရေးအကြီးအကဲ ဆူရာချက်တီ ဟက်ပန်က အလ်-ကွန်နွန်ဟာ အပြန်လက်မှတ်၊ ငွေသားတွေလို အခြား စာရွက်စာတမ်းတွေ ပါမလာဘူးလို့ ပြောကြားခဲ့ပါတယ်။
    “လက်ထပ်ရမှာကြောက်လို့ မိသားစုထံကနေ ထွက်ပြေးလာတာပါ။ ဆော်ဒီကိုပြန်ရင် ပြဿနာတက်မှာကိုလည်း သူမက ကြောက်နေပါတယ်။ တာဝန်ရှိသူတွေကိုလွှတ်ပြီး သူမကို စောင့်ရှောက်ခိုင်းထားပါတယ်။ ဒါက မိသားစုပြဿနာပါ”
    လက်ရှိမှာ ဆော်ဒီသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဇန်န၀ါရီ ၇ ရက် (တနင်္လာနေ့) မနက်ပိုင်းမှာ ဆော်ဒီအာရေဗျကို ပြန်လည်ပို့ဆောင်သွားမယ်လို့လည်း ဆူရာချက်တီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    လူ့အခွင့်အရေးတက်ကြွသူများ ဝေဖန်
    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က UNHCR မှာ အလ်-ကွန်နွန်ကို ခိုလှုံခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။
    “မိသားစုထံကနေ ထွက်ပြေးလာတဲ့ ဆော်ဒီအမျိုးသမီးတွေဟာ သူတို့ဆန္ဒမပါဘဲ ပြန်ပို့ခံရရင် ဆွေမျိုးတွေရဲ့ အကြမ်းဖက်မှု၊ လွတ်လပ်ခွင့်ဆုံးရှုံးမှုနဲ့ အခြား ဆိုးရွားတဲ့ ထိခိုက်မှုတွေကို ကြုံတွေ့လာရနိုင်ပါတယ်” လို့ HRW ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ လက်ထောက်ဒါရိုက်တာ မီခေးလ်ပေ့ဂ်ျက ပြောကြားခဲ့ပါတယ်။
    ဘန်ကောက်မှာရှိတဲ့ ဆော်ဒီသံရုံးက တာဝန်ရှိသူ အဘ်ဒူလီလာဟ် အလ်-ရှူအိုက်ဘီက အလ်-ကွန်နွန်ရဲ့ဖခင်ဟာ သံရုံးကိုဆက်သွယ်ကာ အကူအညီတောင်းထားတယ်လို့ ၀န်ခံခဲ့ပါတယ်။
    Re: CNA
  • ရုရှားအလှမယ်ဟောင်းကိုယူခဲ့သည့် မလေးဘုရင် ထီးနန်းစွန့်
    ရုရှားအလှမယ်ဟောင်းကိုယူခဲ့သည့် မလေးဘုရင် ထီးနန်းစွန့်
    ဇန်န၀ါရီ ၆၊ ၂၀၁၉
    M-Media
    – ရုရှားအလှမယ်ဟောင်းကို လက်ထပ်တဲ့အတွက် ဝေဖန်ခံနေရတဲ့ မလေးဘုရင် ဆူလ်တန် မိုဟာမက် ၅ က သူ့အနေနဲ့ နန်းစွန့်ကြောင်း ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။
    ဘုရင့်နန်းတော်ထိန်းအကြီးအကဲက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဘုရင် မိုဟာမက်က ‘မလေးစော်ဘွားများအဖွဲ့’ အတွင်းရေးမှူးထံ နန်းစွန့်ကြောင်း စာနဲ့ အကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    မိုဟာမက် ၅ ဟာ ကလန်တန်းပြည်နယ်က မလေးစော်ဘွားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ နိုင်ငံရဲ့ ဘုရင်အဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။
    မလေးရှားနိုင်ငံမှာ ဘုရင်ဟာ နိုင်ငံရဲ့ ဦးသျှောင်ဖြစ်ပြီး ပြည်နယ် ၁၃ ခုထဲမှာ စော်ဘွားစနစ်ရှိတဲ့ ပြည်နယ် ၉ ခုက စော်ဘွားတွေကို ၅ နှစ်တစ်ကြိမ် အလှည့်ကျရွေးကောက်ကာ နိုင်ငံရဲ့ ဘုရင်အဖြစ် တင်မြှောက်တာဖြစ်ပါတယ်။ ဘုရင်တင်မြှောက်မှုကိုတော့ စော်ဘွားများအဖွဲ့ Conference of Rulers က ဆောင်ရွက်တာ ဖြစ်ပါတယ်။
    အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူလ်တန် မိုဟာမက် ၅ နဲ့ မော်စကိုအလှမယ်ဟောင်း အသက် ၂၅ နှစ်အရွယ် အိုဆာနာ ဗိုဗိုဒီနာနဲ့ မော်စကိုမှာ လက်ထပ်ခဲ့တယ်လို့ နိုဝင်ဘာလက အွန်လိုင်းစာမျက်နှာမှာ သတင်းတွေ ပြန့်နှံ့ခဲ့ပါတယ်။ ရုရှားရဲ့ ထိပ်တန်း သတင်းဌာန RT က လက်ထပ်တဲ့သတင်းကို အတည်ပြုခဲ့ပေမယ့် မလေးရှားဝန်ကြီးချုပ်နဲ့ အစိုးရတို့ကတော့ ဒီကိစ္စအတွက် ထုတ်ပြန်တာမျိုး မရှိပါဘူး။
    ဆူလ်တန် မိုဟာမက် ၅ နန်းစွန့်တော့မယ်ဆိုတဲ့ သတင်းတွေကလည်း အခုသီတင်းပတ်အစောပိုင်းကတည်းက ထွက်နေခဲ့တာပါ။
    အိမ်တော်ထိန်းက ဆူလ်တန်ဟာ တိုင်းပြည်ရဲ့ ၁၅ ယောက်မြောက် ဘုရင်အဖြစ် ရွေးကောက်တင်မြှောက်ခံရမှု၊ ၀န်ကြီးချုပ်နဲ့ အစိုးရတို့ သူနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အလွန်ကျေးဇူးတင်ကြောင်း၊ မလေးရှားနိုင်ငံသားတွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်နေထိုင်သွားဖို့ ဆန္ဒပြုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    နန်းစွန့်ပြီးတဲ့နောက် ဆူလ်တန်ဟာ သူ့ရဲ့ဇာတိ ကလန်တန်းပြည်နယ်ကို ပြန်မှာ ဖြစ်ပါတယ်။
    Ref: CNA
  • ကမ္ဘာ့ စတုတ္ထအမြင့်ဆုံးတောင်ကို ဆော်ဒီဆယ်ကျော်သက် အောင်မြင်စွာ တက်ရောက်
    ကမ္ဘာ့ စတုတ္ထအမြင့်ဆုံးတောင်ကို ဆော်ဒီဆယ်ကျော်သက် အောင်မြင်စွာ တက်ရောက်
    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media
    – ဆော်ဒီအာရေဗျနိုင်ငံက အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးဟာ ကမ္ဘာ့ စတုတ္ထမြောက် အမြင့်ဆုံးတောင်ကို ၈ ရက်နဲ့ တက်နိုင်ခဲ့ပြီး နိုင်ငံသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်ပါတယ်။
    အဘ်ဒူလာ အလ်တူအိုင်မီဆိုသူဖြစ်ပြီး တန်ဇန်းနီးယားက အမြင့် ၅၈၉၅ မီတာရှိတဲ့ ကီလီမန်ဂျာရိုတောင်ကို ဒီဇင်ဘာ ၂၆ ရက်နေ့က စတင် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကီလီမန်ဂျာရိုတောင်ဟာ အာဖရိကရဲ့ အမြင့်ဆုံးတောင်လည်း ဖြစ်ပါတယ်။
    တောင်တက်ခရီးစဉ်ကို ဆော်ဒီနိုင်ငံ မြို့တော်ရီယာ့ဒ်မှာရှိတဲ့ ကျောင်းတွေက စီစဉ်ပေးတာဖြစ်ပြီး ကျောင်းသားတွေကို လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်ပေးနေတဲ့ Al-Eidi အဖွဲ့က ဦးဆောင်ပါတယ်။
    အလ်-တူအိုင်မီဟာ တရက်ကို ၆ နာရီနှုန်းနဲ့ ကီလီမန်ဂျာရိုတောင်ကို တက်ခဲ့တာဖြစ်ပြီး ဒီတောင်ကို တက်နိုင်တဲ့ အသက်အငယ်ဆုံး ဆော်ဒီနိုင်ငံသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆော်ဒီက Green Leaves Playgroup ကျောင်းက အသက် ၃၆ နှစ်အရွယ် ကျောင်းအုပ်ဆရာမကြီး ခါလုဒ် အလ်-ဖဒ်လီဟာ ကီလီမန်ဂျာရိုတောင်ကို အောင်မြင်စွာ တက်နိုင်ငံပြီး ကမ္ဘာတစ်ဝှမ်းက အမြင့်ဆုံးတောင် နောက်ထပ် ၆ ခုကို ဆက်လက်တက်ရောက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Arab News
  • သားဖြစ်သူ ဆေးမှုဖြင့်ဖမ်းခံရမှုတွင် မည်သည့်စွက်ဖက်မှုမှမလုပ်ဟု မလေးကာကွယ်ရေးဝန်ကြီး ပြော
    သားဖြစ်သူ ဆေးမှုဖြင့်ဖမ်းခံရမှုတွင် မည်သည့်စွက်ဖက်မှုမှမလုပ်ဟု မလေးကာကွယ်ရေးဝန်ကြီး ပြော
    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media
    – သားဖြစ်သူ ဆေးခြောက်သုံးစွဲမှုနဲ့ အဖမ်းခံရတဲ့ ကိစ္စကို မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူးက အတည်ပြုခဲ့ပြီး တရားဥပဒေအတိုင်း အရေးယူမှုကို ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
    မြို့တော် ကွာလာလမ်ပူ ဆင်ခြေဖုံးမှာရှိတဲ့ ကလပ်တွေကို ဒီဇင်ဘာ ၅ ရက်နေ့ သန်းခေါင်ယံအချိန် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းမှုအတွင်း လူပေါင်း ၁၀၁ ဦးကို မူးယစ်ဆေးသုံးစွဲမှု ရှိမရှိ စစ်ဆေးခဲ့ရာမှာ ၀န်ကြီးရဲ့ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ သားအပါအ၀င် လူ ၂ ဦး ဆေးခြောက်သုံးစွဲကြောင်း တွေ့ရှိခဲ့ရပါတယ်။
    မိုဟာမက် ဆာဘူးကတော့ ဥပဒေအတိုင်းဆောင်ရွက်မှုအတွက် မိမိအနေနဲ့ ဘာမှ ၀င်စွက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
    “သား ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်း ကြားပြီးတဲ့နောက် ကျွန်တော်နဲ့ မိသားစုဟာ ဒီကိစ္စနဲ့ ကင်းကင်းရှင်းရှင်းနေပြီး ဥပဒေအရ အာဏာပိုင်တွေ တိတိကျကျ အရေးယူမှုကို လက်ခံမှာ ဖြစ်ပါတယ်။ အခြားသော ကလေးတွေလိုပဲ ကျွန်တော့်သားကလည်း တိုင်းပြည်ရဲ့ တရားဥပဒေအောက်မှာ အကြုံးဝင်ပါတယ်”
    မိုဟာမက် ဆာဘူးရဲ့သားကို ရဲတပ်ဖွဲ့က အာမခံနဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး၊ ဒဏ်ငွေ ရင်းဂစ် ၅၀၀၀ အထိ၊ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မယ့် မူးယစ်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
    “သားမှာ အပြစ်ရှိလား၊ မရှိဘူးလားဆိုတာကို ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော် သိချင်တယ်။ အပြစ်ရှိတယ်ဆိုရင်တော့ ဥပဒေအတိုင်း လုပ်ရမှာပါ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတဲ့ စည်းကမ်းကို ကျွန်တော် လိုက်နာသလို၊ တရားရုံးက အပြစ်ရှိကြောင်း မဆုံးဖြတ်သေးသမျှ လူတိုင်းဟာ အပြစ်မရှိဘူးဆိုတဲ့ မူကိုလည်း ကိုင်စွဲထားပါတယ်။ ဥပဒေသည်ပထမ၊ ကျွန်တော်ရဲ့ ခံစားချက်က ဒုတိယပါ”
    Ref: Malaysia Kini