News @ M-Media

Blog

  • ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး တိုက်လေယာဉ်တင်သင်္ဘော ဂျပန် တည်ဆောက်မည်

    ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး တိုက်လေယာဉ်တင်သင်္ဘော ဂျပန် တည်ဆောက်မည်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံရဲ့ မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုကို တွန်းလှန်ဖို့အတွက် ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး လေယာဉ်တင်သင်္ဘော တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

    လွှတ်တော်မှာ မနေ့က အတည်ပြုလိုက်တဲ့ ၅ နှစ် စစ်ရေးဘက်ဂျက်ဟာ ကန်ဒေါ်လာ ၂၄၂ ဘီလီယံရှိပြီး လေယာဉ်တင်သင်္ဘော တည်ဆောက်ရေးအပြင် နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် အစီး ၁၀၀ ကျော်လောက် ၀ယ်ယူဖို့လည်း ပါဝင်ပါတယ်။

    လေယာဉ်သင်္ဘောကို အသစ်တည်ဆောက်မှာမဟုတ်ဘဲ လက်ရှိ ဂျပန်ရေတပ်မှာ အသုံးပြုနေတဲ့ Izumo ရဟတ်ယာဉ်တင်သင်္ဘော ၂ စီးကို ပေါင်းစပ်ပြီး ဖန်တီးမှာ ဖြစ်ပါတယ်။ အဲဒီ ရဟတ်ယာဉ်တင်သင်္ဘောဟာ ဂျပန်ရေတပ်ရဲ့ အကြီးဆုံးသင်္ဘောလည်း ဖြစ်ပါတယ်။

    အဲဒီသင်္ဘောဟာ သာမန်တိုက်လေယာဉ်တွေကို တင်ဆောင်လို့မရဘဲ ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်မယ့် F-35 တိုက်လေယာဉ်တွေကို တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက လေယာဉ်တင်သင်္ဘောနဲ့ တိုက်လေယာဉ်အသစ်တွေဟာ ဝေးလံခေါင်ဖျားတဲ့ ကျွန်းတွေကို ကာကွယ်ရေးဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “အိုကီနာဝါနဲ့ ထိုင်ဝမ်ကျွန်းကြားမှာ ကျွန်တော်တို့ရဲ့ စစ်အင်အားတည်ရှိမှုက တော်တော်လေးကို အားနည်းပါတယ်”

    ဖန်တီးမယ့် လေယာဉ်တင်သင်္ဘောဟာ အမေရိကန်မှာရှိတဲ့ လေယာဉ်တင်သင်္ဘောတွေလိုမျိုး ပြီးပြည့်စုံမှာမဟုတ်ဘဲ၊ ၀ယ်ယူမယ့် တိုက်လေယာဉ်တွေဟာ မြေပြင်မှာ ချထားဖို့အတွက် အဓိကဖြစ်တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂျပန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်တင်သင်္ဘော ၁၀ စီးလောက်ရှိပြီး အဲဒီအထဲက တစ်စီးကို အမေရိကန်ပိုင် ပုလဲဆိပ်ကမ်း ဗုံးကြဲရာမှာ အသုံးပြုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံရဲ့ အခြေခံဥပဒေမှာ စစ်အင်အားကြီးမားအောင် ဆောင်ရွက်မှုကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

    ဒါပေမယ့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဒီတားမြစ်ချက်ကို ပယ်ဖျက်နိုင်အောင် ကြိုးစားနေပြီး၊ အမေရိကန်က Tomahawk ဒုံးကျည်တွေ၊ F-35 တိုက်လေယာဉ်တွေ ၀ယ်ယူဖို့လည်း စီစဉ်နေပါတယ်။

    Ref: RT

  • ၂၀၁၆ ကန်သမ္မတရွေးကောက်ပွဲတွင် ရုရှား၏၀င်စွက်မှု ထင်ထားသည်ထက် ပိုမိုကျယ်ပြန့်

    ၂၀၁၆ ကန်သမ္မတရွေးကောက်ပွဲတွင် ရုရှား၏၀င်စွက်မှု ထင်ထားသည်ထက် ပိုမိုကျယ်ပြန့်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ၀င်ရောက်စွက်ဖက်မှုဟာ အရင်က ထင်ထားတာထက် ပိုမိုကျယ်ပြန့်ပြီး၊ နာမည်ကြီး ဆိုရှယ်မီဒီယာအားလုံးကို အသုံးပြုကာ အမေရိကန်တွေအကြား လူမျိုးရေး၊ အစွန်းရောက်အယူအဆတွေနဲ့ သွေးခွဲပြီး ထရမ့်ကို ကူညီပေးခဲ့တယ်လို့ ပုဂ္ဂလိက အဖွဲ့အစည်းနှစ်ခုရဲ့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။

    New Knowledge အဖွဲ့၊ Graphika လေ့လာရေးအဖွဲ့နဲ့ အလုပ်တွဲလုပ်နေတဲ့ အောက်ဖို့ဒ်တက္ကသိုလ်က အဖွဲ့တစ်ခုတို့က သူတို့ရဲ့ လေ့လာဆန်းစစ်ချက်တွေကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာကို အမေရိကန် အထက်လွှတ်တော် အမတ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

    ရုရှားအစိုးရရဲ့ စိန့်ပီတာစဘတ်မြို့အခြေစိုက် အင်တာနက် သုတေသနအေဂျင်စီ Internet Research Agency ဟာ အမေရိကန်နိုင်ငံရေးမှာ အမြတ်ထုတ်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။

    ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေရဲ့ စောစောပိုင်းတွေ့ရှိချက်တွေကို အစီရင်ခံစာတွေမှာ အတည်ပြုခဲ့ပြီး၊ အရင်နှစ်တွေကတည်းက အခုအချိန် လုပ်နေတယ်လို့ဆိုတဲ့ ရုရှားရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။

    အဲဒီဆောင်ရွက်ချက်တွေထဲကတစ်ခုကတော့ ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။

    အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ အကြီးအကဲ ဥက္ကဌ ရီပက်ဘလစ်ကန်အမတ် ရစ်ချက်ဘားရ်က အခု ထွက်ရှိလာတဲ့ အချက်အလက်အသစ်တွေဟာ အမေရိကန်ကို လူမျိုးရေး၊ ဘာသာရေးနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေမှာ အကွဲအပြဲတွေဖြစ်အောင် ရုရှားက ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့တယ်ဆိုတာကို ဖော်ပြနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ရုရှားအင်တာနက်လေ့လာဆန်းစစ်ရေး အေဂျင်စီဟာ အမေရိန်က ဒီမိုကရက်တစ်အဖွဲ့အစည်းတွေမှာ ယုံကြည်မှုပျက်ဆီးအောင် လုပ်ဆောင်ခဲ့ပြီး၊ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။

    ထောက်လှမ်းရေးကော်မတီက ထိပ်တန်း ဒီမိုကရက်ဖြစ်အမတ်ဖြစ်တဲ့ မာ့ခ်ဝါနာက ရုရှားဟာ အမေရိကန်ဒီမိုကရေစီ ပျက်ဆီးအောင် ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့လူ့အဖွဲ့အစည်းက အားနည်းချက်တွေကို အသုံးချပြီး ကျွန်တော်တို့ဒီမိုကရေစီ ပျက်ဆီးသွားအောင် အမေရိကန်တွေအကြား သွေးခွဲမှုကို ရုရှားက ဘယ်လောက်တောင် ကြိုစားပမ်းစား လုပ်ဆောင်နေလဲဆိုတာ ဒီအစီရင်ခံစာတွေမှာ တွေ့မြင်နေရပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အရင်ကပေါ်ထွက်ခဲ့တာထက်ပိုပြီး ခြုံငုံမိတယ်၊ အချက်အလက်စုံတယ်၊ ကျယ်လည်းကျယ်ပြန့်ပါတယ်” လို့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက ထိပ်တန်းဒီမိုကရက် မာ့ခ်ဝါရ်နာက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့်ဆုကို တောင်ကိုရီးယား လူ့အခွင့်အရေးအဖွဲ့ ပြန်ရုပ်သိမ်း

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့်ဆုကို တောင်ကိုရီးယား လူ့အခွင့်အရေးအဖွဲ့ ပြန်ရုပ်သိမ်း

    ဒီဇင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – တောင်ကိုရီးယားက လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ May 18 Memorial Foundation ဟာ ၂၀၀၄ ခုနှစ်မှာ  ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Gwangju လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းတော့မယ်လို့ မနေ့မှာ ကြေငြာလိုက်ပါတယ်။

    May 18 Memorial Foundation ရဲ့ ဘုတ်အဖွဲ့က ဆုရုပ်သိမ်းဖို့ တနင်္လာနေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စစ်တပ်က ရိုဟင်ဂျာလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ‘လစ်လျူရှုထားတဲ့အတွက်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရိုဟင်ဂျာတွေ ခံစားရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သူမ လစ်လျူရှုထားတာဟာ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးရေးဆိုတဲ့ ဆုရဲ့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေပါတယ်” လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုဂျင်တေးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ၁၉၈၀ ခုနှစ်က ဂွမ်ဂျူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီရရှိရေး လူထုအုံကြွမှုကို အထိမ်းအမှတ်ပြုကာ May 18 Memorial Foundation လူ့အခွင့်အရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင် ချန်ဒူးဝမ်ကို ဆန့်ကျင်တဲ့ အဲဒီလူထုအုံကြွမှုမှာ လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးဒဏ်ရာရခဲ့ပါတယ်။

    အဲဒီအချိန်ကစခဲ့တဲ့ တောင်ကိုရီးယား ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ နောက်ထပ် ၇ နှစ်အကြာမှာတော့ အောင်မြင်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်နဲ့ ကျူးလွန်မှုတွေ ရှိတယ်လို့ ကုလက စွပ်စွဲထားပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စအပေါ် နှုတ်ဆိတ်နေမှုအတွက် ကမ္ဘာတစ်ဝှမ်းရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Ambassador of Conscience Award ဆုကို ပြီးခဲ့တဲ့လမှာ ရုပ်သိမ်းခဲ့ပါတယ်။

    Ref: CNA

  • နည်းပြမော်ရင်ဟိုကို မန်ယူထုတ်ပယ်၊ နည်းပြသစ်ကို အသေအချာ စီစစ်မည်ဟု ပြော

    နည်းပြမော်ရင်ဟိုကို မန်ယူထုတ်ပယ်၊ နည်းပြသစ်ကို အသေအချာ စီစစ်မည်ဟု ပြော

    ဒီဇင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – မန်ချက်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့အသင်းနည်းပြ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ယာယီနည်းပြတစ်ဦးကို ရာသီကုန်အထိ ခန့်အပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အသက် ၅၅ နှစ်အရွယ် မော်ရင်ဟိုဟာ မန်ယူကို ၂ နှစ်ခွဲကြာ တာာဝန်ယူခဲ့ပြီး လိဂ်ဖလားတစ်လုံး၊ ယူရိုပါဖလားတစ်လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် အခုရာသီ ပရီးမီးယားလိဂ်မှာ မန်ယူဟာ ဇယားကိုဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ ၁၉ မှတ် ကွာဟကာ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

    အသင်း ထုတ်ပြန်တဲ့ကြေငြာချက်မှာ ရာသီကုန်အထိ ယာယီနည်းပြတစ်ဦးကို တာဝန်ပေးအပ်သွားမှာဖြစ်ပြီး အမြဲတမ်းနည်းပြတစ်ဦး ခန့်အပ်ဖို့အတွက် သေသေချာချာ စီစစ်ရွေးချယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    “တာဝန်ယူစဉ်အတွင်း ဟိုးဆေးရဲ့ စွမ်းဆောင်ပေးမှုတွေအတွက် အသင်းက ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး အနာဂတ်မှာ အောင်မြင်ပါစေကြောင့် မန်ချက်စတာယူနိုင်တက်က ဆုတောင်းပေးလိုက်ပါတယ်”

    အမြဲတမ်းနည်းပြကို အသင်းပြင်ပကနေ ရွေးချယ်သွားမှာဖြစ်ပေမယ့် အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါး မဟုတ်ဘူးလို့လည်း မန်ယူအသင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: BBC

  • အီရတ်တွင် IS က ဖျက်ဆီးခဲ့သည့် သမိုင်းဝင် အလ်-နူရီဗလီကို အကြီးစားပြင်ဆင်မှုလုပ်

    အီရတ်တွင် IS က ဖျက်ဆီးခဲ့သည့် သမိုင်းဝင် အလ်-နူရီဗလီကို အကြီးစားပြင်ဆင်မှုလုပ်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    ပျက်ဆီးပြိုကျနေသည့် အလ်-နူရီ ဗလီဝတ်ကျောင်းတော်

    – IS အကြမ်းဖက်အဖွဲ့ရဲ့ ဖောက်ခွဲမှုကြောင့် ပျက်ဆီးခဲ့ရတဲ့ အီရတ်က ရှေးဟောင်းသမိုင်းဝင် နာမည်ကျော် အလ်-နူရီ ဗလီဝတ်ကျောင်းတော် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို မနေ့က စတင်လိုက်ပြီး ၅ နှစ်တာကြာမြင့်မယ့် အဲဒီစီမံကိန်းဟာ ကန်ဒေါ်လာ ၅၀.၄ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။

    နီနီဗာဟ်ပြည်နယ်က စွန်နီမွတ်စလင်ရေးရာအကြီးအကဲ အဘူ ဘာကာရ် ကီနန်က ဗလီဝတ်ကျောင်းတော်နဲ့ နာမည်ကျော် မင်နာရတ်မျှော်စင်တို့ရဲ့ အကြွင်းအကျန်တွေကို ဒီအတိုင်း ဆက်လက်ထားရှိမှာဖြစ်ပြီး ပျက်ဆီးနေတဲ့ အစိတ်အပိုင်းတွေကို အသစ် ပြန်လည်ဆောက်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ သမိုင်းကြောင်းကို ဖော်ပြမယ့် ပြတိုက်တစ်ခု ဆောက်လုပ်ဖို့လည်း စီမံကိန်းမှာ ပါဝင်ပါတယ်။

    မနေ့က အုတ်မြစ်ချပွဲ အခမ်းအနားကို အီရတ်အစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကုလနဲ့ ဥရောပနိုင်ငံတွေက သံတမန်တွေ တက်ရောက်ခဲ့ပါတယ်။

    စီမံကိန်းပထမနှစ်မှာ အပျက်အစည်းတွေရှင်းလင်းတာ၊ မှတ်တမ်း ပြန်လည်စုဆောင်းတာတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ကျန်တဲ့လေးနှစ်မှာ ဗလီအဆောက်အဦးကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ယူနက်စကိုအဖွဲ့က ပြောကြားခဲ့ပါတယ်။

    “ဒီဗလီဝတ်ကျောင်းတော်ကို ဖြိုဖျက်မှုဟာ တုန်လှုပ်ဖွယ်ရာကိစ္စ ဖြစ်ပါတယ်။ ဒီကနေ့ အလ်နူရီ ဗလီဝတ်ကျောင်းတော်ကို ကျွန်မတို့ အုတ်မြစ်ပြန်ချခဲ့ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို စတင်သွားမှာ ဖြစ်ပါတယ်” လို့ ယူနက်စက်ကိုရဲ့ အီရတ်ဆိုင်ရာ ကိုစားလှယ် Louise Haxthausen က ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားနဲ့ အီရတ်မြောက်ပိုင်းတို့ကို စုစည်းနိုင်ခဲ့တဲ့ ဘုရင် နူရက်ဒင် အလ်-ဇင်ကီဟာ အလ်-နူရီဗလီဝတ်ကျောင်းတော်ကို ၁၁၇၂ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Alarabiya