ဇန်နဝါရီ ၃၀ ၊ ၂၀၁၃
M-Media
မြန်မာအစိုးရပိုင် သတင်းစာများတွင် ဒီဇင်ဘာ ၂၅ ကဖြစ်ပျက်ခဲ့သည့် အဲယားပုဂံလေယာဉ် ပျက်ကျမှုကြောင့် မော်တော်ဆိုင်ကယ် တစ်စီး လဲကျ ပျက်စီးနေသည့်ပုံကို ဖြတ်ယူပြီး ကချင်ပြည်နယ်တွင် ကေအိုင်အေတို့၏ မိုင်းဆွဲတိုက်ခိုက်မှု သတင်း နံဘေးတွင် ပူးတွဲဖော်ပြခဲ့ကြောင်း မြန်မာတိုင်းမ်စ် က ဆိုသည်။
ထိုပုံကို မြန်မာ့အလင်းသတင်းစာ၊ စာ-၉ ၌ ဇန်န၀ါရီ ၂၈ တွင် ဖော်ပြခဲ့ပြီး အင်္ဂလိပ်မူဖြင့်ထုတ်ဝေသည့် သတင်းစာတွင်ပါ ဖော်ပြထားကြောင်းသိရသည်။
စာတစ်ပိုဒ်ထဲသာပါသော သတင်းဖော်ပြချက်တွင် ဓာတ်ပုံကို ထည့်သွင်းထားရာ ထိုဓာတ်ပုံအား “ကေအိုင်အေအဖွဲ့က မိုင်းဆွဲတိုက်ခိုက်၊ အပြစ်မဲ့အရပ်သား တစ်ဦးသေဆုံး” ခေါင်းစဉ် တပ်ထားသည်။ ထိုသတင်း၌ပင်တွင် ဇန်န၀ါရီ ၂၇၊ နံနက်ပိုင်း ၁၀.၃၀ နာရီတွင် မြစ်ကြီးနားမှ ပူတာအိုသို့သွားသော မော်တော်ဆိုင်ကယ် ၃ စီးကို ကေအိုင်အေတို့ မိုင်းဆွဲ တိုက်ခိုက်သဖြင့်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။
အစိုးရသတင်းစာက မူလပုံ(အဲယားပုဂံလေယာဉ် ပျက်ကျသည့်ဖြစ်စဉ်) တွင်ပါရှိသည့် လူအများအပြား ၀ိုင်းအုံနေသည့် ဆိုင်ကယ်ဓာတ်ပုံ ၏ ဘေးအသားများကို ဖြတ်တောက် ထားသည်။ ယင်းမူရင်းပုံကိုလည်း ဒီဇင်ဘာ ၂၅ ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လေယာဉ်ပျက်ကျအပြီး အချိန်အနည်းငယ်အတွင်း ဟဲဟိုးလေဆိပ်၌ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့သောအဖြစ်အပျက်ကြောင့် နိုင်ငံပိုင်မီဒီယာများသည် အစိုးရ၏ ၀ါဒဖြန့်ချီမှု့ပြန့်ပွားစေရန် တဖက်တလမ်းမှ လက်ကိုင်တုတ်ဖြစ်နေသည်ဟု စွပ်စွဲမှုများအတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း၊ နိုင်ငံပိုင်မီဒီယာများသည် ကေအိုင်အေ၏ အရပ်ဘက် တိုက်ခိုက်မှု များနှင့် မြန်မာ့တပ်မတော် အားတိုက်ခိုက်နေမှုများ အကြောင်းတို့ကို ပုံမှန်ဖော်ပြနေကျဖြစ်ကြောင်း၊ သို့သော် တပ်မတော်၏ ထိုးစစ်များ အကြောင်းကိုမူ ဖော်ပြခြင်း မရှိကြောင်းဖြင့် မြန်မာတိုင်းမ်စ်က သုံးသပ်ထားသည်။
ထိုသတင်းကို ကချင်စစ်ပွဲအရေးတွင် ပြည်တွင်းပြည်ပအသင်းအဖွဲ့များ၊ သံရုံးနှင့် မီဒီယာများက သတင်းမှားများဖြန့်ချိ နေသည်ဟု စွပ်စွဲဖော်ပြထား သည့် မြန်မာကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေသော ကြေညာချက်ဖြန့်ချိသည့် ရက်စွဲ၌ပင် မြန်မာအစိုးပိုင် သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။
Comments