မတ်လ ၉ ၊ ၂၀၁၃
M-Media
ကမ္ဘာ့တလွှား မွတ်စလင်များ ကဏ္ဍ
ဖိလစ်ပိုင်နိုင်ငံရှိ တစ်ဆူရှင်ဝါဒများအနက် အစ္စလာမ်သည် ရှေးအကျဆုံးသာသနာအဖြစ် မှတ်တမ်းတင်ထားသည်။ ပါးရှန်းပင်လယ်ကွေ့ နှင့် အိန္ဒိယတောင်ပိုင်းမှ မွတ်စ်လင်မ် ကုန်သည်များသည် ၁၄ ရာစုနှစ်တွင် ဖိလစ်ပိုင်သို့ ရောက်ရှိခဲ့ကြသည်။ ၄င်းနောက် မလေးကျွန်းဆွယ်ရှိ မွတ်စ်လင်မ်စော်ဘွား နိုင်ငံအသီးသီးမှ ၄င်းတို့၏နောက် မျိုးဆက်များက ရောက်လာကြသည်။ အမေရိကန်အစိုးရဌာနမှ ထုတ်ပြန်သော ၂၀၁၀ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာအရ ဖိလစ်ပိုင်၌ မွတ်စ်လင်မ် လူဦးရေမှာ ၅ % မှ ၉ % အတွင်း ရှိသည်။ လူများစုမှာ ရိုမန်ကက်သလစ် ခရစ်ယာန်၊ ခရစ်ယာန် ပရိုတက်စတင့် ဂိုဏ်းဝင် တိုင်းရင်းမျိုးနွယ်စုအချို့၊ ဘာသာမဲ့၊ ဗုဒ္ဓဘာသာ နှင့် သက်မဲ့အရာ/သဘာဝ/နတ်ဘုရားတို့ကိုကိုးကွယ်သူများ ဖြစ်ကြသည်။
သမိုင်းကြောင်း
ခရစ် ၁၃၈၀ ခုနှစ်တွင် အာရေဗျ ကုန်သည်တစ်ဦးဖြစ်သော ကရီးမုလ် မခ်ဆူးမ် သည် စုလူးကျွန်းစု နှင့် (ယခု) ဖိလစ်ပိုင်ရှိ ဂျိုလိုသို့ ပထမဦးဆုံး ရောက်ရှိသည်။ ကုန်သွယ်ကူးသန်းမှုပြုယင်း ဒေသတွင်း၌ အစ္စလာမ်သာသနာအား ဖြန့်ချိခဲ့သည်။ ၁၃၉၀ ခုနှစ်တွင် မင်နန်းကဘိုး၏ မင်းသား ရာဂျာ ဘာကင်းဒါး နှင့် အဖွဲ့သားများက ကျွန်းဒေသများပေါ် အစ္စလာမ်ဒေသနာ အကြောင်း ဟောပြောပို့ချကြသည်။ မင်ဒါနောမှ Simunul ၌ရှိသော ရှိုင်းခ် ကရီးမုလ် မခ်ဆူးမ် ဗလီဝတ်ကျောင်းတော်သည် ၁၄ ရာစုကတည်းက ဖိလစ်ပိုင်ကျွန်းစုများအတွင်းတည်ဆောက်ခဲ့သော ပထမဦးဆုံး ဗလီဝတ်ကျောင်း ဖြစ်သည်။ အာရေဗျသာသနာပြု ပုဂ္ဂိုလ်များသည် မလေးရှားနှင့်အင်ဒိုနီးရှားသို့ ခရီးဆန့်ပြီး အခြေချလာရာမှ ဖိလစ်ပိုင်ရှိ အစ္စလာမ်သာသနာကို ပိုမို ခိုင်မာသွားစေခဲ့သည်။ အခြေချအုပ်စုအသီးသီးကို ဒါတု၊ ရာဂျာ၊ စုလ်တာန် ဟု ခေါ်ဆိုကြသည့် ခေါင်းဆောင်တစ်ဦးစီက အုပ်ချုပ်သည်။ ဖိလစ်ပိုင်ကျွန်းစုများအတွင်း Maguindanao စော်ဘွားနယ်၊ စုလူးစော်ဘွားနယ်၊ Lanao စော်ဘွားနယ် စသည့် အစ္စလာမ့်ပြည်နယ်များ ပေါ်ပေါက်လာသည်။ ဖိလစ်ပိုင် ကျွန်းဆွယ်တောင်ပိုင်းရှိ အခြားဒေသများသည်လည်း ထိုနည်းနှင်ဖြစ်လာသည်။
ရာစုနှစ်တစ်ခုအတွင်း သစ်ပင်၊ တောတောင်၊ နေလတို့အားကိုးကွယ်နေသည့် လူများရှိကြရာ ဖိလစ်ပိုင်ကျွန်းဆွယ်တောင်ဖျားစွန်းရှိ Sulu ကျွန်းငယ်များအထိတိုင် အစ္စလာမ်သာသနာ ရောက်ရှိသည်။ ထိုဒေသခံအားလုံးသည် အစ္စလာမ်သာသနာကို နှစ်သက်စွာကူးပြောင်း သက်ဝင်လိုက်ကြပြီး သမိုင်းသစ်တစ်ရပ် စတင်ခဲ့သည်။ ၁၅ ရာစုရောက်သော် ဖိလစ်ပိုင်ကျွန်းဆွယ်မြောက်ပိုင်းရှိ Luzon ဒေသထက်ဝက်သည် လည်းကောင်း၊ တောင်ပိုင်းရှိ Mindanao ကျွန်းစုများသည် လည်းကောင်း ဘော်နီယို စော်ဘွားနယ်၏ လက်အောက်ခံ အဖြစ်နေထိုင် လိုက်ကြပြီး တောင်ပိုင်းဒေသမှ တစ်အုံတစ်ကျင်းသောသူများသည် အစ္စလာမ်သို့ ကူးပြောင်းခဲ့ကြသည်။ သို့သော် အစ္စလာမ်ကို ခါးသည်းဆန့်ကျင်သော ရာဂျာများ၊ ဒါတွတ်များ ဦးဆောင်သည့် ဟိန္ဒူ-ဗုဒ္ဓ လူ့အဖွဲ့အစည်းတို့က Visayas ဒေသများကို လွှမ်းမိုးထားကြသည်။ မုန်းတီးရသည့် အကြောင်းရင်း တစ်ရပ်မှာ စီးပွားရေး၊ နိုင်ငံရေးရာကပ်ဘေးကြောင့် Mindanao ဒေသတွင် မွတ်စ်လင်မ်ဓါးပြများပေါ်ထွက်လာပြီး တိုက်ခိုက် လုယက်ခဲ့ကြခြင်း ဖြစ်တန်ရာ၏။ ယင်းသို့ မကြာခဏတိုက်ခိုက်ရာ၌ Visaya ဒေသခံများသည် ခုခံကာကွယ်ရေးနည်း တစ်ခုဖြင့် ရင်ဆိုင်ခဲ့သဖြင့် ဓားပြများမှာ ကောင်းစွာ ဒုက္ခပေး၍ မရခဲ့ကြချေ။ ယင်းတိုက်ခိုက်ရေးနည်းလမ်းမှာ ယနေ့ခေတ်တွင် Cebu ဟု အမည်တွင်နေသည်။
၁၅ ရာစုနှစ်၌ အစ္စလာမ်သည် စုလူးကျွန်းဆွယ်၌ အခြေခိုင်သွားပြီး ၄င်းမှ မင်ဒါနောအထိ ပျံ့နှံ့သည်။ ၁၅၆၅ ခုနှစ်တွင် မနီလာနယ်ပယ်သို့ ရောက်ရှိလာရာ ယင်းဒေသသားတို့မှ ဆန့်ကျင်မှု မရှိသလောက်သာ ဖြစ်ခဲ့သည်။
( စပိန်ဘာသာစကား Moors မှဆင်းသက်လာသော ) မိုရို ဟူသည် ဖိလစ်ပိုင်လူမျိုး မွတ်စ်လင်မ်များ နှင့် မင်ဒါနောမှ တိုင်းရင်းမျိုးနွယ်စုများကို စပိန်နိုင်ငံသားများက အစဉ်တစိုက် ခေါ်ဆိုသုံးနှုန်းသည့် ဝေါဟာရဖြစ်သည်။ မိုရိုတို့သည် “ ဘန်ဆာမိုရို ” အမည်ဖြင့် မင်ဒါနော၌ (စပိန်ကိုလိုနီနယ်မှ ကင်းလွတ်ရာ) သီးခြားလွတ်လပ်သော အစ္စလာမ့်ပြည်နယ် ထူထောင်ရန် ကြိုးပမ်းခဲ့ကြသည်။ Bangsamoro ဟူသောဝေါဟာရမှာ ပြည်နယ်၊ နိုင်ငံ အဓိပ္ပါယ်ရသည့် ရှေးဟောင်းမလေးစကား – ဘန်ဆာ နှင့် စပိန်စကား – မိုရို တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ကျော်ကြားသော မိုရိုတော်လှန်ရေးသည် ဖိလစ်ပိုင်- အမေရိကန်စစ်ပွဲကာလအတွင်း ဖြစ်ပေါ်ခဲ့သည်။ ဖိလစ်ပိုင်ဒေသတွင်းရှိ ပဋိပက္ခများ နှင့် တော်လှန်ရေးမှာ ကိုလိုနီခေတ် မတိုင်မီမှ ယနေ့တိုင်အောင် ဖြစ်ပွားနေရသည်။
မင်ဒါနော မွတ်စ်လင်မ်များ
မင်ဒါနောမွတ်စလင်မ်တို့၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ – ARMM သည် ဖိလစ်ပိုင်၏နယ်မြေ ဖြစ်သည်။ မွတ်စ်လင်မ်ပြည်နယ်များဖြစ်သော Basilan ( Isabela မြို့မှအပ)၊ Lanao del Sur၊ Maguindanao၊ Sulu ၊ Tawi-Tawi နှင့် Marawi ရှိ အစ္စလာမ့်မြို့တော် တို့အား ပေါင်းစုထားသည့် – ကိုယ်ပိုင်အစိုးရအဖွဲ့နှင့်အုပ်ချုပ်သည့် တစ်ခုတည်းသော နယ်မြေ ဖြစ်သည်။ ယင်းဒေသကြီး၏မြို့တော်မှာ ကိုတာဘာတို ၌ရှိသော်လည်း ယင်းအစိုးရ၏အာဏာသက်ရောက်မှုမှ ကင်းကွာလျက်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံလူဦးရေစုစုပေါင်း၏ ၅ % မှ ၁၀ % ( ခန့်မှန်းခြေ ငါးသန်းမှဆယ်သန်း) အထိမှာ မွတ်စ်လင်မ်များ ဖြစ်ကြသည်။ မင်ဒါနောကျွန်း၏လူဦးရေ ၂၀ % ( ၂၅ သန်းအနက် ခန့်မှန်းခြေ ငါးသန်းခန့်) ရှိမည်ဟု ခန့်မှန်းသုံးသပ်ထားသည်။
ဖိလစ်ပိုင်ရှိ ဘာသာတရားများ
ဖိလစ်ပိုင်နိုင်ငံရှိဘာသာတရားများကိုလေ့လာလျှင် အယူဝါဒပေါင်းစုံကို တွေ့ရသည်။ Members Church of God International ၊ Iglesia ni Cristo ၊ Aglipayans၊ ကက်သလစ် ၊ ပရိုတက်စတင့် ၊ မွတ်စ်လင်မ် ၊ ဗုဒ္ဓ ၊ ဘာသာမဲ့ ၊ သက်မဲ့ကိုးကွယ်သူ ၊ ဒိဌိ ၊ ဟိန္ဒူ အစရှိသဖြင့် အတူယှဉ်တွဲ နေထိုင်ကြသည်။ ဘာသာရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာအသိုင်းအ၀ိုင်း၏ အသက်သွေးကြောများသဖွယ် တည်ရှိနေသည်။
ခရစ်ယာန်နှင့်အစ္စလာမ်၏ နာမ်ပိုင်းဆိုင်ရာ အယူအဆသည် ရှေးဟောင်းအယူအဆနှင့် ထုံးတမ်း ဓလေ့များအပေါ် ပို၍ သြဇာညောင်းရကား မြောက်များစွာသော သူတို့သည် ဤဘာသာကြီး နှစ်ရပ်အတွင်းသို့ စုပြုံရောက် ရှိလာခဲ့ကြသည်။ ရှေးရိုးစွဲဝါဒပြဿနာများ၊ စုန်းကဝေကိစ္စများ၊ အာဏာရှင်စံနစ်များကြောင့် ဖိလစ်ပိုင်ပြည်သူတို့က ဘာသာ ကူးပြောင်းရေး၌ ပို၍ စိတ်ဝင်စားလာကြသည်။ ၀ါဒဆိုင်ရာ ထိပ်တိုက်တွေ့ခြင်းများ ရှိကြသော်လည်း ယေဘူယျအားဖြင့် ယုံကြည်ကိုးကွယ်မှု၌ တင်းကြပ် ချုပ်ခြယ်ခြင်း နှင့် အစွန်းရောက်ခြင်းတို့မှာ အလွန်နည်းပါးပေသည်။
ဒေသခံတို့၏ ရှေးရိုးရာကိုးကွယ်ယုံကြည်မှုများ
ဖိလစ်ပိုင်နိုင်ငံ၌ ကိုလိုနီခေတ်မတိုင်မီ ကာလများအတွင်း သက်မဲ့အရာများ ကိုးကွယ်သည့် အစဉ်အလာမှာ ကျယ်ပြန့်စွာရှိခဲ့သည်။ ယနေ့သော် ဖိလစ်ပိုင်နိုင်ငံတွင် ကက်သလစ် ခရစ်ယာန်တို့က အများစုဖြစ်နေပြီး၊ ရှေးရိုးရာကိုးကွယ်သူ ဒေသခံများမှာ လက်တစ်ဆုပ်စာမျှသာ ကျန်ရှိနေသည်။ ၄င်းသည် အယူဝါဒနှင့် ယဉ်ကျေးမှု မျိုးစုံရောထွေး စုစည်းမှုဖြစ်ကာ နတ်များ နှင့် မမြင်ရသည့်အရာများက အကောင်းအဆိုးနှစ်မျိုးဖြင့် သဘာဝတရားအား ထိန်းချုပ်ထားကြသည်ဟု အယူရှိ၍ သဘာဝတရားကို ကိုးကွယ်ခြင်းဖြင့်သာ ၄င်းတို့အား လေးမြတ် ကိုင်းရှိုင်းရာရောက်သည်ဟု ခံယူကြသည်။ ၄င်းနတ်ဘုရားများကို diwata များဟုခေါ်ဆိုကြပြီး ဟိန္ဒူဝါဒ စကား ဒေ၀တာ နှင့်ဆက်စပ်မှု ရှိနေကြောင်း တွေ့ရသည်။ အမည်အမျိုးမျိုး၊ ရုပ်ထုမျိုးစုံကို ဒေသအနှံ့အပြားရှိ ၄င်းတို့ထံ၌ မြင်နိုင်သည်။ အချို့အုပ်စုများက စုန်းကဝေ၊ ဖုတ်ကောင်၊ မြွေနဂါး စသည်ဖြင့် ကိုးကွယ်ကြသည်။ နိုင်ငံလူဦးရေအရ ၁ % မျှသာရှိသော်လည်း စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ အနုပညာနယ်ပယ်ရှိ ခေတ်ဆန်သောဖိလစ်ပိုင်များအတွင်း၌ပင် ယနေ့တိုင်အောင် အမြစ်တွယ်ဆဲဖြစ်သည်။
ဘဟာအီများ
ဘဟာအီအယူဝါဒသည် ဖိလစ်ပိုင်တွင် ၁၉၂၁ ခုနှစ်မှ စတင်သည်။ ၄င်းတို့သည် ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှုကို အတက်ကြွဆုံး ဆောင်ရွက်နေ သူများဖြစ်သည်။ ၂၀၀၅ ခုနှစ် ၊ ကမ္ဘာ့ခရစ်ယာန်စွယ်စုံကျမ်း၌ ဖိလစ်ပိုင်နိုင်ငံတွင် ဘဟာအီဦးရေ ၂၄၇၅၀၀ ဦးရှိမည်ဟု ခန့်မှန်းဖော်ပြထားသည်။
ခရစ်ယာန်ဘာသာ
၁၅၂၁ ခုနှစ်၊ ဖာဒီနန် မဂျဲလင်း ရောက်လာသည်မှအစပြု၍ ဖိလစ်ပိုင်မြေ၌ ခရစ်ယာန်အယူဝါဒ စတင်သည်။ ၁၆ ရာစုနှောင်းပိုင်းတွင် ဖိလစ်ပိုင်ကျွန်းဆွယ်ကို စပိန်ပိုင်နက် အဖြစ်ကြေငြာပြီးနောက် စစ်တပ်များနှင့် သာသနာပြုများဝင်ရောက်ကာ မျိုးစေ့ချခဲ့ကြသည်။ စပိန်ကိုလိုနီ ဘ၀ရောက်စဉ် ကာလရှည်တစ်လျှောက်လုံး စပိန်နှင့်အမေရိကန်တို့မှ သာသနာပြု လုပ်ငန်းစဉ်များအားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် အရှေ့အာရှတွင် ပထမဆုံးနှင့်ခရစ်ယာန်ဦးရေ အများဆုံး ဖြစ်လာခဲ့သည်။ နိုင်ငံလူဦးရေ၏ ၉၂.၅ % မှာ ခရစ်ယာန်များ ဖြစ်ကြသည်။ ခရစ်ယာန်အုပ်စုမျိုးစုံ ရှိသည့်အနက် ရိုမန်ကက်သလစ်များမှာ ၈၀ % ရှိသည်။ ချာ့ခ်ျဘုရားကျောင်းနှင့်ဘာသာရေးအဖွဲ့ အလွန်များပြားလှသည်။ ဖိလစ်ပိုင်၌ ခရစ္စမတ် ကာလကို စက်တင်ဘာလမှ စတင်သည်။
ဂျူး ဘာသာ
၁၅၉၀ ခုနှစ်များကတည်းက ဂျူးတို့သည် ဖိလစ်ပိုင်သို့ ရောက်နှင့်ခဲ့ကြသည်။ ၂၀၀၅ ခုနှစ်အထိ ဂျူးတို့မှာ လူဦးရေ ၅၀၀ ထက် မပိုခဲ့ချေ။ ၂၀၁၁ ခုနှစ်တွင်မူ မနီလာမြို့တော်တစ်ခုတည်း၌ အိမ်ထောင်စုပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။ ဂျူးဘာသာသို့ ကူးပြောင်းသူများလည်း အထိုက်အလျောက်ရှိနေသည်။
ဟိန္ဒူဘာသာ
ယနေ့ကာလ၌ ဟိန္ဒူဝါဒသည် ဖိလစ်ပိုင်အိန္ဒိယအသိုင်းအ၀ိုင်းများအတွင်း အလွန်းနည်းပါးလာသည်။ တိဗက်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနိုင်ငံတို့၌ တွေ့ရသော ထေရ၀ါဒ နှင့် မဟာယန ဗုဒ္ဓဘာသာမှာ ဟိန္ဒူဝါဒနှင့်တူဆင်နီးစပ်သည်။ ဟိန္ဒူ နှင့် မဟာယနဗုဒ္ဓ၀ါဒ နှစ်မျိုးမှာ ဖိလစ်ပိုင်တွင် ရာစုနှစ်များစွာ တည်ရှိခဲ့ကြသည်။ မြောက်များလှစွာသော ဖိလစ်ပိုင် ပုရာဏ်ကျမ်း အတတ်မှာ ဟိန္ဒူမှ ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်သည်။ ဟိန္ဒူဘာသာနှင့်ယဉ်ကျေးမှုသည် ၄ ရာစုမှ ၁၄ ရာစုအတွင်း အိန္ဒိပြည်တောင်ပိုင်းမှ အရှေ့တောင်အာရှသို့ ရောက်ရှိချိန်၌ ဖိလစ်ပိုင်သို့ ရောက်ခဲ့သည်။ သီရိဝိဇယနှင့်မဟာယန အင်ပါယာ (ယခု မလေးရှားနှင့်အင်ဒိုနီးရှား) က ဖိလစ်ပိုင်ကျွန်းဒေသများထံ ဟိန္ဒူနှင့်ဗုဒ္ဓ၀ါဒ ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာ
ဖိလစ်ပိုင်ဓလေ့ထုံးတမ်း၌ ဗုဒ္ဓဘာသာဝင်တို့၏ သြဇာကြီးမားမှုရှိ၏။ လူဦးရေတိုးပွားစေခြင်းဖြင့် ဖိလစ်ပိုင်၌ ဗုဒ္ဓ၀ါဒ အလျင်အမြန် ကြီးထွားလာသည်။ ဖိလစ်ပိုင်သားတရုတ်၊ တရုတ်လူမျိုးများ၊ ဂျပန်၊ အိန္ဒိယ၊ ကိုးရီးယား၊ ထိုင်း၊ ဗီယက်နမ် လူ့အဖွဲ့အစည်းများအတွင်း ဗုဒ္ဓဘာသာကို အများဆုံးတွေ့ရသည်။ ဗုဒ္ဓ၀ါဒဂိုဏ်း ၃ မျိုးလုံး၏ ဘုရားကျောင်းကန် အများအပြား ဖိလစ်ပိုင်၌ ရှိနေပါသည်။
ဘာသာမဲ့များ
မည်သည့်ဘာသာတရားကိုမှ လက်မခံသည့်ဘာသာမဲ့များသည် နိုင်ငံလူဦးရေအားလုံး၏ ၁၁ % ထိရှိကြောင်း Dentsu Communication Institute Inc., ဂျပန်သုတေသနဌာန တစ်ခုမှ ၂၀၀၆ ခုနှစ်၌ ပြောကြားခဲ့သည်။
ဘာသာရေး နှင့် နိုင်ငံရေး
ဖိလစ်ပိုင်၏နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေ၌ ဤသို့ ထည့်သွင်းထားသည်။
– အယူဝါဒ နှင့် နယ်ပယ်ကွဲပြားမှုကို တန်ဖိုးထားရမည် ( အခန်း ၂ ၊ အပိုဒ် ၆ )
– ဘာသာတစ်ခုခုကိုဘက်လိုက်ပြီး ဥပဒေပြုခွင့် မရှိ။ လွတ်လပ်စွာ ကျင့်သုံးမှုအား တားမြစ်ကန့်သတ်ခွင့် မရှိ ။ ဘာသာတရားဆိုင်ရာ လွတ်လပ်စွာ ရွေးချယ်ခံယူကျင့်သုံးခြင်းအား ထာဝရ ခွင့်ပြုရမည်။ ခွဲခြားဆက်ဆံမှုနှင့်ဘက်လိုက်မှု မပြုရ ( အခန်း ၃ ၊ အပိုဒ် ၅ )
အချုပ်အားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ဘာသာတရားများနှင့်ပတ်သက်၍ မတရားပြုခြင်း/ပြုစေခြင်း မရှိဘဲ ၊ မိမိပြဌာန်းသည့်ဥပဒေအတိုင်း ဆောင်ရွက်လျက်ရှိသည်။
Ref:wiki
Comments