News @ M-Media

Blog

  • ဆစ်ခ်လူမျိုးများအား အကြမ်းဖက်မှုတွင်ပါဝင်သည့် အိန္ဒိယနိုင်ငံရေးသမားဟောင်း ထောင်တစ်သက် ချမှတ်ခံရ

    ဆစ်ခ်လူမျိုးများအား အကြမ်းဖက်မှုတွင်ပါဝင်သည့် အိန္ဒိယနိုင်ငံရေးသမားဟောင်း ထောင်တစ်သက် ချမှတ်ခံရ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည့် ဆာဂျင်ကူးမားရ် (လယ်)

    – ၁၉၈၄ ခုနှစ် ဆစ်ခ်လူမျိုးတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုမှာ ပါဝင်တဲ့ အိန္ဒိယနိုင်ငံရေးသမားဟောင်းကို ဒေလီအထက်တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။

    အဲဒီတုန်းက ၀န်ကြီးချုပ်ဖြစ်တဲ့ အင်ဒရာဂန္ဒီကို ဆစ်ခ်သက်တော်စောင့်နှစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံတစ်ဝှမ်း ဆစ်ခ်တွေကိုပစ်မှတ်ထားတဲ့ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆစ်ခ်လူမျိုး ၈ ထောင်ကနေ တစ်သောင်းခွဲကြား အသတ်ခံခဲ့ရပါတယ်။

    အကြမ်းဖက်မှုအတွင်း ဆစ်ခ်အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ဆစ်ခ်တွေပိုင်ဆိုင်တဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

    ဆစ်ခ်လက်နက်ကိုင်ခေါင်းဆောင်ကို ဖမ်းဆီးဖို့အတွက် ပန်ဂျပ်ပြည်နယ်က နာမည်ကျော် ဆစ်ခ်ဘုရားကျောင်းကို စီနင်းဖို့ အင်ဒရာဂန္ဒီက အမိန့်ပေးခဲ့တာကို မကျေနပ်တဲ့အတွက် သက်တော်စောင့်နှစ်ဦးက ပြန်လည် လက်စားချေခဲ့တာ ဖြစ်ပါတယ်။

    ဆစ်ခ်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အဲဒီတုန်းက အာဏာရ ကွန်ဂရက်ပါတီ နိုင်ငံရေးသမားတွေ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်။

    အကြမ်းဖက်မှုဖြစ်ပွားစဉ်က လွှတ်တော်အမတ်တစ်ဦးဖြစ်ခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် ဆာဂျင် ကူးရ်မားဟာ ဆစ်ခ်တွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တာကို တွေ့ရှိရတာကြောင့် တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

    ကူးမားရ်ဟာ ဒီအမှုအတွက် ၂၀၁၃ ခုနှစ်မှာ တရားသေ လွတ်မြောက်ခဲ့ပေမယ့် တရားရုံးချုပ်က ဒီလိုလွှတ်ပေးမှုကို ပယ်ချကာ စုံစမ်းစစ်ဆေးမှု ပြန်လုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

    ဒေလီက ဆစ်ခ်မိသားစုဝင် ၅ ဦးကို သတ်ဖြတ်မှုမှာ ကူးမားရ် ပါဝင်ခဲ့တာဖြစ်ပြီး ပူးပေါင်းကြံစည်မှု၊ ရန်ညိုးဖြစ်အောင် လှုံ့ဆော်မှု၊ လူ့အဖွဲ့အစည်း သွေးကွဲအောင်လုပ်ဆောင်မှုတွေနဲ့ အပြစ်ရှိတယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။

    “စိန်ခေါ်မှုတွေ ရှိနေပေမယ့် အမှန်တရား ပေါ်ထွက်လာဖို့ အရေးကြီးပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုတွေရဲ့ နောက်ဆက်တွဲရလဒ်တွေကို အခုအချိန်အထိ ခံစားနေရတုန်းပါ” လို့က တရားရုံးက ပြောကြားခဲ့ပါတယ်။

    ဟိန္ဒူအများစုရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ၁.၂၅ ဘီလီယံသော လူဦးရေမှာ ဆစ်ခ်လူမျိုးတွေက ၂ ရာခိုင်နှုန်း ရှိပါတယ်။

    Ref: Arab News

  • လာမည့်နှစ် ပါလက်စတိုင်းအကူအညီပေးရေးအတွက် ကန်ဒေါ်လာ သန်း ၃၅၀ လိုအပ်နေ

    လာမည့်နှစ် ပါလက်စတိုင်းအကူအညီပေးရေးအတွက် ကန်ဒေါ်လာ သန်း ၃၅၀ လိုအပ်နေ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    – အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေ၊ ပိတ်ဆို့မှုတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကန်ဒေါ်လာ သန်း ၃၅၀ ကူညီဖို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ ကုလကတို့က ဒီကနေ့မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုလိုက်ပါတယ်။

    ပါလက်စတိုင်းတွေကိုကူညီဖို့ အမေရိကန်ကပေးအပ်နေတဲ့ ငွေကြေးဟာ ပြီးခဲ့တဲ့နှစ်က စတင်ကာ ရပ်ဆိုင်းသွားခဲ့တဲ့အတွက် ကုလအပါအ၀င် ပါလက်စတိုင်းပိုင်နက်တွေမှာ အကူအညီပေးရေး လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေ အခက်တွေ့လာတာ ဖြစ်ပါတယ်။

    ဒီကနေ့ထုတ်ပြန်တဲ့ အကူအညီပေးရေး အစီအစဉ် 2019 Humanitarian Response Plan မှာ ကုလနဲ့ NGO တွေ အပါအ၀င် အဖွဲ့ပေါင်း ၈၈ ဖွဲ့က ဆောင်ရွက်မယ့် စီမံကိန်း ၂၀၃ ခုကို ဖော်ပြထားပြီး အကူအညီ အလွန်အမင်း လိုအပ်နေတဲ့ ပါလက်စတိုင်းပြည်သူ ၁.၄ သန်းကို အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေ၊ နေထိုင်စရာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အကူအညီတွေ ပေးဖို့ ဖြစ်ပါတယ်။

    ပါလက်စတိုင်းဆိုင်ရာ ကုလ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူး မက်ဂိုလ်ဒရစ်က အကူအညီပေးသူတွေဟာ ရန်ပုံငွေ လျော့နည်းတာအပါအ၀င် မကြံစဖူးစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၉ အကူအညီပေးရေး စီမံကိန်းက တောင်းခံထားတဲ့ ရန်ပုံငွေ ၇၇ ရာခိုင်နှုန်းဟာ အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ ပိတ်ဆို့မှုတွေကြောင့် အတိဒုက္ခရောက်နေတဲ့ ဂါဇာကမ်းမြှောင်က ပြည်သူတွေအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    “အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးရဲ့ ကျူးလွန်မှုတွေ၊ အရင်းအမြစ်ရှားပါးမှုတွေ၊ အကူအညီပေးရေးကို နိုင်ငံရေးအမြတ်ထုတ်ပြီး ရန်ပုံငွေလျှော့ချတာတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြအနေက ဆိုးရွားလာပါတယ်” လို့ ပါလက်စတိုင်း လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အီဘရာဟင် အလ်-ရှာအီရ်က ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • မြန်မာနိုင်ငံရှိ အဖိုးအဖွားများ ခက်ခဲစွာ ဘ၀ရပ်တည်နေရဟု ကန် NGO တစ်ခု ထောက်ပြ

    မြန်မာနိုင်ငံရှိ အဖိုးအဖွားများ ခက်ခဲစွာ ဘ၀ရပ်တည်နေရဟု ကန် NGO တစ်ခု ထောက်ပြ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံက အငြိမ်းစားတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အခြေခံဝန်ဆောင်မှုတွေ ရရှိခြင်းမရှိဘဲ ဘ၀ကို ခက်ခက်ခဲခဲ ဖြန်သန်းနေရတယ်လို့ ကမ္ဘာ့ထိပ်တန်း အကူအညီပေးရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

    အမေရိကန်အခြေစိုက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ HelpAge International and the AARP က ထုတ်ပြန်တဲ့ Global AgeWatch Insights 2018 အစီရင်ခံစာမှာ မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေဟာ ဆင်းရဲမွဲတေမှု၊ ဆေးဝါးစားရိတ် ကြီးမားမှု၊ ကျန်းမာရေးအသိပညာ နိမ့်ပါးမှု၊ ကျန်းမာရေးသတင်းအချက်အလက် မရမှုနဲ့ လူ့အဖွဲ့အစည်းရဲ့ ဂရုစိုက်မခံရမှုတို့ကို ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ၂၀၁၅ ခုနှစ်ကနေ ၂၀၅၀ အတွင်း မြန်မာနိုင်ငံမှာ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အို အရေအတွက်ဟာ ၂.၆ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ အထူးသဖြင့် ကျန်းမာရေးမကောင်းသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စနစ်တကျ စုဆောင်းထားမှုမရှိတာကြောင့် အစိုးရအနေနဲ့ ဒီသက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

    သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးအစီအစဉ်တွေကို ရေးဆွဲရာမှာ အချက်အလက်တွေက အရေးပါပြီး ဒါတွေမရှိတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလွှမ်းခြုံမှု ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံက နောက်မှာ ကျန်ရစ်နေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေအရ အသက်ကြီးပိုင်းမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ပိုရှည်တာကို တွေ့ရပြီး၊ မှတ်ဉာဏ်ချို့ယွင်းမှု၊ စိတ်ကျရောဂါဒဏ်တွေကို ခံစားရတဲ့ အဖိုးအဖွားတွေမှာလည်း အဖွားတွေက အဖိုးတွေထက် အသက်ပိုရှည်တာကို တွေ့ရပါတယ်။

    မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးအဖွဲ့ဥက္ကဌ ဦးတင်ဦးက အစီရင်ခံစာမှာပါဝင်တဲ့ အချက်အလက်တွေကနေပြီး သင်ခန်းစာယူကာ ပြည်သူတွေရဲ့အသံတွေ၊ အတွေ့အကြုံတွေနဲ့ အသိပညာတွေကို ပိုမို အာရုံစိုက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • ယူအေအီးအခြေစိုက် မွတ်စလင်အဖွဲ့တစ်ခုက နီပေါတွင် အမျိုးသမီးများ စွမ်းအားမြှင့်တင်ရေးညီလာခံ ကျင်းပ

    ယူအေအီးအခြေစိုက် မွတ်စလင်အဖွဲ့တစ်ခုက နီပေါတွင် အမျိုးသမီးများ စွမ်းအားမြှင့်တင်ရေးညီလာခံ ကျင်းပ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    – ယူအေအီးနိုင်ငံ အဘူဒါဘီအခြေစိုက် ‘ကမ္ဘာ့မွတ်စလင်လူ့အဖွဲ့အစည်းများကောင်စီ’ (WMCC) ရဲ့ ညီလာခံကို နီပေါလ်နိုင်ငံ ခတ္တာမန်ဒူမြို့မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပြီး နီပေါ ဒုတိယသမ္မတ နန်ဒါ ဘဟာဒူးရ်ပွန် တက်ရောက်ခဲ့ပါတယ်။

    အဲဒီညီလာခံကို ‘Roles of women for the inclusive development of Nepal (နီပေါနိုင်ငံ ဘက်စုံဖွံ့ဖြိုးရေးအတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍ) လို့ ခေါင်းစဉ်ပေးထားပြီး ‘နီပေါ မွတ်စလင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့’ (NMWWS) နဲ့ WMCC တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

    အခမ်းအနားကို နီပေါ ဒုတိယသမ္မတအပြင် WMCC ဥက္ကဌ ဒေါက်တာ အလီ ရာရှစ် အလ် နူအိုင်မီ၊ နီပေါ ပညာရေး သိပ္ပံနှင့် နည်းပညာဆိုင်ရာ ၀န်ကြီး ဂရီရာ့ဂ်ျ မာနီ ဖိုခါရဲလ်၊ နိုင်ငံတကာက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အခြားသက်ဆိုင်သူ စုစုပေါင်း ၁၈၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

    ဒုတိယသမ္မတ ဗဟာဒူးရ်ပွန်က ညီလာခံ ကျင်းပမှုရဲ့ အရေးပါပုံကို ရှင်းပြခဲ့ပြီး၊ ဒီအခမ်းအနားဟာ နီပေါနိုင်ငံက မွတ်စလင်လူ့အဖွဲ့အစည်း အတွက် သမိုင်းဝင် အခမ်းအနားတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခမ်းအနားကို ကမကထပြုတဲ့ WMCC ကိုလည်း ဒုသမ္မတက ကျေးဇူးတင်ခဲ့ပါတယ်။

    နီပေါနိုင်ငံမှာ အမျိုးသမီးတော်တော်များများဟာ ဖိနှိပ်ခံရတာ၊ လူမှုရေးနဲ့ စီးပွားရေးတိုးတက်မှုတွေမှာ နောက်ကောက်ကျတာတွေကို ခံစားနေရပြီး နိုင်ငံတိုးတက်ဖို့ဆိုရင် အမျိုးသမီးတွေ အထူးသဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းက အမျိုးသမီးတွေ မပါဝင်လို့ မရကြောင်း၊ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အမျိုးသမီးတွေရဲ့အခွင့်အရေးကို အာမခံထားပေမယ့် လူ့အဖွဲ့အစည်းအနေနဲ့ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ ရှေးရိုးစွဲအမြင်တွေကို ဖယ်ရှားပြီး စစ်မှန်တဲ့ အပြောင်းအလဲဆီ ခေါ်ဆောင်သွားဖို့လိုကြောင်း ဗဟာဒူးရ်ပွန်က ပြာကြားခဲ့ပါတယ်။

    WMCC ဥက္ကဌ နူအိုင်မီက ယူအေအီးမှာ အမျိုးသမီးတွေကို တွဲခေါ်ပြီး စွမ်းအားမြှင့်တင်ပေးမှုရဲ့ ရလဒ်တွေကို မြင်နေရပြီလို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမှာ အမျိုးသမီးတွေ ပါဝင်နိုင်အောင် စွမ်းအားမြှင့်တင်ပေးမှုရဲ့ အကျိုးရလဒ်ကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ လွန်ခဲ့တဲ့ ၂ ရက်ကပဲ နိုင်ငံခေါင်းဆောင်တွေက ၂၀၁၉ ခုနှစ်ကို ‘ခန္တီတရားဖော်ပြရေးနှစ်’ အဖြစ် သတ်မှတ်ကြောင်း ကြေငြာခဲ့ပါတယ်။ ယူအေအီးနိုင်ငံဟာ လူမျိုးစုံဘာသာစုံရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး၊ မတူကွဲပြားမှုဟာ ခြိမ်းခြောက်မှုမဟုတ်ဘဲ အင်အားရဲ့ ရင်းမြစ်ဖြစ်တယ်လို့ ခံယူကာ ဒီအတွက်လည်း ဂုဏ်ယူပါတယ်”

    “အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်မပေးဘူးဆိုရင် ဘယ်နိုင်ငံမှ စစ်မှန်တဲ့ အောင်မြင်မှုကို ရရှိမှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေကို ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်းအားဖြင့် အောင်မြင်မှုရတယ်ဆိုတဲ့အချက်ကို ယူအေအီးက ကမ္ဘာကြီးကို ပြသချင်ပါတယ်”

    Ref: EMA

  • လျှပ်စစ်ကားများကို ၁၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်မည့် နည်းပညာတစ်ခု ထွက်ပေါ်လာ

    လျှပ်စစ်ကားများကို ၁၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်မည့် နည်းပညာတစ်ခု ထွက်ပေါ်လာ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – အနာဂတ် လျှပ်စစ်ကားတွေက ဘတ္ထရီတွေကို ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် နည်းပညာသစ်တစ်ခုကို ထိပ်တန်းကားကုမ္ပဏီတွေက အခုတစ်ပတ်မှာ ထုတ်ဖော် ပြသလိုက်ပါတယ်။

    BMW၊ Porsche နဲ့ Siemens တို့ ပေါင်းထားတဲ့အဖွဲ့က အလွန်မြန်ဆန်တဲ့ အားသွင်းမှု နည်းပညာတစ်ခုကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး ၄၅၀ ကီလိုဝပ် အားသွင်းစနစ်ကို ကြာသာပတေးနေ့မှာ ပြသခဲ့ပါတယ်။ အဲဒီစနစ်ဟာ ၃ မိနစ်သွင်းရုံနဲ့ ၆၂ မိုင် မနားတမ်း မောင်းနိုင်မှာဖြစ်ပြီး လျှပ်စစ်ကားတစ်စီးကို ၁၅ မိနစ်နဲ့ အားအပြည့် သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။

    လက်ရှိ လျှပ်စစ်ကားဈေးကွက်မှာ ဘတ္ထရီတွေကို အားသွင်းချိန်မြင့်မားမှုက အားနည်းချက်တစ်ခု ဖြစ်နေပြီး ခရီးအကွာအဝေးနည်းနည်းသာ မောင်းနိုင်တဲ့အတွက် လျှပ်စစ်ကားတွေကို လူတွေက သိပ်ပြီး စိတ်မ၀င်စားပါဘူး။

    Faraday Institution ရဲ့ နည်းပညာဆိုင်ရာ အကြီးအကဲဖြစ်တဲ့ အီယန် အဲလာရင်တန်က ယခုနည်းပညာအသစ်ဟာ လက်ရှိအသုံးပြုနေတဲ့ နည်းပညာတွေထက် သိသိသာသာ ပိုမိုကောင်းမွန်ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့အတွက်  ဖြေရှင်းစရာလေးတွေ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “၃၅၀-၄၅၀ ကီလိုဝပ်ရှိတဲ့ အားသွင်းစနစ်ရဲ့ ကြာချိန်ဟာ ဆီဖြည့်တဲ့ ကြာချိန်လောက်သာ ရှိမှာဖြစ်ပြီး ဆီကားတွေလို ခရီးဝေးဝေးကိုလည်း သွားရောက်နိုင်မှာ ဖြစ်ပါတယ်”

    စနစ်အတွက် အဓိကပြဿနာက ဒီလိုမြင့်မားတဲ့ စွမ်းအင်ကို လက်ခံနိုင်မယ့်ကားတွေ ထုတ်လုပ်ဖို့လိုအပ်တာဖြစ်ပြီး လက်ရှိဈေးကွက်မှာ အဲဒီလိုကားမျိုး မရှိသေးပါဘူး။

    “လက်ရှိဈေးကွက်မှာ ဒီလောက်ပါဝါအများကြီးကို လက်ခံနိုင်မယ့် ကားမျိုး မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ အပြည့်အ၀ အသုံးပြုနိုင်ဖို့အတွက် မျိုးဆက်သစ် ဘတ္ထရီတွေ လိုအပ်ပါတယ်” လို့ အဲလာရင်တန်က ပြောကြားခဲ့ပါတယ်။

    ကီလိုဝပ် ၄၅၀ နဲ့ အားသွင်းနိုင်မယ့် ကားတွေ ပေါ်ထွက်လာဖို့အတွက် လက်ရှိ BMW နဲ့ Porsche တို့က ဆောင်ရွက်နေပါတယ်။

    အားမြန်မြန်သွင်းနိုင်ခြင်းရဲ့ အားနည်းချက်က ဒီစနစ်ကြောင့် ဘတ္ထရီအလျင်အမြန် ပျက်ဆီးတာဖြစ်ပြီး အရေးပေါ်အခြေအနေအတွက်ပဲ ဒီစနစ်က အသုံးဝင်လိမ့်မယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

    Ref: CNN