တစ်ခါက ဆင်းရဲသားလေးတစ်ယောက်ဟာ ကျောင်းစရိတ်ရဖို့အတွက် တစ်အိမ်ဝင် တစ်အိမ်ထွက် ကုန်ပစ္စစည်းလေးတွေ လိုက်လံ ရောင်းချနေရသတဲ့။ တစ်နေ့မှာတော့ သူ့မှာ အြွေကအနည်းငယ်သာ ကျန်ရှိပြီး စားစရာမရှိတဲ့အတွက် အခက်ကြုံနေသတဲ့။ အရမ်းဆာလောင်နေတဲ့ လူငယ်လေးဟာ အိမ်နီးနားချင်းဆီက တစ်ခုခု စားစရာ တောင်းစားဖို့ ဆုံးဖြတ်လိုက်တယ်။
ဘေးအိမ်ကို တံခါးခေါက်လိုက်တဲ့အခါ ချစ်စဖွယ်မိန်းကလေး တစ်ဦး ထွက်လာတာတွေ့ရတော့ သူ့စိတ်ပြောင်းပြီး ထမင်းအစား ရေတစ်ခွက်ပဲ တောင်းခံလိုက်တယ်။ မိန်းကလေးလည်း လူငယ်လေးရဲ့ ဆာလောင်မွတ်သိပ်နေတဲ့ပုံကိုကြည့်ပြီး နို့အပြည့်တဖန်ခွက် ယူလာပေးတယ်။ သူက နို့ကို တဖြည်းဖြည်းချင်းသောက်ပြီးတဲ့နောက်မှာ
”ကျွန်တော် ဒီကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမှန်းတောင် မသိပါဘူးဗျာ”လို့ဆိုတယ်။
”ရှင် ဘာမှပြန်ပေးဆပ်စရာမလိုပါဘူး၊ ကျွန်မမေမေက မှာထားတယ်၊ ကြင်နာမှုနဲ့ စာနာပြီးကူညီတာကို ဘာအဖိုးအခမှ ပြန်မယူရဘူးတဲ့” လို့ သူမက ပြန်ဖြေပါတယ်။
”ကျွန်တော့် နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ”လို့ ပြောပြီး သူပြန်လာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လူငယ်လေးဟာ အိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှုလည်းမရှိသလို နာမ်ပိုင်းဆိုင်ရာ ဖြစ်တဲ့ ဘုရားသခင်နဲ့ လူငယ်တွေမှာ စွမ်းအင်တွေရှိတယ်ဆိုတာလည်း ယုံကြည်မှု မရှိပါဘူး။ အဲဒီ အချိန်အထိ သူဟာ အရာရာကို လက်မြှောက် အရှုံးပေးဖို့ပဲ အသင့်ပြင်ထားသူပါ။
နောင်နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ မိန်းမပျိုလေးလည်း အသက်အရွယ် ကြီးပြင်းလာပြီး တနေ့မှာ ပြင်းထန်တဲ့ ဝေဒနာခံစားရရှာ တယ်။ ဒေသခံ ဆရာဝန်တွေ မနိုင်တော့လို့ မြို့ကြီးက ဆေးရုံကို လွှဲ ပြောင်းပေးရတဲ့ အထိပါပဲ။ သူမရဲ့ ရှားပါးတဲ့ ရောဂါအခြေအနေကို အထူးကု ဆရာဝန်ကြီးတွေနဲ့ သေသေချာချာ ကုသဖို့ ပြင်ဆင်ရတာပေါ့။ အဲဒီမှာ တစ်ချိန်က လူငယ်လေးဟာ ဆရာဝန်ကြီး ဟောင်းဝပ်ဖြစ်လို့နေပါပြီ။ ဆရာဝန် ဟောင်းဝပ်ဟာ ဒီလူနာကို ကိုင်တွယ်ရမယ့် အထူးကုကြီးပေါ့။ အမျိုးသမီးရောက်လာတဲ့ မြို့နာမည်ကို ကြားကတည်းက သူ့မျက်လုံး တွေ အရောင်လက်သွားခဲ့တယ်။ ပြီးတော့ လူနာရှိရာ ကုတင်ကို သူရောက်လာပြီး အမျိုးသမီးကိုကြည့်လိုက်တဲ့အခါ မြင်မြင်ချင်း သူမှတ်မိသွားတယ်။ ဒါနဲ့ ဆရာဝန်အဖွဲ့ကို အတတ်နိုင်ဆုံးကြိုးစားပြီး သူမအသက်ကို ကယ် တင်ဖို့ တိုက်တွန်းလိုက်တယ်။ ဆရာဝန်တွေဟာ တစ်နေကုန် ဒီလူနာအတွက် အထူးအလေးပေးပြီး ကုသကြတယ်။ နောက်ဆုံး သူတို့ အောင်မြင်ခဲ့တယ်။
ဒေါက်တာ ဟောင်းဝပ်က ငွေရှင်းဌာနကို သွားပြီး ဒီအမျိုးသမီးအတွက် ကျသင့်ငွေစာရင်းကို တောင်းယူကြည့်ပါတယ်။ နောက် သူက ငွေရှင်းစာရွက်ရဲ့ အောက်ခြေမှာ လက်မှတ်ရေးထိုးပြီး လူနာထံ ပို့ခိုင်းလိုက်ပါတယ်။
လူနာအမျိုးသမီးက သူ့ထံရောက်လာတဲ့ ကျသင့်ငွေစာရင်း စာရွက်ကို စိုးရိမ်တကြီးနဲ့ ဖွင့်ကြည့်တယ်။ သူ့စိတ်ထဲမှာတော့ ဒီလို ဆေးရုံကြီးမှာ အထူးကုကြီးတွေနဲ့ ကုသရတဲ့ ကုန်ကျငွေဟာ ကျန်ရှိနေတဲ့ သူ့ဘ၀တစ်သက်လုံး ဆပ်လို့ ကုန်မှာမဟုတ်ဘူးလို့ တွေးထင်နေခဲ့တယ်။ ဒါပေမယ့် သူ့မျက်လုံးတွေ ပြူးကျယ်သွားလောက်အောင် အံ့သြသွားရတာက ဘောက်ချာရဲ့ အောက်ခြေမှာ ”နို့တစ်ခွက်နဲ့ စာရင်းရှင်းပြီး”လို့ ရေးထားတာကြောင့်ပဲ။ အောက်မှာ လက်မှတ်ရေးထိုး ထိုးထားတဲ့ ဒေါက်တာ ဟောင်းဝပ်ရဲ့ နာမည်ကိုတွေ့လိုက်ရတဲ့အချိန်မှာ သူဟာ အရာရာအားလုံးကို ပြန်မှတ်မိသွားတယ်။ ၀မ်းသာဝမ်းနည်းနဲ့ မျက်ရည်တွေလည်း စီးကျလာတယ်။
အဲဒီနောက်မှာတော့ သူမရင်ထဲမှာ “အို.. ဘုရားသခင်၊ ကျေးဇူးကြီးမားလှပါတယ်၊ အရှင့်ရဲ့ မေတ္တာတွေဟာ လူသားတွေရဲ့ နှလုံးသားနဲ့ လက်တွေထဲမှာ စီးဝင်နေပါပြီအရှင်…” လို့ ဆုတောင်းနေမိပါတော့တယ်။
Ref; Paid in full cup of Milk
from လင်းယုန်ဂျာနယ်
Comments