News @ M-Media

Blog

  • အမေရိကန်စွန့်စားသွားလာသူတစ်ဦး အန်တာတိကတိုက်ကို တစ်ယောက်တည်းဖြတ်နိုင်သည့်စံချိန် ရရှိ

    အမေရိကန်စွန့်စားသွားလာသူတစ်ဦး အန်တာတိကတိုက်ကို တစ်ယောက်တည်းဖြတ်နိုင်သည့်စံချိန် ရရှိ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၈
    M-Media

    – အမေရိကန် အသက် ၃၃ နှစ်အရွယ် စွန့်စားခရီးသွားသူ ကိုလင် အို ဘရာဒီဟာ ရေခဲတွေ၊ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ အန်တာတိကတိုက်ကို အကူအညီမယူဘဲ ဖြတ်သန်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာခဲ့ပါတယ်။

    ဘရာဒီဟာ ၉၁၂ မိုင်ရှည်လျားတဲ့ ခရီးစဉ်ကို ၅၃ ရက်နဲ့ အရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်တော် မောနေပြီ၊ ပင်လည်းပင်ပန်းနေပါပြီ။ ဒါပေမယ့် နေ့စဉ် ပုံမှန်တိုးတက်မှုတော့ ရှိနေပါတယ်” လို့ ဘရာဒီက ခရီးစဉ် ၄၇ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ဂြိုဟ်တုဖုန်းကနေတစ်ဆင့် ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အန်တာတိကတိုက်ကို အခြားအကူအညီမပါဘဲ တစ်ဦးတည်းဖြတ်သန်းဖို့ အရင်က ကြိုးစားခဲ့ကြသူတွေလည်း ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ဗြိတိသျှစစ်သားဟောင်းတစ်ဦးဟာ ခရီးစဉ်အတွင်း သေဆုံးခဲ့ပါတယ်။

    ဘရာဒီနဲ့ ဗြိတိသျှစစ်တပ်က အသက် ၄၉ နှစ်အရွယ် ဗိုလ်ကြီး လူးဝစ်ရုဒ်တို့ဟာ နိုဝင်ဘာ ၃ ရက်နေ့က ဒီခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီး အိုဘရာဒီက အရင် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

    ဘရာဒီဟာ ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံ အလည်အပတ်ခရီးမှာ မီးလောင်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး ခန္ဓာကိုရဲ့ ၂၅ ရာခိုင်နှုန်းကို ထိခိုက်သွားခဲ့ပါတယ်။ ဆရာဝန်က ဘယ်တော့မှ ပုံမှန်အတိုင်း လမ်းလျှောက်လို့မရဘူးလို့ ပြောခဲ့ပေမယ့် သူဟာ ဇွဲမလျှော့ခဲ့ဘဲ နေပြန်ကောင်းတဲ့အချိန်မှာ ရေကူး-စက်ဘီးစီး-အပြေး ၃ မျိုးစုံပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ ကမ္ဘာတိုက်ကြီးတွေမှာရှိတဲ့ အမြင့်ဆုံး တောင် ၇ ခုကို တက်ရောက်နိုင်ခဲ့ပြီး၊ မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းတွေကိုလည်း နှင်းလျှောစီးကာ ဖြတ်ပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဒီဟာ အမေရိကန်ရဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ တောင်ထိပ်တွေကိုလည်း တက်ရောက်ခဲ့ပါတယ်။

    ဘရာဒီဟာ သူ့ရဲ့ကြိုးပမ်းမှုတိုင်းကို ဆိုရှယ်မီဒီယာအကောင့်တွေမှာ လွှင့်တင်လေ့ရှိပြီး သူ့ခြေရာနင်းချင်ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့ မေးမြန်းမှုတွေကိုလည်း ညစဉ်ညတိုင်း ဂြိုဟ်တုဖုန်းကနေတစ်ဆင့် ဖြေကြားပေးလေ့ ရှိပါတယ်။

    ဘရာဒီနဲ့အတူ အန်တာတိကခရီးကို သွားရောက်တဲ့ ဗိုလ်ကြီးရုဒ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဒီခရီးကို သွားရောက်ရင်း သေဆုံးခဲ့ရတဲ့ ဟင်နီဝေါ်စလီရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်ပါတယ်။ ဝေါ်စလီဟာ နောက်ဆုံးပန်းတိုင်နဲ့ မိုင် ၃၀ အလိုကို ရောက်ရှိချိန်မှာ နေမကောင်းဖြစ်လာတဲ့အတွက် ကယ်ဆယ်ခဲ့ရပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

    Ref: BBC

  • အသံထက်မြန်သည့် ဒုံးကျည်သစ်တစ်မျိုးကို ရုရှားက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

    အသံထက်မြန်သည့် ဒုံးကျည်သစ်တစ်မျိုးကို ရုရှားက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၈
    M-Media

    စမ်းသပ်ပစ်လွှတ်မှုအပြီးတွင် တွေ့ရသည့် ရုရှားသမ္မတ ပူတင်

    – အသံထက်မြန်တဲ့ ဒုံးကျည်အသစ်တစ်ခုကို ရုရှားက မနေ့မှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး လက်ရှိ ဘယ်ဒုံးခွင်းစနစ်နဲ့မှ ပစ်မချနိုင်တဲ့ ဒီဒုံးကျည်ဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း ရုရှားရဲ့ လုံခြုံရေးကို အာမခံပေးလိမ့်မယ်လို့ သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

    Avangard လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးကျည်ကို ရုရှားနိုင်ငံ တောင်ပိုင်း ယူရဲလ်တောင်တန်းမှာရှိတဲ့ အခြေစိုက်စခန်းကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၆၀၀၀ အကွာအဝေးမှာရှိတဲ့ ကမ်ချက်ကာဒေသက ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။

    ပစ်လွှတ်မှုကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ပူတင်က ဒီဒုံးကျည်ဟာ တိုင်းပြည်အတွက် နှစ်သစ်ကူးလက်ဆောင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “Avangard ဒုံးကျည်ကို လက်ရှိ သုံးနေတဲ့ ဒုံးခွင်းစနစ်တွေ၊ ရန်သူတွေ အနာဂတ်မှာ ထုတ်လုပ်လာနိုင်တဲ့ ဒုံးခွင်းစနစ်တွေက ကြားဖြတ် ဟန့်တားနိုင်မှာ မဟုတ်ပါဘူး” လို့ ပူတင်ကဆိုပြီး ရုရှားစစ်တပ်ရဲ့ မဟာဗျူဟာဒုံးတပ်ဖွဲ့မှာ လာမယ့်နှစ် စတင်အသုံးပြုသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အခုနှစ်မတ်လက ရုရှားသမ္မတပူတင် ထုတ်ဖော်ပြသခဲ့တဲ့ နျူဒုံးကျည်တွေထဲမှာ အသံထက်မြန်တဲ့ Avangard ဒုံးကျည်လည်း ပါဝင်ပါတယ်။ ရုရှားရဲ့ နျူကလီးယား ကာကွယ်ရေးစွမ်းအားကို ချိနဲ့စေနိုင်မယ့် အမေရိကန်ရဲ့ ဒုံးခွင်းစနစ်တွေကို တုန့်ပြန်ဖို့အတွက် ဒီလက်နက်တွေ ထုတ်လုပ်သွားရမယ်လို့ အဲဒီအချိန်တုန်းက ပူတင်က ပြောကြားခဲ့ပါတယ်။

    အခုစမ်းသပ်လိုက်တဲ့ ဒုံးကျည်အသစ်ဟာ တိုက်ကြီးတွေကို ဖြတ်ကျော်ပစ်လွှတ်နိုင်ပြီး အသံထက် အဆ ၂၀ ပိုမြန်ကြောင်း၊ လက်ရှိ ဘယ်နိုင်ငံမှာမှ အသံထက်မြန်တဲ့ လက်နက်မျိုး မရှိသေးကြောင်း မနေ့က အခမ်းအနားမှာ ပူတင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အာဖရိကတိုက် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်ရေးဇုန် ဖြစ်လာတော့မည်

    အာဖရိကတိုက် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်ရေးဇုန် ဖြစ်လာတော့မည်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    – အာဖရိကတိုက် လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် AfCFTA ဖန်တီးရေး သဘောတူညီချက်မှာ ပါဝင်ဖို့အတွက် တောင်အာဖရိကနဲ့ တိုဂိုနိုင်ငံတို့ရဲ့ လွှတ်တော်တွေက အခုလအတွင်း ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အာဖရိကဟာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်မှုဧရိယာ ဖြစ်လာမယ့် လမ်းကြောင်းပေါ် ရောက်လာပြီ ဖြစ်ပါတယ်။

    AfCFTA သဘောတူညီချက်ဟာ လက်ရှိ ရှိနေတဲ့ ပို့ကုန်ခွန် ၆.၁ ရာခိုင်နှုန်းကို လျှော့ချပေးမှာဖြစ်ပြီး သွင်းကုန်ခွန်ကို ဖယ်ရှားပေးပြီးတဲ့နောက် အာဖရိကတိုက်အတွင်း ကုန်သွယ်ရေးတန်ဖိုးဟာ ၅၂ ရာခိုင်နှုန်းကျော် မြင့်တက်လာဖို့ ရှိနေပါတယ်။ အငယ်စားနဲ့ အလယ်စား စီးပွားရေးလုပ်ငန်းတွေ အာဖရိကတိုက်အနှံ့ ခြေဆန့်နိုင်ဖို့လည်း ဒီသဘောတူညီချက်က ရည်ရွယ်ပါတယ်။

    လက်ရှိမှာ AfCFTA သဘောတူညီချက်ကို လက်ခံကြောင်းပြောကြားတဲ့ အာဖရိကနိုင်ငံပေါင်း ၄၉ နိုင်ငံအထိ ရှိလာပြီး အကောင်အထည်ဖော်တဲ့အချိန်မှာ နိုင်ငံပေါင်း ၅၅ နိုင်ငံက လူပေါင်း ၁.၂ ဘီလီယံအထိ ဈေးကွက်ရှိမှာဖြစ်ကာ GDP တန်ဖိုးကလည်း ကန်ဒေါ်လာ ၃ ထရီလီယံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    စီးပွားရေးပညာရှင်တွေက အခွန်ကင်းလွတ်တဲ့ စနစ်ကြောင့် အာဖရိကတိုက်ရဲ့ ဈေးကွက်ကို စုစည်းမိပြီး ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

    အာဖရိက လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် ဖန်တီးဖို့အတွက် အနည်းဆုံး နိုင်ငံ ၂၂ နိုင်ငံက လက်မှတ်ရေးထိုးရမှာဖြစ်ပြီး လက်ရှိ ၁၅ နိုင်ငံက လက်မှတ်ရေးထိုးထားကာ ၇ နိုင်ငံ လိုအပ်နေတာ ဖြစ်ပါတယ်။

    အာဖရိက လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် AfCFTA တည်ထောင်ရေး လိုအပ်နေတဲ့မဲတွေကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာလုပ်မယ့် အာဖရိကသမဂ္ဂ (AU) ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ရမယ်လို့ ယုံကြည်ကြောင်း AU ရဲ့ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ကော်မရှင်နာမင်းကြီး အဲလ်ဘတ် မူချန်ဂါက ပြောကြားခဲ့ပါတယ်။

    Ref: RT

  • ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှုတ်ထွက်ပေးရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီ တောင်းဆို

    ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှုတ်ထွက်ပေးရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီ တောင်းဆို

    ဒီဇင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    – ရွေးကောက်ပွဲ နီးကပ်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးသမားတွေ ဖမ်းဆီးခံရမှု နိုင်ငံရေးပါတီတွေကို ထောက်ခံသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီး အတိုက်အခံ မဟာမိတ်အဖွဲ့ကလည်း ရွေးကောက်ပွဲကော်မရှင် အကြီးအကဲကို နှုတ်ထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

    အတိုက်အခံ မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီရ်ဇာ ဖက္ကရူလ် အစ္စလာမ် အာလမ်ဂီရ်က ကော်မရှင်အနေနဲ့ လွတ်လပ်ပြီး၊ မျှတတဲ့ ရွေးကောက်ပွဲမျိုး
    မကျင်းပပေးနိုင်ဘူးလို့ ထင်မြင်ယူဆတဲ့အတွက် ကော်မရှင်အကြီးအကဲ နူရူလ်ဟွန်ဒါကို နှုတ်ထွက်စေချင်တယ်လို့ ပြောခဲ့သလို၊ ဘက်မလိုက်တဲ့သူတစ်ဦး ခန့်ထားပေးဖို့လည်း ဘင်္ဂလားဒေ့ရှ်သမ္မတကို တောင်းဆိုခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှက်က အဓိကအတိုက်အခံပါတီ Bangladesh Nationalist Party (BNP) ရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ အာလမ်ဂီရ်နဲ့ မဟာမိတ်အဖွဲ့က အကြီးတန်းခေါင်းဆောင်တွေဟာ ဟူဒါနဲ့ တွေ့ဆုံးခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ မဲဆွယ်ရေးလှုပ်ရှားမှုတွေမှာ အတိုက်အခံပါတီကို ထောက်ခံသူတွေ တိုက်ခိုက်ခံရတဲ့ ကိစ္စတွေကို တင်ပြခဲ့ကြပါတယ်။

    “ကျွန်တော်တို့ရဲ့ ပြောကြားမှုတွေကို အရေးမစိုက်ရုံသာမက သူဟာ ဘက်လိုက်တဲ့စကားတွေ၊ ရိုင်းစိုင်းတဲ့စကားတွေ ပြောခဲ့တာကြောင့် ကျွန်တော်တို့ အံ့အားသင့်ရသလို စိတ်လည်း ပျက်မိပါတယ်။ ဘက်မလိုက်တဲ့ အပြုအမူမျိုး မတွေ့ရနိုင်သလို၊ သူ့လက်အောက်မှာ လွတ်လပ်၊ မျှတပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမယ်လို့လည်း မျှော်လင့်လို့ မရပါဘူး” လို့ အာလမ်ဂီရ်က ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေကို ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိပါဘူး။

    အင်္ဂါနေ့က မြို့တော်ဒါကာ၊ ကော့စ်ဘဇားနဲ့ အခြား မြို့တွေမှာ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာရဲ့ အာဏာရ Awami League ပါတီကို ထောက်ခံသူတွေနဲ့
    အတိုက်အခံပါတီကို ထောက်ခံသူတွေအကြား တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ထောင်ကျနေတဲ့ ၀န်ကြီးချုပ်ဟောင်း ခါလေဒါ ဇီယာ ဦးဆောင်တဲ့ BNP ပါတီက အများစုအပါအ၀င် လူပေါင်း ၁၀၀ ကျာ်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းက မြို့တစ်မြို့မှာလည်း အင်္ဂါနေ့က ဂျာနယ်လစ် ၁၀ ဦးလောက် တိုက်ခိုက် ခံခဲ့ရပါတယ်။ တနင်္လာနေ့ ညပိုင်းကတည်းက ဖမ်းဆီးထားတဲ့ အတိုက်အခံပါတီ ထောက်ခံသူအရေအတွက်ဟာ ၂၅၀ လောက် ရှိပြီလို့ ဘင်္ဂလားဒေ့ရှ် အင်္ဂလိပ်သတင်းစာ Daily Star ဖော်ပြပါတယ်။

    အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ Oikya Front ရဲ့ မနေ့ကကြေငြာချက်မှာ နိုဝင်ဘာလက ရွေးကောက်ပွဲအချိန်ဇယား ကြေငြာပြီးနောက်ပိုင်း အတိုက်အခံခေါင်းဆောင်တဲ့ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၇ ထောင်လောက် ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • စစ်ရေးအတွက်အသုံးဝင်မည့် တံတားတစ်ခုကို အိန္ဒိယက တရုတ်နယ်စပ်နားတွင် ဖွင့်လှစ်

    စစ်ရေးအတွက်အသုံးဝင်မည့် တံတားတစ်ခုကို အိန္ဒိယက တရုတ်နယ်စပ်နားတွင် ဖွင့်လှစ်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    တံတားဖွင့်ပွဲတွင် ပြည်သူများကို နှုတ်ဆက်နေသည့် ၀န်ကြီးချုပ် နရန်ဒရာမိုဒီ

    – အိန္ဒိယနိုင်ငံဟာ ရထားရော၊ ကားပါ သွားနိုင်တဲ့ တံတားတစ်စင်းကို မနေ့က အာသံပြည်နယ်မှာ ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားကို ၀န်ကြီးချုပ် နရန်ဒရာမိုဒီ တက်ရောက်ခဲ့ပါတယ်။

    ၄.၉ ကီလိုမီတာရှည်လျားရဲ့ အဲဒီ Bogibeel တံတားဟာ ဘရာမာပူထရာမြစ်ကိုဖြစ်ကာ ဆောက်လုပ်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀ ကုန်ကျခဲ့ကာ နှစ်ပေါင်း ၂၀ နီးပါး တည်ဆောက်ခဲ့ရပါတယ်။ Bogibeel တံတားဟာ အိန္ဒိယမှာ ကားရော၊ ရထားပါသွားနိုင်တဲ့ တံတားတွေထဲက အရှည်ဆုံးတံတားလည်း ဖြစ်ပါတယ်။

    အာသံက ဒီဘရူဂါမြို့နားမှာ တည်ရှိတဲ့ ဒီတံတားဟာ တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ အရူနာချာလ် ပရာဒက်ရှ်ပြည်နယ်ကို တပ်ဖွဲ့တွေ စေလွှတ်ရာမှာ ပိုမို မြန်ဆန်စေမှာ ဖြစ်ပါတယ်။

    အိန္ဒိယဟာ ၁၉၆၂ ခုနှစ် တရုတ်နဲ့စစ်ပွဲမှာ အရူနာချာလ် ပရာဒက်ရှ်က နယ်မြေအချို့ ဆုံးရှုံးခဲ့ရဖူးပါတယ်။

    Bogibeel တံတားကို အိန္ဒိယရဲ့ အလေးဆုံး တန် ၆၀ တင့်ကားတွေ ဖြတ်သန်းနိုင်အောင် ဆောက်လုပ်ထားတာဖြစ်ပြီး၊ တိုက်လေယာဉ်တွေလည်း ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

    Bogibeel တံတားဟာ အာသံအမျိုးသားရေးအုပ်စုတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို အဆုံးသတ်ဖို့ ၁၉၈၅ ခုနှစ်မှာ အိန္ဒိယအစိုးရက ချုပ်ဆိုခဲ့တဲ့ စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်က အာသံပြည်နယ်နဲ့ အရူနာချာလ် ပရာဒက်ရှ်တို့ကို ဆက်သွယ်တဲ့ ၉.၁ ကီလိုမီတာအရှည်ရှိတဲ့ Dhola-Sadiya တံတားကို ဖွင့်လှစ်ခဲ့ပြီး အဲဒီတံတားဟာလည်း အိန္ဒိယနိုင်ငံရဲ့ အရှည်ဆုံးတံတား ဖြစ်ပါတယ်။ Dhola-Sadiya တံတားကို ဆောက်တဲ့ ရည်ရွယ်ချက်မှာ ကာကွယ်ရေးရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

    Ref: Aljazeera