News @ M-Media

Blog

  • ရခိုင်ကိစ္စ ပိုမို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ရခိုင်ကိစ္စ ပိုမို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    အောက်တိုဘာ ၈၊ ၂၀၁၈
    M-Media

    – ရခိုင်ပြည်နယ်က ပြဿနာကို အစိုးရရဲ့ ကိုင်တွယ်မှုမှာ ပိုမို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

    ဂျပန်နဲ့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    “အထူးသဖြင့် ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေရှိနေတာ၊ ငြိမ်းချမ်းရေးကြိုးစားမှုမှာ ရုန်းကန်နေရတာတွေကို ကျွန်မ ၀န်ခံပါတယ်။ ကျွန်မတို့ရဲ့မိတ်ဆွေတွေကို ဒီအချက်တွေ ဖုံးမထားပါဘူး”

    နိုင်ငံခြားရင်းနှီးမြှုပ်မှုတွေကို စွဲဆောင်ဖို့အတွက် တိုင်ပြည် ငြိမ်းချမ်းဖို့ တည်ငြိမ်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ရင်းနှီးမြှုပ်နှံမှုတွေ ပိုလိုချင်တယ်၊ စီးပွားရေး အခွင့်အလမ်း ပိုရချင်တယ်ဆိုရင် ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး၊ သဟာဇတဖြစ်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး – ဒါတွေအားလုံးကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ကျွန်မတို့ မိတ်ဆွေတွေကို ပွင့်လင်းမြင်သာစွာ ဆက်ဆံချင်ပါတယ်။ ရှင်တို့မှာ စိုးရိမ်မှုတွေရှိမယ်၊ ကြောင့်ကြမှုတွေရှိမယ်ဆိုရင် ကျွန်မတို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ ရပါတယ်”

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနက်ဖြန်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။

    Ref: AFP

  • အစ္စလာမ်အပေါ် အမြင်စောင်းနေမှုကို တိုက်ဖျက်ရန် မလေးရှားမှ အစ္စလာမ့် ပညာရှင်များ တိုက်တွန်း

    အစ္စလာမ်အပေါ် အမြင်စောင်းနေမှုကို တိုက်ဖျက်ရန် မလေးရှားမှ အစ္စလာမ့် ပညာရှင်များ တိုက်တွန်း

    အောက်တိုဘာ ၈၊ ၂၀၁၈
    M-Media

    မလေးရှားမှ နိုင်ငံတော်ဗလီ

    – အစ္စလာမ်သာသနာကို ကြမ်းတမ်းတဲ့ အယူဝါဒအဖြစ် ပုံဖော်လာမှုကို တိုက်ဖျက်ဖို့အတွက် မလေးရှားနိုင်ငံက အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်တွေ၊ ဓမ္မသတ်မှူးတွေနဲ့ တတ်သိ ပညာရှင်တွေက တိုက်တွန်းဆော်သြလိုက်ပါတယ်။

    ပြီးခဲ့တဲ့လ တီရန်ဂါနူပြည်နယ်မှာ လိင်တူဆက်ဆံဖို့ကြိုးစားတဲ့ အမျိုးသမီးနှစ်ဦးကို ကြိမ်ဒဏ်ရိုက်ခဲ့တဲ့ကိစ္စလို အဖြစ်အပျက်မျိုးဟာ အစ္စလာမ် သာသနာကို ပြည်သူလူထုက နှာခေါင်းရှုံစရာ ဖြစ်စေတယ်လို့ အဆင့်မြင့် အစ္စလာမ့်ရေးရာ လေ့လာမှု နိုင်ငံတကာအင်စတီကျု (IAIS) က စီအီးအို ပရော်ဖက်ဆာ မိုဟာမက် ဟာရှင် ကာမာလီက ဒီကနေ့ပြုလုပ်တဲ့ အစ္စလာမ်ဓမ္မသတ်ဥပဒေဆိုင်ရာ အယူအဆနဲ့ ပြစ်ဒဏ်ပေးမှုတွေအကြောင်း ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒါမျိုးက အစ္စလာမ်ဟာ အပြစ်ပေအရေးယူဖို့ကိုပဲ အားသန်နေတယ်လို့  ထင်စရာ ဖြစ်နေပါတယ်။ ဒါပေမယ့် တကယ့် အစ္စလာမ်သာသနာက အဲဒီလို မဟုတ်ပါဘူး။ ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့ သာသနာရဲ့ အရေးပါတဲ့ ကိစ္စတွေဟာ ရဟ်မာလို့ခေါ်တဲ့ သနားညှာတာမှုနဲ့ နီးနီးကပ်ကပ် ပတ်သက်ဆက်နွယ်နေတာကို တွေ့ရမှာပါ”

    ဆွေးနွေးပွဲကို IAIS က ဦးစီးကျင်းပတာဖြစ်ပြီး အစ္စလာမ့် ဓမ္မသတ်မှူးတွေ၊ ပညာရှင်တွေနဲ့ အစ္စလာမ့် ဓမ္မသတ်ဥပဒေဆိုင်ရာ ကျွမ်းကျင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

    ရဟ်မာဆိုတဲ့ သနားညှာတာမှုဟာ အစ္စလာမ်သာသနာရဲ့ အဓိကတန်ဖိုးတစ်ခု ဖြစ်တယ်လို့လည်း ကာမာလီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “အစ္စလာမ်သာသနာဟာ တရားမျှတမှုဖက်မှာ ပြည့်ပြည့်၀၀ ရပ်တည်တယ်ဆိုတာ ငြင်းစရာမလိုဘူး၊ ဒါပေမယ့် သနားညှာတာမှုက အစ္စလာမ်ရဲ့ အဓိကတန်ဖိုးကို မောင်းနှင်တာ ဖြစ်ပါတယ်။ ညှာတာမှု၊ ပညာပေးမှုမရှိတဲ့ တရားမျှတမှုကို ကျင့်သုံးမယ်ဆိုရင် အနှစ်သာရ ပြည့်ဝမှာ မဟုတ်ပါဘူး။ အစ္စလာမ်သနာကပြောတဲ့ သနားညှာတာမှုဖက်ကို လှည့်လာတာကို မြင်ရတာပျာ်ရွှင်မိပြီးကြည်နူးစရာလည်း ဖြစ်ပါတယ်။ ဒီအချက်ဟာ မလေးရှားမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ပျောက်ဆုံးနေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်”

    အစ္စလာမ်သာသနာဟာ အရေးယူအပြစ်ပေးဖို့ပဲ အားသန်တယ်လို့ တစ်ချို့ရဲ့ ထင်မြင်ယူဆချက်အမှားကို ပြန်လည်ပြင်ဆင်ဖို့ အချိန်ကျပြီလို့လည်း ကာမာလီက ဆိုပါတယ်။

    ” အစ္စလာမ်ရဲ့ ရပ်တည်ချက်အမှန်ကို ဖော်ထုတ်ဖို့၊ အစ္စလာမ်သာသနာအပေါ် အထင်အမြင်မှားမှုကို ဖယ်ရှားဖို့အတွက် ဒီကိစ္စဟာ အစ္စလာမ်သာသနာရဲ့ စိန်ခေါ်မှုသစ် တစ်စိတ်တစ်ပိုင်းအဖြစ် မလေးရှားက အိုလမာသာသနာ့ပညာရှင်တွေ၊ ဓမ္မသတ်မှူးတွေက ယူဆမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

    ဆွေးနွေးပွဲကို ၀န်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ မူဂျာဟစ် ယူဆွဖ်ရာဝါလည်း တက်ရောက်ခဲ့ပါတယ်။

    Ref: The Star

     

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၉၊ ၂၀၁၈
    M-Media

    နယူးယောက်ပြည်နယ်တွင် ယာဉ်မတော်တဆမှု မြင်ကွင်း

    အင်ဒိုတွင် ငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၂ ထောင်နီးပါး ရှိလာ
    ================
    စက်တင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၉၄၄ ဦးအထိ ရောက်လာခဲ့တယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ပျောက်ဆုံးသူအရေအတွက်က ၅၀၀၀ လောက် ရှိနေပြီး အောက်တိုဘာ ၁၁ ရက်နေ့အထိ ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်ကာ အဲဒီနောက်ပိုင်းမှာ မတွေ့သူတွေကို သေဆုံးသူများအဖြစ် စာရင်းသွင်းမှာ ဖြစ်ပါတယ်။

    ကင်ဂျုံအွန်နှင့် ထရမ့်တို့ ဒုတိယအကြိမ် ဆွေးနွေးမည်
    ===================
    သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အမြန်ဆုံး ဆောင်ရွက်သွားဖို့ သဘောတူကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြုံးယမ်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုကို ပြောကြားလိုက်ပါတယ်။ ကင်နဲ့ ပွမ်ပီယိုတို့ဟာ ၂ နာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ကင်နဲ့ ထရမ့်တို့ဟာ ဇွန်လက စင်ကာပူမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    အမေရိကန်တွင် ယာဉ်တိုက်မှုကြောင့် လူ ၂၀ သေဆုံး
    =========
    အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် မြို့တော် အလ်ဘာနီအနီးမှာ စနေနေ့ နေ့လည်ပိုင်းက ဇီမ်ခံကားတစ်စီး လူအုပ်ကို ၀င်တိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။ ကားနှစ်စီး တိုက်မိရာကနေ တစ်စီးက တောင်ပေါ်ကနေ ထိုးဆင်းသွားပြီး စတိုးဆိုင်နဲ့ ကော်ဖီဆိုင်တစ်ခုမှာ ရှိနေကြတဲ့ လူတွေကို ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ ကားတိုက်မတော်တဆဖြစ်မှုဟာ လူအမြောက်အများ သေဆုံးရတဲ့ အကြောင်းအရင်းတွေထဲမှာ စတုတ္ထနေရာမှာ ရှိနေပါတယ်။

    ဟောင်ကောင်အတွက် စနစ်မပြောင်းဟု တရုတ်ပြော
    =============
    ဟောင်ကောင်အတွက် နိုင်ငံတစ်နိုင်ငံ စနစ်နှစ်ခု မူဝါဒကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံပိုင် သတင်းစာ China Daily ရဲ့ ဒီကနေ့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။ ၁၉၉၇ ခုနှစ် ဗြိတိသျှက တရုတ်ပြည်ကို လွှဲပြောင်းပေးပြီးတဲ့နောက်ပိုင်း ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးမှာထက် ပိုတဲ့ လွတ်လပ်ခွင့်ကို ရရှိနေတာ ဖြစ်ပါတယ်။ Financial Times သတင်းစာက အာရှရေးရာ အယ်ဒီတာကို ဗီဇာသက်တမ်းမတိုးပေးတာနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ဝေဖန်မှုကိုလည်း China Daily က ပယ်ချလိုက်ပြီး အမျိုသားလုံခြုံရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်စေတဲ့အတွက် ဒီလို လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera, CNA

  • အစ္စလာမ်ကို ကြမ်းတမ်းစွာပုံဖေါ်နေမှုများကို မဟာသီ ဝေဖန်

    အစ္စလာမ်ကို ကြမ်းတမ်းစွာပုံဖေါ်နေမှုများကို မဟာသီ ဝေဖန်

    အောက်တိုဘာ ၈၊ ၂၀၁၈
    M-Media

    – အစ္စလာမ်သာသနာဟာ အခြားသူတွေကို စောင့်ရှောက်ခိုင်းထားတဲ့ သာသနာဖြစ်ပြီး အိမ်တွေထဲဝင်ရောက်ပြီး အပြစ်မရှိ၊ အပြစ်ရှာတာမျိုးကို အားပေးတဲ့ သာသနာမျိုးမဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။

    မလေးရှားက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကိစ္စတွေ ရှိလာရင် အိမ်ထဲ အဓမ္မ ၀င်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီး မလေးရှားသတင်းစာ The Star နဲ့ အင်တာဗျူးမှာ မဟာသီက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

    မလေးရှားမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ ကိစ္စတွေကို ထိန်းသိမ်းကြပ်မတ်ဖို့အတွက် ဘာသာရေးစည်းကမ်းထိန်းအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

    “အစ္စလာမ်သာသနာဟာ အလကားနေရင်း လက်တွေ၊ ခေါင်းတွေ ဖြတ်ခိုင်းတဲ့ ကြမ်းကြုတ်တဲ့သာသနာ မဟုတ်ပါဘူး။ ပြစ်ဒဏ်အသေးကနေ အကြီး စသဖြင့် အဆင့်ဆင့်သတ်မှတ်ပေးထားပေမယ့် သူတစ်ပါး အရှက်တကွဲအကျိုးနည်းအောင် လုပ်ချင်တဲ့သူတွေလည်း ရှိနေပါတယ်။ ဒါဟာ အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်ဖက်ပါပဲ” လို့ မဟာသီက ပြောကြားခဲ့ပါတယ်။

    အိမ်ထောင်ရေးဖောက်ပြားတာဟာ ကိုယ်ကျင့်သီလဖောက်ဖျက်တာဖြစ်တဲ့အတွက် ဘာသာရေးစည်းကမ်းထိန်းတွေဟာ ကျူးလွန်သူတွေကို ဖမ်းဆီးကာ ပညာပေးတာ၊ ပြစ်ဒဏ်ပေးတာမျိုးတွေ မလေးရှားမှာ လုပ်ဆောင်လေ့ရှိပါတယ်။

    ဒါပေမယ့် နေအိမ်တွေထဲ အဓမ္မ၀င်ရောက်ပြီး ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် ဘာသာရေးစည်းကမ်းထိန်းတွေအပေါ် ဝေဖန်မှုတွေ ရှိနေပြီး သာသနာရေးရာဝန်ကြီးသစ် ဒါတွတ် ဒေါက်တာ မူဂျာဟစ် ယူဆွဖ် ရာဝါက ဒီလို စီးနင်းမှုတွေကို ရပ်တန့်သွားမယ်လို့ ပြောကြားထားပါတယ်။

    မဟာသီက မူဂျာဟစ်ရဲ့မှတ်ချက်ကို ထောက်ခံခဲ့ပြီး အစ္စလာမ်ဟာ လူသားတွေကို ဂရုစိုက်တဲ့ သာသနာဖြစ်ကာ မိမိတို့အစိုးရအနေနဲ့ ခွင့်လွှတ်နားလည်ပေးတဲ့ အစ္စလာမ်ရဲ့ပုံစံကိုသာ ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

    “သူများတွေကို အပြစ်ရှာ၊ သူများအိမ်တွေထဲ ၀င်ပြီး ဖမ်းဆီးဖို့ အစ္စလာမ်က မသွန်သင်ပါဘူး။ ဒါဟာ အစ္စလာမ်မဟုတ်ပါဘူး”

    Ref: The Star

  • အမေရိကန်မကာကွယ်လည်း ဆော်ဒီ ဆက်လက်တည်တံ့မည်ဟု အိမ်ရှေ့မင်းသား ပြော

    အမေရိကန်မကာကွယ်လည်း ဆော်ဒီ ဆက်လက်တည်တံ့မည်ဟု အိမ်ရှေ့မင်းသား ပြော

    အောက်တိုဘာ ၆၊ ၂၀၁၈
    M-Media

    – ဆော်ဒီဟာ ဘယ်သူ့အကာအကွယ်မှ မရှိဘဲနဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် ရပ်တည်နိုင်တယ်လို့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပြီး ပြည်သူလူထုကလည်း တော်ဝင်မိသားစုကို ထောက်ခံကြတယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ ကာကွယ်ပေးမှုသာ မရှိဘူးဆိုရင် ဆော်ဒီဟာ ၂ ပတ်တောင်မခံဘူးဆိုတဲ့ အခုတစ်ပတ်အစောပိုင်းက ထရမ့်ရဲ့ပြောကြားမှုကို မင်းသားက တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    ဆော်ဒီနဲ့ ပင်လယ်ကွေ့နိုင်ငံတစ်ချို့မှာ အမေရိကန်တပ်ဖွဲ့တွေ တော်တော်များများချထားပြီး ဒီအတွက် ထရမ့်က လက်ခံထားတဲ့နိုင်ငံတွေကို စစ်စားရိတ် အကုန်အကျခံစေချင်နေတာ ဖြစ်ပါတယ်။

    ဘင် ဆလ်မန်က ထရမ့်ရဲ့ ဒီမှတ်ချက်ကို ပယ်ချလိုက်ပြီး ဆော်ဒီဟာ အမေရိကန်ဆိုတာ မရှိခင်ကတည်းက မိမိတို့နိုင်ငံက တည်ရှိနေခဲ့တာဖြစ်ကြောင်း နောက်ထပ် နှစ်ပေါင်း ၂၀၀၀ လောက်ကိုလည်း ပြဿနာ နည်းနည်းလောက်နဲ့ ဖြတ်သန်းရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “တကယ်တော့ ကျွန်တော်တို့လုံခြုံရေးအတွက် ဘယ်သူ့ကိုမှ ပိုက်ဆံပေးမှာ မဟုတ်ပါဘူး”

    ဒါပေမယ့် ထရမ့်နဲ့ အလုပ်လုပ်ရတာကို ကြိုက်နှစ်သက်ပြီး အခုမှတ်ချက်ဟာ မဟာမိတ်နိုင်ငံတွေအကြား အသေးအမွှား သဘောထားကွဲလွဲမှုသာဖြစ်ကြောင်း ဘင် ဆလ်မန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref : RT