News @ M-Media

Blog

  • မွတ်စလင်များအား သတ်ဖြတ်ရန် လှုံ့ဆော်သည့် ဗြိတိန်အစွန်းရောက်တစ်ဦး ထောင်တစ်သက်ချခံရဖွယ် ရှိနေ

    မွတ်စလင်များအား သတ်ဖြတ်ရန် လှုံ့ဆော်သည့် ဗြိတိန်အစွန်းရောက်တစ်ဦး ထောင်တစ်သက်ချခံရဖွယ် ရှိနေ

    အောက်တိုဘာ ၁၃၊ ၂၀၁၈
    M-Media

    ဒေးဗစ်ဖြန့်ဝေခဲ့သည့် မွတ်စလင်အပြစ်ပေးရေးနေ့ စာ

    – ‘မွတ်စလင်အပြစ်ပေးရေးနေ့’ ဆိုတဲ့ စာတစ်စောင်ကို ဖြန့်ဝေကာ အစ္စလာမ်ဘာသာဝင်တွေကို တိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား မဟာလူဖြူဝါဒီ အစွန်းရောက်တစ်ဦးဟာ သူ့အပေါ် ပြုလုပ်ထားတဲ့ စွဲချက် ၁၅ ခုအတွက် အပြစ်ရှိကြောင်း မနေ့မှာ ၀န်ခံခဲ့ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရဖို့ ရှိနေပါတယ်။

    အသက် ၃၅ နှစ်အရွယ် ဒေးဗစ် ပန်ဟန်ဖြစ်ပြီး အဲလိဇဘက်ဘုရင်မ၊ ၀န်ကြီးချုပ် ထရီဇာမေတို့ အပါအ၀င် ဗြိတိန် တာဝန်ရှိသူတွေထံ လူမျိုးရေး၊ ဘာသာရေး မုန်းတီးစာတွေကို အကြိမ်ကြိမ် ပေးပို့ခဲ့သူ ဖြစ်ပါတယ်။

    အခုနှစ်အစောပိုင်းမှာ ဒေးဗစ်ဟာ ‘မွတ်စလင်အပြစ်ပေးရေးနေ့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်စောင်ကို အများပြည်သူထံ ဖြန့်ဝေခဲ့ပြီး ဧပြီလ ၃ ရက်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေကို အရှက်တကွဲအကျိုးနည်းအောင်လုပ်ဖို့၊ တိုက်ခိုက်ဖို့၊ သတ်ဖြတ်ဖို့၊ ဗလီတွေကို ဖျက်ဆီးဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒါပေမယ့် အဲဒီရက်မှာ ဘာအဖြစ်အပျက်မှ မဖြစ်ပွားခဲ့ပါဘူး။ နောက်ပိုင်းမှာ ‘မွတ်စလင်အပြစ်ပေးရေးနေ့ ၂’ ဆိုတဲ့ ခေါင်းစဉ်နဲ့ နောက်ထပ် စာတစ်စောင်ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိတဲ့စာတွေကနေ DNA၊ လက်ရေးနဲ့ လက်ဗွေတို့ကို စစ်ဆေးကာ ဒေးဗစ်ကို ဇွန်လမှာ ဖမ်းဆီးခဲ့ပါတယ်။

    အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ဘုရားဝတ်ပြုဖို့လာတဲ့ လူမည်း ၉ ဦးကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမား ဒိုင်လန်ရုဖ်ကို အားကျကြောင်း စာတစ်စောင်ကို ဒေးဗစ်ဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ရေးသား ဖြန့်ချီခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် မတ်လမှာလည်း ‘ရှက်ဖီးတက္ကသိုလ်’ မှာ ဂျူးတွေ၊ လူမည်းတွေ၊ ဂျစ်ပစီတွေနဲ့ မက္ကဆီကန်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ တိုက်တွန်းတဲ့ စာတွေကိုလည်း ဒေးဗစ်က ရေးသားဖြန့်ဝေခဲ့ပါတယ်။

    အဲဒီနှစ် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ လန်ဒန်က ဗလီတွေကို စာတွေ လိုက်ဝေခဲ့ပြီး အဖြူရောင်အမှုန့်တွေနဲ့အတူ ပေးပို့တဲ့ အဲဒီစာထဲမှာ နည်းနည်းအမျိုးမျိုးနဲ့ အစ္စလာမ်ဘာသာဝင်တွေကို ခြိမ်းခြောက်ထားပါတယ်။

    ဒေးဗစ်ပေးပို့တဲ့စာတွေကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီး တစ်ချို့ကို စာတိုက်ကနေ ကြားဖြတ်သိမ်းယူခဲ့ပါတယ်။

    မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်စာဖြန့်ဝေမှု စွဲချက် ၇ ချက်၊ ဗုံးလန့်အောင်ခြိမ်းခြောက်မှု စွဲချက်တစ်ခု၊ သတ်ဖြတ်ရန် လှုံ့ဆော်မှု စွဲချက်တစ်ခု အပါအ၀င် စုစုပေါင်း စွဲချက် ၁၅ ချက်အတွက် အပြစ်ရှိကြောင်း ဒေးဗစ်က မနေ့မှာ ၀န်ခံခဲ့ပါတယ်။

    ဒါ့ကြောင့် ဒေးဗစ်ဟာ အမြင့်ဆုံး ထောင်ဒဏ်တစ်သက် ချမှတ်ခံရဖို့ ရှိနေပြီး အမိန့်ချမယ့်နေ့ကို တရားရုံးက မသတ်မှတ်ရသေးပါဘူး။

    Ref: Daily Mail

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၃၊ ၂၀၁၈
    M-Media

    ဂါဇာမှ ဆန္ဒပြမှုမြင်ကွင်း

    ကွန်ဂိုတွင် အီဘိုလာကြောင့် လူထုစိုးရိမ်မှု မြင့်တက်
    ===============
    ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ အီဘိုလာရောဂါကြောင့် ၁၂၅ ဦး သေဆုံးခဲ့ပြီးတဲ့နောက် ပြည်သူလူထုရဲ့ စိုးရိမ်စိတ်တွေ မြင့်တက်လာမှုကို ထိန်းသိမ်းရတာ ခက်ခဲလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ကွန်ဂိုမှာ သြဂုတ်လ ၁ ရက်နေ့ကတည်းက အီဘိုလာ သံသယရှိသူ ၂၀၀ လောက်ကို စမ်းသပ်ရာမှာ ၁၆၅ ဦးက ရောဂါဖြစ်နေပြီး ၃၅ ဦးက ရောဂါမရှိတာကို တွေ့ရပါတယ်။ WHO ကတော့ ရောဂါဖြစ်ပွားမှု မြင့်တက်လာတာက စိုးရိမ်စိတ်တွေကို ပိုစေပြီး ရောဂါပိုး လုံးဝကင်းရှင်းသွားဖို့အတွက် နောက်ထပ် ၃၊ ၄ လလောက် ဆောင်ရွက်ရအုံးမယ်လို့လည်း ဆိုပါတယ်။

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၆ ဦး ထပ်မံသေဆုံး
    ==================
    အစ္စရေးကပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က ပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် ဆယ်ကျော်သက် ၂ ဦး အပါအ၀င် ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့ပြီး ၂၅၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်က ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ နေရပ်ပြန်ခွင့်ရရေး ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကနေစလို့ အပတ်စဉ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အစ္စရေးစစ်တပ်က ဆန္ဒပြသူတွေကို ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်ခဲ့ပြီး ၁၈၃ ဦး သေဆုံးကာ ၁၈၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    တူရကီတွင် ဖမ်းခံထားရသည့် အမေရိကန်သင်းအုပ်ဆရာ လွတ်မြောက်
    =================
    လွန်ခဲ့တဲ့ ၂ နှစ်က အကြမ်းဖက်မှုပုဒ်မတွေနဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တဲ့ အမေရိကန် ခရစ်ယာန်သင်းအုပ်ဆရာ အန်ဒရူး ဘရူဆန်ကို တူရကီတရားရုံးက မနေ့မှာ လွှတ်ပေးခဲ့ပြီး သူ့အပေါ် ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ်တွေ၊ ခရီးသွားလာခွင့်တွေကိုလည်း ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ဘရူဆန်ဟာ မနေ့က ဂျာမနီကနေ အမေရိကန်စစ်တပ်က လေယာဉ်နဲ့ မေရီလန်းကို ပြန်သွားခဲ့ပါတယ်။ ဘရူဆန်ကို ဖမ်းဆီးထောင်ချမှုဟာ အမေရိကန်နဲ့ တူရကီအကြား ဆက်ဆံရေးကို ဆိုးရွားစေခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုလည်း ခံခဲ့ရတာကြောင့် တူရကီလီရာငွေကြေးဟာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တူရကီရဲ့ အခုလို လွှတ်ပေးမှုကို ၀မ်းသာကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Aljazeera, BBC

  • ကျမ်းစာမဖတ်ရ၊ ဘုရားဝတ်မပြုရ ခံဝန်ဖြင့် ခရစ်ယာန်ခေါင်းဆောင်များကို ‘၀’ တပ်ဖွဲ့ ပြန်လွှတ်

    ကျမ်းစာမဖတ်ရ၊ ဘုရားဝတ်မပြုရ ခံဝန်ဖြင့် ခရစ်ယာန်ခေါင်းဆောင်များကို ‘၀’ တပ်ဖွဲ့ ပြန်လွှတ်

    အောက်တိုဘာ ၁၂၊ ၂၀၁၈
    M-Media

    ၀ တပ်ဖွဲ့ဝင်များ

    – ပြီးခဲ့တဲ့လက ထိန်းသိမ်းထားတဲ့ လားဟူ ခရစ်ယာန်ခေါင်းဆောင် ၉၂ ဦးကို ‘၀’ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) က သမ္မာကျမ်းစာမဖတ်ရ၊ ဘုရားဝတ်မပြုရဆိုတဲ့ ခံဝန်ချက်တွေနဲ့ ဗုဒ္ဓဟူးနေ့မှာ လွှတ်ပေးလိုက်တယ်လို့ လားဟူနှစ်ခြင်းအသင်းတော် (LBC) က ပြောကြားလိုက်ပါတယ်။

    “အိမ်ပြန်ရောက်တဲ့အခါ သမ္မာကျမ်းစာ မဖတ်ဘူး၊ ဘုရားမရှိခိုးဘူးလို့ မလွှတ်ခင် သူတို့ ကတိပေးခဲ့ရပါတယ်” လို့ LBC ရဲ့ အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် Lazarus က ဧရာဝတီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ‘၀’ တပ်ဖွဲ့က ပိတ်ပစ်ခဲ့တဲ့ LBC ရဲ့ဘုရားကျောင်း ၅၂ ကျောင်းကိုလည်း အသင်းတော်တာဝန်ရှိသူတွေ သွားကြည့်လို့မရဘူးလို့ Lazarus က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စက်တင်ဘာလအစောပိုင်းမှာ ‘၀’တပ်ဖွဲ့ဟာ သူတို့ဒေသအတွင်းက LBC နဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) တို့က ခရစ်ယာန် ဘာသာရေးဆရာ ၂၀၀ လောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဘုရားကျောင်း ၁၀၀ ကျော်ကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

    UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ Nyi Rang က လားဟူနဲ့ ကချင်ခရစ်ယာန်ခေါင်းဆောင်တွေထဲမှာ အစွန်းရောက်တွေရှိနေပြီး၊ သူတို့လူမျိုတွေသာမကဘဲ ၀လူမျိုးတွေကိုပါ သိမ်းသွင်းကာ ၀လူမျိုးညီညွတ်မှုကို ဖြိုခွဲသလိုဖြစ်နေတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းရတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    “စည်းလုံးမှုပြိုကွဲမှာ ကြောက်တယ်လို့ သူတို့ကပြောတယ်ဗျ။ သူတို့ဟာ ဘာသာတရားကို နားမလည်ဘူးဆိုတာ ကျွန်တော်တို့ တွေ့ရတယ်” လို့ Lazarus က ဆိုပါတယ်။

    KBC ကလည်း ပြီးခဲ့တဲ့တစ်သီတင်းပတ်တွေအတွင်း သူတို့အသင်းဝင် ၆၀ ကျော်လောက် လွတ်မြောက်လာတယ်လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ အသင်းတော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သိက္ခာတော်ရဆရာတော် Samson က KBC အနေနဲ့ ၀လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို အလေးမထားဘဲ တစ်ချို့ဝလူမျိုးတွေကို ဖိအားပေး သိမ်းသွင်းခဲ့ကြောင်း ၀န်ခံခဲ့ပေမယ့် UWSA က သူတို့ခေါင်းဆောင်တွေကို ထိန်းသိမ်းတာ၊ ဘာသာစွန့်လွှတ်ဖို့ ပြောတာတွေက လွန်လွန်းတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • နိုင်ငံမဲ့ကလေးများကို မလေးရှားက အစိုးရကျောင်း တက်ခွင့်ပြုမည်

    နိုင်ငံမဲ့ကလေးများကို မလေးရှားက အစိုးရကျောင်း တက်ခွင့်ပြုမည်

    အောက်တိုဘာ ၁၂၊ ၂၀၁၈
    M-Media

    – နိုင်ငံသားမဖြစ်သေးတဲ့ ကလေးငယ်တွေကို အစိုးရကျောင်းမှာ တက်ခွင့်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ မလေးရှား ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Teo Nie Ching က ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က အစည်းအဝေးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး နိုင်ငံသားမဟုတ်တဲ့ ကလေးတွေအနေနဲ့ ကျောင်းတက်ဖို့ မွေးစားရင်း ဒါမှမဟုတ် မွေးစားစာချုပ် ဒါမှမဟုတ် တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေ တင်ပြရမှာ ဖြစ်ပါတယ်။

    “ဒီအထောက်ထားတွေ မရှိဘူးဆိုရင် သူတို့အသိုင်းအ၀ိုင်းက ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် သူတို့လူမျိုး ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက် ယူပြီး ကျောင်းတက်လို့ရပါတယ်” လို့ ဒီကနေ့ စာသင်ကျောင်းတစ်ခုမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ၀န်ကြီး Teo Nie Ching  က သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

    ကလေးက နိုင်ငံသားမဟုတ်ပေမယ့် မိခင်ဖခင် တစ်ဦးဦးက မလေးရှားနိုင်ငံသားဖြစ်မယ်၊ ကလေးမှာလည်း မွေးစာရင်းရှိတယ်ဆိုရင် အစိုးရကျောင်းတွေမှာ တက်ခွင့်ရမယ်လို့လည်း သူမက ဆိုပါတယ်။

    ဒီသတ်မှတ်ချက်အသစ်ကို လာမယ့်နှစ် ဇန်န၀ါရီ ကျောင်းဖွင့်ရာသီမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး UPSR၊ SPM နဲ့ STPM တို့လို စာမေးပွဲတွေကိုလည်း ၀င်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

    “ကလေးအားလုံး တန်းတူညီမျှ ပညာသင်ခွင့် ရစေချင်တဲ့ စေတနာနဲ့ အစိုးရက ဒီလို ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ၀န်ကြီးက ပြောကြားခဲ့ပြီး မိဘတွေအနေနဲ့ လိုအပ်တဲ့ အထောက်အထားတွေပြဖို့ ၂ နှစ်အထိ အချိန်ရမယ်လို့ ဆိုပါတယ်။

    ကလေးတွေ နိုင်ငံသားမရတာဟာ မိဘတွေအနေနဲ့ ကလေးမမွေးခင် သူတို့ရဲ့လက်ထက်မှုကို မှတ်ပုံမတင်ထားတာကြောင့်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဒါတွတ်ဆရီ အဟ်မဒ် ဇာဟီရီရဲ့အဆိုအရ ၂၀၁၆ ခုနှစ်မှာ နိုင်ငံအတွင်း အသက် ၁၈ နှစ်နဲ့အောက်၊ နိုင်ငံသားမရသေးတဲ့ ကလေးပေါင်း သုံးသောင်းလောက်ရှိကြောင်း Teo Nie Ching က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: Malay Mail

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၂၊ ၂၀၁၈
    M-Media

    အမေရိကန် F35 တိုက်လေယာဉ်

    ဟာရီကိန်းကြောင့် အမေရိကန်တွင် အနည်းဆုံး ၆ ဦးသေ
    =============
    ဟာရီကိန်းမိုက်ကယ်ကြောင့် အမေရိကန် ဖလော်ရီဒါ၊ ဂျော်ဂျီယာနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ၃ ခုမှာ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၆ ဦးအထိ ရှိလာခဲ့ပြီး အဆောက်အဦးတွေ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှုတွေလည်း ရှိခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံသားတွေ ထိခိုက်ဆုံးရှုံးမှုအတွက် ၀မ်းနည်းရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားတဲ့အထိ မရပ်မနား လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့တဲ့ ဟာရီကိန်းမိုက်ကယ်ဟာ နှစ် ၁၀၀ သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ပြီး အခုအချိန်မှာတော့ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီ ဖြစ်ပါတယ်။

    အာကာသယာဉ်မှူးများ လိုက်ပါသွားသည့် ရုရှားဆိုယုဇ်ဒုံးပျံ စက်ချို့ယွင်းမှုဖြစ်
    =====================
    မနေ့က ရုရှားကနေ နိုင်ငံတကာအာကာသစခန်းကို လူနဲ့ ကုန်စည်တွေပို့ဆောင်တဲ့ ဆိုယုဇ်ဒုံးပျံဟာ စက်ချို့ယွင်းမှုပြဿနာကြောင့် အာကာသယာဉ်မှူးတွေ အရေးပေါ် ကမ္ဘာမြေကို ပြန်ဆင်းခဲ့ရပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ အမေရိကန်နဲ့ ရုရှားက အာကာသယာဉ်မှူးနှစ်ဦးကတော့ ကာဇက်စတန်နိုင်ငံမှာ ဘေးရန်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဆိုယုဇ်ဒုံးပျံဟာ အာကာသနယ်ပယ်မှာ သက်တမ်းအရင့်ဆုံး ဒုံးပျံဖြစ်ပြီး စိတ်အချရဆုံး ဒုံးပျံတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    အမေရိကန်က F-35 တိုက်လေယာဉ်အားလုံး ပြန်စစ်မည်
    ==================
    အမေရိကန်က သူတို့ရဲ့ F-35 တိုက်လေယာဉ်အားလုံးကို စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီး ပြီးခဲ့တဲ့လ တောင်တရုတ်ပင်လယ်မှာ F-35 လေယာဉ်တစ်စီး ပျက်ကျပြီးတဲ့နောက် ဒီလို စစ်ဆေးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ F-35 တိုက်လေယာဉ်ဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံးလေယာဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ဆီလိုင်းပြဿနာတွေကို ကြုံတွေ့နေတာဖြစ်ပြီး အခုစစ်ဆေးမှုမှာ ဒါကို ပြုပြင်ဖို့ ရှိနေပါတယ်။ စစ်ဆေးမှုဟာ ၁ ရက်ကနေ ၂ ရက်အတွင်း ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

    Ref : BBC, Aljazeera