News @ M-Media

Blog

  • ရင်သွေးအား ဟစ်တလာအမည်ပေးသည့် ဇနီးမောင်နှံကို ဗြိတိန်က ထောင်ဒဏ်များ ချမှတ်

    ရင်သွေးအား ဟစ်တလာအမည်ပေးသည့် ဇနီးမောင်နှံကို ဗြိတိန်က ထောင်ဒဏ်များ ချမှတ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – မွေးထားတဲ့ ကလေးငယ်ကို နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာရဲ့အမည်ပေးခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးကို ဗြိတိန်က စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ချမှတ်လိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် အဒမ်သောမတ်စ်နဲ့ သူရဲ့ဇနီး အသက် ၃၈ နှစ်အရွယ် ကလော်ဒီယာ ပါတာတက်စ်တို့ဖြစ်ပြီး ဘာမင်ဂမ်ခရောင်းတရားရုံးက ထောင်ဒဏ် ၆ နှစ်ခွဲနဲ့ ၅ နှစ် အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၆ မှာ ဗြိတိန်က ပိတ်ပင်ခဲ့တဲ့ နာဇီလက်သစ်အဖွဲ့ National Action ရဲ့ အဖွဲ့ဝင်ဖြစ်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

    ဒီဇနီးမောင်နှံနဲ့အတူ အခြား ၄ လူဦးကိုလည်း တရားရုံးက အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်မှုအတွက် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီထဲကတစ်ယောက်ဟာ သောမတ်စ်နဲ့ ကလော်ဒီယာတို့ရဲ့ သူငယ်ချင်း ဒါရန် ဖလက်ချာ ဆိုသူဖြစ်ပြီး သူ့ရဲ့သမီးကို နာဇီအလေးပြုနည်း သင်ပေးခဲ့သူပါ။

    ဇနီးမောင်နှံ ၂ ယောက်ဟာ သူတို့ကလေးရဲ့အမည်မှာ ‘အဒေါ့ဖ်’ လို့ ထည့်သွင်းမှည့်ခေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး သောမတ်စ်ဟာ လူဖြူအစွန်းရောက်အဖွဲ့ KKK ၀တ်စုံဝတ်ကာ ကလေးငယ်ကို ချော့သိပ်နေတဲ့ ဓာတ်ပုံကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။

    ကလော်ဒီဟာဟာ ‘ဂျူးတွေအားလုံးကို သတ်ပစ်ရမယ်’ လို့ National Action က အဖွဲ့ဝင်တစ်ဦးကို ပြောကြားခဲ့ကြောင်းလည်း တရားရင်ဆိုင်မှုမှာ ပေါ်ထွက်ခဲ့ပါတယ်။

    Ref: CNN

  • တိုက်စစ်မှူးဟောင်း ဆိုလ်းရှားကို ယာယီနည်းပြအဖြစ် မန်ယူခန့်အပ်

    တိုက်စစ်မှူးဟောင်း ဆိုလ်းရှားကို ယာယီနည်းပြအဖြစ် မန်ယူခန့်အပ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – တိုက်စစ်မှူး အိုလီဂူနာ ဆိုးလ်ရှားကို ရာသီကုန်အထိ အသင်းကို ကိုင်တွယ်ဖို့ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တယ်လို့ မန်ယူအသင်းက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဆိုးလ်ရှားဟာ မန်ယူမှာ ၁၁ ရာသီကစားခဲ့ပြီး ၁၉၉၉ ခုနှစ် မန်ယူ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်တဲ့ပွဲမှာ အနိုင်ဂိုး သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

    “မန်ချက်စတာယူနိုက်တက်ဟာ ကျွန်တော့်ရဲ့ အသည်းနှလုံးပါ။ ဒီရာထူးနဲ့ အသင်းကို ပြန်လာရတာ အင်မတန် ပျှော်ရွှင်မိပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အခွင့်အလမ်းတစ်ခုပါ။ အင်မတန်ပါရမီရှိတဲ့ အသင်းသားတွေ၊ ၀န်ထမ်းတွေ၊ အသင်းကရှိတဲ့လူတွေနဲ့ အလုပ်တွဲလုပ်ဖို့အတွက် ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်” လို့ အသက် ၄၅ နှစ်အရွယ် ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

    ဆိုးလ်ရှားဟာ အခုလအစောပိုင်းမှာ နော်ဝေကလပ် Molde နည်းပြအဖြစ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဖာဂူဆန်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မိုက်ဖီလန်နဲ့အတူ မန်ယူကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့မှာ ပါဝင်တဲ့ မိုက်ကယ်ကာရစ်၊ ရီကန် မက်ကန်နာတို့ဟာလည်း ဆိုးလ်ရှားလက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

    မန်ယူကို ၂ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ ယူရိုပါဖလားတစ်လုံး၊ လိဂ်ဖလားတစ်လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အခုရာသီမှာ ရလဒ်ကောင်းမွန်အောင် မဆောင်ရွက်နိုင်တာကြောင့် မနေ့က ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

    Ref: BBC

  • အာကာစစ်တပ် ဖွဲ့စည်းနိုင်မည့် အမိန့်တစ်ခုကို အမေရိကန်သမ္မတ လက်မှတ်ထိုး ထုတ်ပြန်

    အာကာစစ်တပ် ဖွဲ့စည်းနိုင်မည့် အမိန့်တစ်ခုကို အမေရိကန်သမ္မတ လက်မှတ်ထိုး ထုတ်ပြန်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို အာကာသ စစ်ဌာနချုပ်တစ်ခု ဖွဲ့စည်းတည်ထောင်ဖို့ အခွင့်အာဏာပေးတဲ့ စာချွန်လွှာတစ်ခုကို သမ္မတထရမ့်က မနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

    ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိမယ့် အဲဒီ အာကာသ စစ်ဌာနချုပ်ဟာ နည်းပညာဆိုင်ရာ အားသာမှုတွေ ရရှိအောင် ဆောင်ရွက်မှာဖြစ်ပြီး၊ ရေကြောင်းသွားလာမှု၊ ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ရေးတို့အတွက် အသုံးပြုနေတဲ့ အမေရိကန်ရဲ့ ဂြိုဟ်တုတွေကို ထိထိရောက်ရောက် ကာကွယ်ရေး နည်းလမ်းတွေ ရှာဖွေသွားမှာလည်း ဖြစ်ပါတယ်။

    ကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်စစ်တပ်တစ်ခုလုံးမှာရှိတဲ့ အမျိုးမျိုးသော အာကာသဆိုင်ရာ တပ်ဖွဲ့တွေ၊ အေဂျင်စီတွေကို စုပေါင်းကာ လွတ်လပ်ပြီး၊ ပိုမို ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့ အဖွဲ့တစ်ခုဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အာကာသတပ်ဖွဲ့ ဖွဲ့စည်းရေးဟာ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

    လက်ရှိ အာကာသတပ်ဖွဲ့ရှိတဲ့ အမေရိကန်လေတပ်ဟာ အသစ်ဖွဲ့စည်းမယ့် စစ်ဌာနချုပ်မှာ အဓိက အစိတ်အပိုင်း ၉/၁၁  တိုက်ခိုက်မှုပြီးတဲ့နောက် ဖျက်သိမ်းခဲ့တ့ အမေရိန်ကန်ဆိုက်ဘာစစ်ဌာနချုပ်ပုံစံမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့ ဒီဆောင်ရွက်မှုကို ဝေဖန်မှုတွေလည်း ရှိနေပြီး အာကာသမှာကုန်မယ့် ငွေကြေးကို ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍလိုမျိုး မြေပြင်ကိစ္စတွေမှာ အသုံးပြုသင့်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    Ref: Aljazeera

  • မြန်မာစစ်တပ်နှင့်နွယ်သည့် ၀ါဒဖြန့်အကောင့်များကို Facebook က တတိယအကြိမ် ရှင်းလင်း

    မြန်မာစစ်တပ်နှင့်နွယ်သည့် ၀ါဒဖြန့်အကောင့်များကို Facebook က တတိယအကြိမ် ရှင်းလင်း

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – မြန်မာစစ်တပ်နဲ့ ဆက်နွယ်တွေတဲ့ ရာနဲ့ချီတဲ့ ၀ါဒဖြန့်အကောင့်တွေကို ဖယ်ရှားလိုက်တယ်လို့ Facebook က ဒီကနေ့မှာ ကြေငြာလိုက်ပြီး ဒါဟာ အမုန်းဝါဒဖြန့်မှုတွေရှိတယ်လို့ သတင်းထွက်နေတဲ့ မြန်မာဆိုရှယ်မီဒီယာလောကမှာ Facebook က တတိယအကြိမ်မြောက် ရှင်းလင်းခြင်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ လူနည်းစုတွေ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်ကို ပစ်မှတ်ထားတဲ့ အမုန်းဝါဖြန့်မှုတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ ရှိတာကို Facebook က ထိထိရောက်ရောက် ဖြေရှင်းမှုမရှိဘူးလို့ ဝေဖန်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပါတယ်။

    ဒီကနေ့ထုတ်ပြန်တဲ့ Facebook ရဲ့ ကြေငြာချက်မှာ သူတို့အနေနဲ့ page ၄၂၅ ခု၊ group ၁၇ ခု၊ အကောင့် ၁၃၅ ခုနဲ့ Instagram အကောင့် ၁၅ ခုကို ဖယ်ရှားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီအကောင့်တွေ၊ စာမျက်နှာတွေဟာ ဖျော်ဖြေရေး၊ အလှအပနဲ့ လှုမှုဘ၀ လှုပ်ရှားမှု အမည်ခံထားပေမယ့် နောက်ကွယ်မှာ စစ်တပ်၊ အရင်က ဖယ်ရှားလိုက်တဲ့ အကောင့်တွေနဲ့ ချိတ်ဆက်မှု ရှိနေတယ်လို့လည်း Facebook က ပြောပါတယ်။

    စစ်တပ်နဲ့ ဆက်နွယ်တဲ့အကောင့်တွေကို Facebook က ဖယ်ရှားမှုဟာ တတိယအကြိမ်ဖြစ်ပြီး အရင်ကလည်း အမျိုးသားရေး အစွန်းရောက်ဘုန်းကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ မဘသအုပ်စု၊ စစ်တပ်နဲ့နွယ်တဲ့ အကောင့်၊ စာမျက်နှာတွေ တော်တော်များများကို Facebook က ဖယ်ရှားခဲ့ဖူးပါတယ်။

    Facebook က သူတို့ရဲ့ကွန်ယက်ကို အသုံးပြုပြီး လူတွေကို လမ်းလွဲအောင် လုပ်တာမျိုးကို ခွင့်ပြုသွားမှာမဟုတ်ဘဲ ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေထဲမှာ follower ၂.၅ သန်းရှိတဲ့ page တစ်ခုလည်း ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ သန်း ၂၀ လောက်ရှိပြီး Facebook ရဲ့ ဆောင်ရွက်ချက်တွေဟာ အမုန်းစကားဖြန့်ဝေမှုကို တားဆီးဖို့ မလုံလောက်သေးဘူးလို့ လေ့လာဆန်းစစ်သူတွေက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အစိုးရမှာ လုံးဝ တာဝန်ရှိတယ်လို့ Facebook ရဲ့ တာဝန်ပေးမှုနဲ့ လေ့လာဆန်းစစ်ခဲ့တဲ့ လွတ်လပ်တဲ့ အဖွဲ့တစ်ခုက ပြီးခဲ့တဲ့လမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒါပေမယ့် နိုင်ငံအတွင်း သွေးကွဲအောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင် ဆိုရှယ်မီဒီယာကို အသုံးချပြီး လုပ်နေတာတွေကို ထိထိရောက်ရောက် တားဆီးဟန့်တားဖို့အတွက် Facebook က ပိုမိုအားထုတ်ဖို့ လိုအပ်ပြီး၊  လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ အချက်အလက်အမှားတွေ၊ လှုံ့ဆော်မှုတွေ လုပ်ဆောင်ဖို့ အဓိကကာလ
    ဖြစ်လာလိမ့်မယ်လို့ အဲဒီအဖွဲ့က သုံးသပ်ခဲ့ပါတယ်။

    Ref: AFP

  • စစ်ဘီလူးအစ္စရေးအနေဖြင့် မိမိတို့၏ ကာကွယ်ရေးစီမံကိန်းကို ဝေဖန်ခွင့်မရှိဟု အီရန်ပြော

    စစ်ဘီလူးအစ္စရေးအနေဖြင့် မိမိတို့၏ ကာကွယ်ရေးစီမံကိန်းကို ဝေဖန်ခွင့်မရှိဟု အီရန်ပြော

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – တစ်ခြားနိုင်ငံကို တိုက်ခိုက်ဖို့ လက်နက်တွေ ဖန်တီးနေတယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတဲ့ စစ်ဘီလူး အစ္စရေးအနေနဲ့ အီရန်ရဲ့ ကာကွယ်ရေးအစီအစဉ်တွေကို စိုးရိမ်တယ်လို့ ပြောခွင့်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သူတို့ဟာ အရှေ့အလယ်ပိုင်းက ဘယ်ပစ်မှတ်ကိုမဆို ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်စီမံကိန်းတစ်ခုနဲ့ အခြားဘယ်နိုင်ငံမှာမှမရှိတဲ့ အထူးလက်နက်တစ်မျိုးကို ဖန်တီးနေတယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး ဇာရစ်ဖ်က ဒါကို တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    “အရင်က နေတန်ယာဟုဟာ နျူဗုံးစက်ရုံမှာရပ်ပြီး အီရန်ကို သုတ်သင်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ အခုတော့ ဘယ်နေရာကိုမဆို ရောက်နိုင်တဲ့ သူတို့ရဲ့ ‘ရန်လိုတဲ့’ ဒုံးကျည်စီမံကိန်းကို လူသိရှင်ကြား ပွဲထုတ်လာပါပြီ” လို့ ဇာရစ်ဖ်က Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    အစ္စရေးရဲ့ လျှို့ဝှက် နျူလက်နက်စက်ရုံကို သြဂုတ်လမှာ နေတန်ယာဟု သွားရောက်ခဲ့စဉ်က အီရန်အပေါ် ခြိမ်းခြောက်မှုကို ဇာရစ်ဖ်က ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုခြိမ်းခြောက်ပြီးနောက်ပိုင်း အီရန်က ကုလသမဂ္ဂကို စာပို့ခဲ့ပြီး အစ္စရေးရဲ့ နျူလက်နက်အစီအစဉ်ကို စောင့်ကြည့်စစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဇာရစ်ဖ်က အီရန်ရဲ့ ဒုံးကျည်စီမံကိန်းကို အနောက်နိုင်ငံတွေက လက်ညှိုးထိုးနေခြင်းဟာ နေတန်ယာဟုရဲ့ စကားတွေကို သံယောင်လိုက်နေခြင်းသာဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Press TV