News @ M-Media
Blog
  • အိန္ဒိယတွင် အိမ်သာမဆောက်ပေးသည့်ဖခင်ကို ၇ နှစ်အရွယ်သမီးက လိမ်လည်မှုဖြင့် အမှုဖွင့်
    အိန္ဒိယတွင် အိမ်သာမဆောက်ပေးသည့်ဖခင်ကို ၇ နှစ်အရွယ်သမီးက လိမ်လည်မှုဖြင့် အမှုဖွင့်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    ဖခင်ဖြစ်သူကို လိမ်လည်မှုဖြင့်တိုင်ကြားခဲ့သည့် ဟာနီဖာ
    – အိမ်သာဆောက်ပေးမယ်လို့ ကတိပေးပြီး အမှန်တကယ် မဆောက်ပေးတဲ့ ဖခင်ကို အသက် ၇ နှစ်အရွယ် သမီးဖြစ်သူက လိမ်လဲမှုနဲ့ ရဲစခန်းတိုင်ကြားမှုတစ်ခု အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
    အိန္ဒိယနိုင်ငံမှာ အိမ်သာမသုံးရသူ တော်တော်များများ ရှိနေပြီး ပြည်သူ သန်း ၅၀၀ နီးပါးက ဟင်းလင်းပြင်မှာ အပေါ့အလေး စွန့်နေရတယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်တဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။ အိမ်သာတွေ ဆောက်လုပ်ပေးပေမယ့် အသုံးမပြုတာတွေလည်း ရှိနေပါတယ်။
    တမီလ်နာဒူးပြည်နယ် အမ်ဘူရ်မြို့မှာနေထိုင်တဲ့ အသက် ၇ နှစ်အရွယ် သမီးငယ် ဟာနီဖာက အိမ်နီးချင်းတွေမှာ အိမ်သာတွေ ရှိနေတဲ့အတွက် ဖခင်ဖြစ်သူကို အိမ်သာဆောက်ပေဖို့ ကတိတောင်းခဲ့တာ ဖြစ်ပါတယ်။
    “အိမ်အပြင်ထွက်ပြီး အပေါ့အလေးစွန့်ရမှာ သမီးရှက်တယ်။ လူတွေက သမီးကို ကြည့်သွားတာမျိုးကို မကြိုက်ဘူး” လို့ ဟာနီဖာက ပြောကြားခဲ့ပြီး လဟာပြင်မှာ အပေါ့အလေးစွန့်ခြင်းရဲ့ ဆိုးကျိုးကို ကျောင်းမှာ သင်ကြားရတာဟာ ဖခင်ကို အိမ်သာဆောက်ပေးဖို့ ပူဆာမှု နောက်ကွယ်က အကြောင်းအရင်း ဖြစ်ပါတယ်။
    အတန်းထဲမှာ အဆင့် ၁ ရရင် အိမ်သာဆောက်ပေးမယ်လို့ ဖခင်ဖြစ်သူက ကတိပေးခဲ့ပေမယ့် အဲဒီကတိကို မတည်ဘူးလို့ ဟာနီဖာက ဆိုပါတယ်။
    “ငယ်ငယ်လေးကတည်းက သမီး အတန်းထဲမှာ အမြဲ ပထမရတယ်။ အခုဆိုရင် ၂ တန်းတောင်ရောက်နေပြီး။ အဖေက ဆောက်ပေးမယ်လို့ပဲ ပြောနေတုန်း။ ဒါဟာ လိမ်လည်မှုတစ်မျိုးပါ။ ဒါ့ကြောင့် အဖေ့ကို ဖမ်းပေးပါ” လို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားစာမှာ ရေးသားခဲ့ပါတယ်။
    ဖမ်းမပေးနိုင်ဘူးဆိုရင် ဘယ်အချိန်မှာ အိမ်သာဆောက်ပေးမလဲဆိုတဲ့ စာချုပ်ရေးပြီး လက်မှတ်ထိုးခိုင်းဖို့လည်း ဟာနီဖာက တောင်းဆိုခဲ့ပါတယ်။
    ဖခင်ဖြစ်သူ အာဆာနွလ္လာဟ်က လက်ရှိမှာ အလုပ်မရှိဘဲ ၀င်ငွေမရှိတဲ့အတွက် အိမ်သာမဆောက်ပေးနိုင်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “အချိန်ထပ်ပေးဖို့ သမီးကို ကျွန်တော် ပြောတယ်။ ဒါပေမယ့် ကတိဖျက်တယ်ဆိုပြီး သူက ကျွန်တော့်ကို စကားမပြောတော့ဘူး”
    ဟာနီဖာက ဖခင်ဖြစ်သူဟာ သူ့ကို ကတိပေးပြီး အကြောင်းအမျိုးမျိုးပြ ကတိဖျက်တာ များနေတဲ့အတွက် ရဲတိုင်ရတာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: BBC
  • ခရစ်တော်ကိုလှောင်သည့်ပုံ လွှင့်တင်သူကို ဂျော်ဒန်ဖမ်းဆီး၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိနေ
    ခရစ်တော်ကိုလှောင်သည့်ပုံ လွှင့်တင်သူကို ဂျော်ဒန်ဖမ်းဆီး၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိနေ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    အလ်-၀ါကီလ်
    – ယေရှုခရစ်တော်ကို လှောင်ပြောင်တဲ့ ကာတွန်းကို ဖော်ပြခဲ့တဲ့ သတင်းဝဘ်ဆိုက်တစ်ခုရဲ့ အယ်ဒီတာကို ဂျော်ဒန်က အခုတစ်ပတ်အစောပိုင်းမှာ ဖမ်းဆီးလိုက်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်မယ့် သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပါတယ်။
    ဖမ်းဆီးခံထားရသူဟာ မိုဟာမက် အလ်-၀ါကီလ်ဆိုသူဖြစ်ပြီး Al Wakeel သတင်းဝဘ်ဆိုက်ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
    ခရစ်တော် ကားစင်မတင်ခံရမီ သူ့ရဲ့ ပရောဖက်တွေနဲ့ နောက်ဆုံးညစာစားမှုကို ဖော်ကျူးရေးဆွဲထားတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ The Last Supper ပန်းချီကားကို လှောင်ပြောင်တဲ့ ကာတွန်းတစ်ခုကို Al Wakeel သတင်းဆိုက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လွှင့်တင်ခဲ့တာပါ။
    ဒီပုံကြောင့် ဂျော်ဒန်နိုင်ငံက ဆိုရှယ်မီဒီယာရပ်ဝန်းမှာ ဝေဖန်သံတွေညံခဲ့ပါတယ်။ ဒါ့ကြောင့် ၀ါကီလ်က ပြန်တောင်းပန်ခဲ့ပြီး ဒီပုံကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။
    နောက်ပိုင်းမှာ ဂျော်ဒန်ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာရာဇ၀တ်မှုဌာနက သူ့ကို ဆင့်ခေါ်မေးမြန်းကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
    ဂျော်ဒန်နိုင်ငံရဲ့ ၆.၆ သန်းသော လူဦးရေမှာ ခရစ်ယာန်ဘာသာဝင်အရေအတွက်က ၆ ရာခိုင်နှုန်းဝန်းကျင် ရှိနေပါတယ်။
    Ref: Alarabiya
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media
    အယုံအကြည်မရှိအဆိုကို ကျော်ဖြတ်နိုင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ
    အယုံအကြည်မရှိအဆိုကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ကျော်ဖြတ်နိုင်
    =================
    ကနေဒါသံတမန်ဟောင်းကို ဖမ်းဆီးထားသည့် တရုတ်က နောက်ထပ် ကနေဒါတစ်ဦးကို စစ်ဆေးမေးမြန်းနေ
    ===================
    ကနေဒါသံတမန်ဟောင်း မီခေးလ် ကိုဗရစ်ကို ဖမ်းဆီးထားတဲ့ တရုတ်အစိုးရဟာ နောက်ထပ် ကနေဒါနိုင်ငံသားတစ်ယောက်ကိုလည်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာဖရီးလန်းက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဟွာဝေးကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်ပြီး ကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲတာဝန် ထမ်းဆောင်နေတဲ့ မန်ဝမ်ကျိုးကို ကနေဒါက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာပြီး အခုတစ်ပတ် အစောပိုင်းမှာ ကိုဗရစ်ကို တရုတ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရက နောက်ထပ် စစ်ဆေးမေးမြန်းနေသူဟာ ဘယ်သူလဲ ဆိုတာကိုတော့ ဖရီးလန်းက မပြောခဲ့ဘဲ လက်ရှိ အဲဒီသူဟာ ဘယ်ရောက်နေလဲဆိုတာကို မသိရသေးကြောင်း၊ တရုတ်အာဏာပိုင်တွေကို ဒီကိစ္စအတွက် ပြောဆိုထားကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မလေးရှားရှိ မီးပန်းဆိုင်တစ်ခု မီးလောင်မှုကြောင့် ၆ ဦးသေဆုံး
    ===================
    မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း အီပိုးမြို့က မီးပန်းဆိုင်တစ်ဆိုင်မှာ မီးပန်းတွေ ပေါက်ကွဲ မီးလောင်မှုကြောင့် ဆိုင်ရှင်အပါအ၀င် လူ ၆ ဦး မီးလောင် သေဆုံးခဲ့ပါတယ်။ မီးပန်းဆိုင်တည်ရှိရာ ၂ ထပ်အဆောက်အဦးတစ်ခုလုံး မီးလောင်ကျွမ်းပျက်ဆီးသွားခဲ့ပြီး သေဆုံးသူတွေထဲမှာ ၅ ဦးက အချိန်ပိုင်းအလုပ် လာလုပ်ကြတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသွားတဲ့ အသက် ၄၀ အရွယ် ပိုင်ရှင်ဟာ လိုင်စင်မရှိဘဲ ဒီလုပ်ငန်းကို
    လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera, CNA
  • အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် သဘောတူညီချက်များ ရရှိ
    အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် သဘောတူညီချက်များ ရရှိ
    ဒီဇင်ဘာ ၁၂၊ ၂၀၁၈
    M-Media
    – အိန္ဒိယသမ္မတ ရှရီ ရမ်နသ် ကိုဗင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ သိပ္ပံနဲ့ နည်းပညာဆိုင်ရာကဏ္ဍ အပါအ၀င် သဘောတူညီချက်တွေ တော်တော်များများကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်
    သမ္မတ ကိုဗင်ဟာ အင်္ဂါ နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
    ဆွေးနွေးမှုတွေထဲမှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စ ပါဝင်သလို၊ နေရပ်ပြန်လာသူတွေ နေထိုင်ဖို့အတွက် အိမ်တွေ ဆောက်ပေးသွားမယ်လို့လည်း အိန္ဒိယသမ္မတက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အိမ် ၂၅၀ ဆောက်လုပ်နေပြီး ၅၀ ကို တရားဝင် လွှဲပြောင်းပြီးဖြစ်တယ်လို့ အိန္ဒိယသမ္မတက သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    မြန်မာနိုင်ငံမှာ တရုတ်သြဇာ ကြီးထွားမှုကို အိန္ဒိယက လျှော့ချဖို့ ကြိုးစားနေပြီး၊ မြန်မာနိုင်ငံရဲ့ ဈေးကွက်၊ သယံဇာတနဲ့ အဓိက ဆိပ်ကမ်းတွေကိုလည်း နှစ်နိုင်ငံစလုံးက မျက်စိကျနေကြပါတယ်။
    ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကိုလ်ကတားအထိ ဆက်နေတဲ့ ကန်ဒေါ်လာ ၄၈၄ သန်းတန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို မြန်မာနဲ့ အိန္ဒိယတို့ လုပ်ဆာင်နေတာ ဆယ်စုနှစ်တစ်ခု ရှိနေပြီ ဖြစ်ပါတယ်။
    ဒီကနေ့တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံက တရားသူကြီးတွေ၊ သိပ္ပံနဲ့ နည်းပညာနယ်ပယ်က အခြားသူတွေကို အိန္ဒိယနိုင်ငံက လေ့ကျင်ပေးရေး သဘောတူညီချက် ရခဲ့တယ်လို့ နှစ်နိုင်ငံသမ္မတတွေက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
    မြန်မာနိုင်ငံ သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အိန္ဒိယနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာပေးရေးနဲ့ အခြား ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    Ref: Frontier Myanmar
    (Frontier Myanmar တွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)
  • သမ္မတ၏ မူးယစ်စစ်ပွဲ ဆက်လုပ်လျှင် တိုင်းပြည်လူသတ်ကွင်းဖြစ်မည်ဟု ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် ပြော
    သမ္မတ၏ မူးယစ်စစ်ပွဲ ဆက်လုပ်လျှင် တိုင်းပြည်လူသတ်ကွင်းဖြစ်မည်ဟု ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် ပြော
    ဒီဇင်ဘာ ၁၂၊ ၂၀၁၈
    M-Media
    – သမ္မတ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တိုင်းပြည်ဟာ လူသတ်ကွင်း ဖြစ်သွားမယ်လို့ ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် CHR က ပြောကြားလိုက်ပါတယ်။
    အာဏာရတဲ့ ၂၀၁၆ ခုနှစ်ကနေ ဒူတာတေးစတင်ခဲ့တဲ့ မူးယစ်စစ်ပွဲကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ အရေအတွက် ၅ ထောင်နီးပါး ရှိလာပြီလို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အမှန်တကယ် သတ်ဖြတ်ခဲ့တဲ့ အရေအတွက်ဟာ နှစ်သောင်းကျော်လာပြီလို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေက ဆိုပါတယ်။
    ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင် CHR အကြီးအကဲက Gwendolyn Pimentel-Gana က သမ္မတ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲ နည်းလမ်းတွေနဲ့ အဲဒီနောက်ကွယ်က ရည်ရွယ်ချက်ကို ဆန်းစစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “လူတိုင်းကို သတ်ပစ်လိုက်လို့ မရဘူးလေ။ လူတစ်တစ်ယောက်သေတာတောင် တော်တော်လွန်လွန်းနေပြီ။ ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် လူသတ်ကွင်း ဖြစ်သွားမှာပေါ့။ သမ္မတ အာဏာရတုန်းက မူးယစ်ဆေးဝါး နှိမ်နှင်းမှုကို ၆ လပဲ လုပ်မယ်လို့ ပြောခဲ့တယ်။ နောက်ပိုင်းကျတော့ သူ့သက်တမ်းတစ်ခုလုံးမှာ လုပ်မယ်လို့ သူက ပြောတယ်”
    ဒူတာတေးရဲ့ မူးယစ်စစ်ပွဲဒဏ်ကို အဆိုးဝါးဆုံး ခံစားရတဲ့ပြည်နယ်ဟာ စီဘူးပြည်နယ်ဖြစ်ပြီး ရဲတပ်ဖွဲ့က သူတို့ရည်မှန်းချက် အောင်မြင်တဲ့အထိ မရပ်မနား လုပ်ဆောင်သွားမယ်လို့ ပြောကြားထားတာကြောင့် ပြည်သူပြည်သားတွေက စိုးရိမ်ကြောင့်ကြနေရပါတယ်။
    CHR ကတော့ အာဏာပိုင်တွေအနေနဲ့ မူးယစ်သံသယရှိသူတွေကို သတ်ဖြတ်လိုက်တာထက် မှန်ကန်တဲ့ ပုံစံမျိုးနဲ့ ကိုင်တွယ်ဖို့ တောင်းဆိုခဲ့ပါတယ်။
    “သံသယရှိလာရင် ဖမ်းဆီးမယ်၊ ဥပဒေကြောင်းအရ ဆောင်ရွက်ရမှာပါ။ သတ်ဖြတ်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အစိုးရဖက်က မူးယစ်တိုက်ဖျက်ရေးပုံစံကို ပြောင်းလဲဖို့ လိုအပ်ပါတယ်”
    ဒူတာတေးရဲ့ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းနဲ့ပတ်သက်လို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က အခုနှစ်အစောပိုင်းမှာ ကနဦး စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စကြောင့် ဒူတာတေးက ချက်ခြင်းဆိုသလို ICC ကနေ နှုတ်ထွက်ခဲ့ပြီး တရားရုံးအနေနဲ့ သူတို့အပေါ်မှာ တရားရေးဆိုင်ရာ သက်ရောက်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera