လူမျိုးဆိုတာ လူကို အမျိုးအစားခွဲခြားသတ်မှတ်တဲ့ အမည်ပညတ်ပါ။ ဘာလူမျိုး၊ ညာလူမျိုးရယ်လို့ ခွဲပြောတဲ့အခါမှာသာ ဒီဝေါဟာရကို သုံးနှုန်းလေ့ရှိပါတယ်။ အဲဒီ ဘာလူမျိုး၊ ညာလူမျိုးဆိုတာတွေက ဘယ်အပေါ်မှာ မူတည်ပြီး ခွဲတာပါလဲ။
ဟောဒီကမ္ဘာပေါ်မှာရှိနေတဲ့ လူမျိုးကွဲတွေဟာ ဟိုဂြိုဟ် ဒီဂြိုဟ်တွေကနေ ပေါင်းစုံပြီး ရောက်လာကြသူတွေမဟုတ်ဘူး။ အဲဒီလိုအထောက်အထားလည်း လူ့သမိုင်းရဲ့ ဘယ်မှတ်တမ်းမှာမှ မရှိခဲ့ဘူး။ ဒါဆို လူတွေဘယ်ကစသလဲ။ လူသားအစနဲ့ပတ်သက်လို့ အဆိုကွဲတွေ ရှိပါတယ်။
မြန်မာတွေက ဗြဟ္မာကြီးလေးဦးက စသတဲ့။ ခရစ်ယာန်တို့ အစ္စလာမ်တို့ကတော့ အာဒမ်နဲ့ ဧ၀ကစတယ်လို့ ယုံကြည်ကြ တယ်။ တစ်ခါ ဒါဝင်ရဲ့ သိပ္ပံအယူအဆအရ လူတွေဟာ မျောက်က ဆင်းသက်တာပါလို့ ဖြစ်ပြန်ရော။ ဘယ်ဟာ အမှန်ဆိုတာကို ခဏထား လိုက်ပါ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီအယူအဆတွေထဲက တစ်ခုသာလျှင် အမှန်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာပေါ်မှာ တချို့က အာဒမ်လူမျိုး၊ တချို့က မျောက်က ဆင်းသက် လာတဲ့ မျောက်သက်လူမျိုး၊ တချို့က ဗြဟ္မာမျိုးရယ်လို့ ကိုယ့်အမျိုးနဲ့ကိုယ် ခွဲခြားခံယူပြီး ကွဲပြားနေတာမျိုးမှ မရှိတာ။
“လူသားအားလုံး အာဒမ်ဧ၀က စတယ်”
“လူသားအားလုံး ဗြဟ္မာကြီးလေးဦးက စတယ်”
“လူသားအားလုံး မျောက်က ဆင်းသက်တယ်”
လို့သာ လူသားအားလုံးရဲ့အစနဲ့ပတ်သက်ပြီး အယူအဆကွဲနေကြတာပါ။ ဒီအချက်ကို ကြည့်ရင်ပဲ ဘယ်အယူအဆက မှန်မှန်၊ သေချာတာ ကတော့ လူသားအားလုံးဟာ တူညီတဲ့ရေသောက်မြစ်ရှိပြီး ပင်စည်တစ်ခုတည်းက ဖြာထွက် လာတဲ့ အခက်အလက်တွေ ဆိုတာကို ဖော်ညွှန်းနေတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် လူမျိုးမှန်သမျှဟာ ကမ္ဘာ့အိမ်ထောင်စုဝင် ညီနောင်သားချင်းတွေဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာလက်ခံထားကြဖို့ လိုပါတယ်။
““လူသားအားလုံးဟာ တစ်စုတစ်ဖွဲ့တည်း ဖြစ်တယ်”” (၂း ၂၁၃)
ဒါကတော့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အတည်ပြုချက်ပါ။ ကိုယ့် သမိုင်းရဲ့ တာထွက်အစမှတ်ကို ကိုယ်တိုင်ပြန်ရှာမတွေ့နိုင်တော့တဲ့ သနားစရာ့ လူသတ္တ၀ါတွေအတွက် ဖန်ဆင်းရှင်အလ္လာဟ်က လူသားအစနဲ့ပတ်သက်ပြီး အခုလို အသိပေးထားပါသေးတယ်။
““ထိုအရှင်မြတ်သည် အသင်(လူသား)တို့အား တစ်ဦးတစ်ယောက် တည်းမှ အစပြုဖန်ဆင်းထားခြင်း ဖြစ်၏။ ထိုတစ်ဦးတစ်ယောက်မှ သူ၏ကြင်ရာကို ခွဲထုတ် ဖန်ဆင်း၏။ သူတို့မောင်နှံမှတစ်ဆင့် များစွာသော ယောက်ျား၊မိန်းမတို့ကို ပြန့်ပွားစေ၏”” (၄း ၁)
ကျမ်းတော်လာ မူလအစ တစ်ဦးတည်းသောသူဆိုတာ အာဒမ်ဖြစ် ကြောင်းလည်း ကျမ်းတော်(၂း ၃၀-၃၄)မှာ ဖော်ပြထားချက်အရ သိရပါတယ်။ တစ်ယောက်ကနေ တစ်စုံ၊ တစ်စုံကနေ အများအပြား ဆင့်ပွားပြန့်နှံ့လာခဲ့တာပါ တဲ့(ကုရ်အာန် ၄း ၁)။
အဲဒီလို အာဒမ်ရဲ့ မိသားစုကြီးဟာ တဖြည်းဖြည်းကြီးထွားလာတဲ့အခါမှာ စားရေရိက္ခာပေါများရာ၊ နေပျော်ရာအရပ်တွေကို ပြောင်းရွှေ့နေထိုင်ရင်း ပြန့်နှံ့ ကုန်ပါတယ်။ ဘာသာစကားတွေ ကွဲကုန်တယ်။ ရေမြေအလိုက် ဓလေ့စရိုက်တွေ ခြားလာတယ်။ လုပ်ငန်းဆောင်တာ ၀မ်းစာရှာသဘာဝတွေလည်း ကွဲလာတယ်။ ရာသီဥတုအလိုက် ၀တ်စားဆင်ယင်ပုံ စားသောက်နေထိုင်ပုံတွေလည်း မတူတော့ ဘူး။
ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီ ကြာမြင့်လာတဲ့အခါမှာ နယ်မြေအလိုက် ယဉ်ကျေးမှုတံတိုင်းတွေက သိသိသာသာခြားကုန်တယ်။ တစ်စုနဲ့တစ်စုရဲ့ ကွဲပြား ခြားနားချက်တွေက ပိုပြီးမြင်သာထင်သာရှိလာကြတယ်။ ဒီလိုနဲ့ လူမျိုးကွဲတွေအဖြစ် သတ်မှတ်ချက်တွေ ဖြစ်လာပါတယ်။ အဲဒီလိုကွဲပြားနေတဲ့ လူမျိုးကွဲတွေကို အစ္စလာမ်က ဘယ်လိုရှုမြင်ပါသလဲ။ ကုရ်အာန်က ပြောတာကတော့-
““အို-လူသားတို့၊ ငါအရှင်သည် အသင်တို့ကို ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်မှအစပြု ဖန်ဆင်းတော်မူခဲ့၏။ အသင်တို့အချင်းချင်း ခွဲခြားသိမြင် မှတ်မိကြရန်အတွက်သာ လူမျိုးအသီးသီးကို ပြုလုပ်တော်မူခဲ့ခြင်းဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်ထံ၌ အမြင့်မြတ်ဆုံးသောသူသည် အပြစ်ရှောင်သူဖြစ်၏”” (၄၉း ၁၃)တဲ့။
ဒီအာယသ်တော်က ပထမတစ်ဆင့် လူတွေဟာ တစ်မိတစ်ဖတည်းက ဆင်းသက်လာတဲ့ တအူတုံ့ဆင်း မောင်ရင်းနှမ ညီနောင်သားချင်းတွေဖြစ်တယ် ဆိုတာကို အသိပေးနေတယ်။
ဒုတိယတစ်ဆင့် လူမျိုးဆိုတာ မှတ်မိလွယ်အောင်ရည်ရွယ်ချက်နဲ့သာ ဖန်တီးထားတာလို့ အသိပေးတယ်။ လူတွေတစ်ယောက်နဲ့တစ်ယောက် မှတ်မှတ် သားသားလေးဖြစ်အောင် ကိုယ်ပိုင်နာမည်လေးတွေ ပေးထားကြသလိုပေါ့။ လူမျိုး ဆိုတာကလည်း လူတွေအဆမတန်များပြားလာတဲ့အခါမှာ ကိုယ့်ကိုယ်ပိုင် အမှတ်သင်္ကေတလေးတွေနဲ့ သီးသီးခြားခြားဖြစ်နေရင် ပိုပြီးမှတ်မှတ်သားသား ဆက်ဆံပေါင်းသင်းကြဖို့ လွယ်ကူရုံသက်သက်ပါပဲ။ ဒါကြောင့် အစ္စလာမ်က လူမျိုးရဲ့ ယဉ်ကျေးမှုသွင်ပြင်လက္ခဏာတွေကို ဘယ်တော့မှ မရိုက်ချိုးဘူး။ ယဉ်ကျေးမှု အောက်တန်းနောက်တန်းကျနေတဲ့ လူမျိုးတွေကိုသာ ယဉ်ကျေးမှု မြင့်မားလာအောင် ခေတ်တိုင်း ဒေသတိုင်းမှာ တမန်တော်တွေစေလွှတ်ပြီး ပြုပြင် မြှင့်တင်ပေးခဲ့တာ။(ကြည့် ၁၆း ၃၆)
အထက်က အာယသ်တော်ရဲ့ တတိယအဆင့် သတင်းစကားကတော့ အမြင့်မြတ်ဆုံးသောသူဟာ အပြစ်ရှောင်သူ၊ ကိုယ်ကျင့်တရားကောင်းသူသာ ဖြစ်တယ်တဲ့။ ဒါကလည်း လူမျိုးကွဲပြားမှုဟာ ခွဲသိနိုင်ဖို့အတွက် ရှိနေရပေမယ့် အားလုံးဟာ တစ်မိသားစုဝင် သားချင်းတွေသာဖြစ်ကြတဲ့အတွက် သွေးခွဲသွေးကွဲ မှုတွေ မရှိအပ်ဘူးလို့ဆိုလိုတာပါ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘယ်သူထက် ဘယ်သူ ကမှ ယုတ်ညံ့ခြင်း၊ မြင့်မြတ်ခြင်းမရှိဘူး။ တန်းတူရည်တူသဘောထားအပ်တယ်။ မြင့်မြတ်တယ် ယုတ်ညံ့တယ်ဆိုတာက လူမျိုးအချင်းချင်းမှ မဟုတ်ဘူး။ လူမျိုး တစ်မျိုးထဲက လူတစ်ယောက်ချင်းစီမှာလည်း ကိုယ်ကျင့်တရားအရသာ ကွာခြားမှု တွေရှိနိုင်တယ်ဆိုတာကို သတိပေးထားတာပါ။
ဒီအာယသ်တော်ကို အကြောင်းပြုပြီး တမန်တော်မြတ်ကလည်း နောက် ဆုံး ဟဂ်ျမိန့်ခွန်းတော်မှာ-
““အာရဗ်လူမျိုးက အခြားလူမျိုးထက် ပိုမမြတ်၊ အခြားလူမျိုးကလည်း အာရဗ်လူမျိုးထက် ပိုမမြတ်၊ လူမည်းဟာ လူဖြူထက်မမြတ်၊ လူဖြူကလည်း လူမည်းထက် မမြတ်။ မြင့်မြတ်မှုဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်မှုအပေါ်မှာ သာ မူတည်တယ်။ သင်တို့အားလုံးဟာ ကမ္ဘာဦးဖခင်ကြီး အာဒမ်ရဲ့သားသမီးတွေ ဖြစ်ကြတယ်။ ဖခင်ကြီးအာဒမ်ကို မြေကြီးကနေ ဖန်ဆင်းထားတယ်””လို့ ဟောကြားတော်မူခဲ့ပါတယ်။
ဆိုလိုတာက လူတစ်ယောက်နဲ့တစ်ယောက် သာလွန်နိုင်တဲ့အချက်က ကိုယ်ကျင့်တရားပဲ။ ကိုယ်ကျင့်တရားစံသာ အလ္လာဟ်အရှင်အသိအမှတ်ပြုတဲ့ မြင့်မြတ် သာလွန်တဲ့ စံဖြစ်တယ်။ လူမျိုးတို့၊ အသားအရောင်တို့ဆိုတာ လူလူချင်း ခွဲခြားမြင်စရာ၊ ခွဲခြားဆက်ဆံစရာ ပေတံမဟုတ်သလို ဇာတိအနွယ်ဆိုတာကလည်း ကွဲပြားစေရာ အကြောင်းခံမဟုတ်ဘူး။ လူတိုင်းဟာ အာဒမ်ရဲ့ သားသမီးတွေ ဖြစ်ကြသလို လူတိုင်းဟာ မြေကြီးကနေဖြစ်တဲ့ ဇာတိအနွယ်တူတွေချည်းပဲဆိုတာ ကို သတိပေးထားတာပါပဲ။
နောက်ပြီးတမန်တော်မြတ်က မိမိရဲ့ ကုရိုက်ရှ်မျိုးနွယ်စုတွေကို မှာခဲ့တဲ့ စကားလေးကလည်း မှတ်သားစရာပါ။
““အို၊ ကုရိုက်ရှ်မျိုးနွယ်စုအပေါင်းတို့၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ် သည် အမိုက်ခေတ်၏ မာနထောင်လွှားမှုနှင့် မိဘဘိုးဘေးတို့ကို အကြောင်းပြု၍ ဆွေဂုဏ်မျိုးဂုဏ် ၀င့်ကြွားမောက်မာမှုကို အဆုံးသတ်လိုက်ပြီ””တဲ့။
ဒီတော့ ဆွေဂုဏ်မျိုးဂုဏ်ကို အကြောင်းပြုပြီး ၀င့်ကြွားပလွှားမှုဟာလည်း အစ္စလာမ်က တားမြစ်ထားတဲ့၊ မနှစ်သက်မလိုလားတဲ့ အမိုက်ခေတ်က မိစ္ဆာ လမ်းစဉ်မျိုးသာ ဖြစ်ပါတယ်။
တကယ်တော့ မျိုးနွယ်စွဲဟာ လူသားတွေရဲ့ ကမ္ဘာ့အိမ်ထောင်စုမှာ အဆိပ်အတောက်ကိစ္စပါ။ မျိုးနွယ်ကိုအစွဲပြုပြီးတက်တဲ့ မာန်မာနကို ပါဠိလိုတော့ ဇာတိမာန်လို့ ခေါ်ပါတယ်။ လူသားဗီဇအရ ဇာတိမာန်ဟာ ခပ်ပါးပါးရှိနေရင် ကိုယ့်မျိုးကိုယ့်နွယ်အတွက် အကျိုးပြုလိုစိတ် စောင့်ရှောက်လိုစိတ်ရှိဖို့ အထောက် အကူဖြစ်တတ်ပေမယ့် ထူထူထဲထဲဖြစ်လာရင်တော့ အတ္တကြီးပြီး မဟာလူမျိုးကြီး ၀ါဒကို ကိုင်စွဲလာမိတတ်တယ်။ အခြားလူမျိုးတွေကို ကဲ့ရဲ့ရှုံ့ချ စော်ကားဆက်ဆံ မိတတ်တယ်။ လူမျိုးခြားကို စည်းတားဆက်ဆံတဲ့အလေ့ ခွဲခြားနှိမ်ချတဲ့အလေ့ သာတူညီမျှသဘောမထားနိုင်တဲ့အလေ့တွေကို ဇာတိမာန်လို့ ဂုဏ်ယူမိလာပြီဆိုရင် တော့ အဲဒီဇာတိမာန်က ကိုယ့်လူမျိုးတိုးတက်ရာတိုးတက်ကြောင်းကိုပါ တစ်နည်း တစ်ဖုံနဲ့ အဟန့်အတားဖြစ်စေတတ်ပါတယ်။ နောက်ဆုံး အာရီယန်(လူဖြူ)မျိုးနွယ် တွေသာ အခြားလူမျိုးတွေထက်ပိုပြီးမြင့်မြတ်ကြီးကျယ်ပါတယ်လို့ ဇာတိမာန် သွေးနားထင်ရောက်ခဲ့တဲ့ ဟစ်တလာလို သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်စေမယ့် လုပ်ရုပ်မျိုးတွေလည်း လုပ်မိလာတတ်ပါတယ်။
ကမ္ဘာဦးကာလမှာ အာဒမ်ကို ဦးချဖို့ အီဗ်လီစ်က ငြင်းခဲ့တဲ့အကြောင်းက လည်း ဇာတိမာန်ပြင်းထန်လွန်းလို့ပါ။ သူပြောတာက သူက မီးနဲ့ ဖန်ဆင်းခံရတာ၊ အာဒမ်က မြေနဲ့ဖန်ဆင်းခံရတာ၊ ဆိုလိုတာကတော့ သူက အာဒမ်ထက်မြတ်တယ် ပေါ့၊ ဒါကြောင့် ဦးမချနိုင်ပါဘူးတဲ့။ ဒီလို မျိုးနွယ်စွဲကြောင့် သူဟာ မျှော်လင့်ချက် ကင်းဝေးသူအဖြစ်နဲ့ ရှိုင်သွာန်ဘ၀ကို ကိယာမသ်တိုင် ရောက်သွားရတဲ့အပြင် အကျိုးဆက်အနေနဲ့လည်း နောက်ဆုံးမှာ ငရဲမီးမှာအဆုံးသတ်ရမယ့်သူဖြစ်တယ်။ ဒါဆို မျိုးနွယ်စွဲစိတ်ပြင်းထန်သူတွေ၊ မျိုးနွယ်ကို အကြောင်းပြုပြီး ခွဲခြားလိုစိတ် ရှိသူတွေဟာ ရှိုင်သွာန်ရဲ့ စိတ်ဓာတ်မျိုးကို အမွေခံထားသူတွေ၊ ရှိုင်သွာန်ရဲ့ လမ်းစဉ်ကို ဖ၀ါးခြေထပ်လိုက်သူတွေဆိုတာ ထင်ရှားပါတယ်။
မျိုးနွယ်စွဲစိတ်ဟာ တဖြည်းဖြည်းကြီးထွားလာရင် လူမျိုးမုန်းတီးရေးကို ဖြစ်စေတတ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်က-
““လူမျိုးတစ်မျိုးကို အမုန်းစိတ်နဲ့ မလွန်ကျူးရ””( ၅း ၂)
လို့ ပြတ်ပြတ်ထင်ထင် တားမြစ်ထားပါတယ်။ အမုန်းတရားဟာ ကမ္ဘာ့အိမ်ထောင်စု ရဲ့ ငြိမ်းချမ်းသာယာမှုကို ရိုက်ချိုးပစ်နိုင်စွမ်းပါတယ်။ မေတ္တာတရားကသာလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါတယ်။ အစ္စလာမ်ဘာသာနည်းတူ အခြား ဘာသာတရားတွေဟာလည်း မေတ္တာတရားကို အခြေပြုကြတာများပါတယ်။ ဒီတော့ ဘာသာတရားတွေ ထွန်းကားနေတဲ့ ဒီနေ့ခေတ်မှာ ကိုယ့်ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ တကယ်နေထိုင်ကြမယ်ဆိုရင် လူမျိုးမုန်းတီးရေးဆိုတာဟာလည်း ရှိလာနိုင်စရာ အကြောင်းမရှိပါဘူး။
ဒီနေရာမှာ စကားစပ်လို့ လူမျိုးနဲ့ ဘာသာတရားယုံကြည်မှုကဏ္ဍလေးကိုလည်း ကြားဖြတ်ပြောချင်ပါတယ်။ တချို့က လူမျိုးနဲ့ ဘာသာတရားကို အသေချည်နှောင်ထားကြတာမျိုးတွေ ရှိပါတယ်။ တကယ်တော့ လူမျိုးနဲ့ ဘာသာ တရားဟာ သီးခြားပါ။ ဒီလူမျိုးကြားပေါက်ဖွားလာလို့ ဒီလူမျိုးဖြစ်နေရခြင်းဟာ ပြင်ဆင်လို့ မရတော့တဲ့ လက်ခံလိုက်ရမယ့်ကိစ်္စပါ။
ဘာသာတရားယုံကြည်မှုဆိုတာကတော့ လူတစ်ယောက်ချင်းရဲ့ နှလုံးသားကိစ္စပါ။ လူ့ဘ၀ပန်းတိုင်နဲ့ တမလွန်သေပြီးနောက် ကိစ္စတွေအပေါ်မှာ ကိုယ်ယုံကြည်မိရာ ဘာသာတရားကို တစ်ဦးချင်းက ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ရွေးချယ်ခွင့်ရှိပါတယ်။ တစ်ခါတစ်ခါမှာ အစွန်းရောက်အတွေးအခေါ်တွေနဲ့ မိဘကို ရွေးချယ်ခွင့်မရှိသလို၊ လူမျိုးကို ရွေးချယ်ခွင့်မရှိသလို ဘာသာတရားကိုလည်း ဒီလူမျိုးက ဒီဘာသာတရားပဲ ဖြစ်ရမယ်ဆိုတဲ့ ခပ်ရှော်ရှော် အတွေးအခေါ်တွေကို စွန့်ပစ်ကြဖို့သင့်ပါပြီ။
အိန်္ဒိယလူမျိုးဟာလည်း ကွမ်ယင်မယ်တော်ကို ကိုးကွယ်ချင် ကိုးကွယ်နိုင် ပါတယ်။ တရုတ်လူမျိုးဟာလည်း ဟိန္ဒူဘာသာဝင် ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဗမာ လူမျိုးစစ်စစ်ကလည်း ခရစ်ယာန်ဘာသာဝင် ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ လူမျိုးက တခြား၊ ယုံကြည်ကိုးကွယ်မှုက တခြားပါ။ ယုံကြည်ကိုးကွယ်မှုခြားတိုင်း လူမျိုးခြား လို့ သတ်မှတ်တာမျိုး၊ ငါတို့နဲ့မဆိုင်ဘူးလို့ စည်းခြားပစ်လိုက်တာမျိုးတွေ လုပ်လာရင် အဲဒီလူမျိုးမှာ သွေးကွဲမှုတွေ ဖြစ်လာပြီး စည်းလုံးညီညွတ်မှုပြိုကွဲပြီး နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကိစ္စတွေမှာလည်း ခရီးမတွင်ဖြစ်တတ်ပါတယ်။
နောက်တစ်မျိုးရှိသေးတာက နိုင်ငံတစ်နိုင်ငံကို လူမျိုးတစ်မျိုးအတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မတည်ထောင်စကောင်းပါ။ နိုင်ငံတိုင်းမှာ လူမျိုးခွဲ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတာချည်းပါပဲ။ အဲဒီတိုင်းရင်းသားတွေဟာ ဒီနိုင်ငံ အတွင်းကဆိုပေမဲ့ ရောက်ရှိဖြစ်ပေါ်လာရာလမ်းကြောင်းတွေက တူချင်မှ တူကြပါ တယ်။ မတူသော်ငြားလည်း အစဉ်အဆက်နေထိုင်လာပြီး အခြေကျဖွံ့ဖြိုးလာတဲ့ ယဉ်ကျေးမှုနဲ့အတူ မူလလာရာမျိုးနွယ်ကနေ ကွဲထွက်ပြောင်းလဲသွားကြပါပြီ။ အခြားလူမျိုးတွေနဲ့ ရောနှောယှက်ဖြာသွားကြပါပြီ။
ဒီအချိန်မှာ သူတို့သိတာက သူတို့ရဲ့ လူနေမှုဘ၀မြင့်မားရေး၊ သူတို့ နေထိုင်ရာ တိုင်းပြည်ကြီးပွားတိုးတက်ရေးပါပဲ။ ဘယ်သူကမှ ကိုယ်မွေးဖွားကြီးပြင်း နေထိုင်ရာ ဇာတိရပ်ရွာထက် ဘိုးဘေးဘီဘင်တို့ နေထိုင်ရာဒေသကို ပိုချစ်တဲ့ လူရယ်လို့ မရှိပါဘူး။ တမန်တော်မြတ်ရဲ့ သြ၀ါဒတော်တစ်ပါးမှာ တိုင်းပြည်ကို ချစ်ခြင်းဟာ ယုံကြည်ချက်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ မွတ်စလင် တစ်ယောက်အဖို့ မိမိဘာသာတရားကို တကယ်ယုံကြည်သူဖြစ်ဖို့ဆိုရင် ကိုယ်နေ ထိုင်ရာ တိုင်းပြည်ကိုလည်း ချစ်မြတ်နိုးရပါတယ်။
တိုင်းပြည်ကို ချစ်ခြင်း မချစ်ခြင်း ကိစ္စကို သွေးနဲ့တိုင်းတာလို့ မရပါဘူး။ သွေးမနှော သွေးမရောဘဲ ဖြစ်လာတဲ့ လူမျိုးဆိုတာလည်း ကမ္ဘာပေါ်မှာမရှိပါဘူး။ တကယ်တော့လည်း ကပြားတို့ သွေးနှောတို့ဆိုတာက ပညတ်ပါ။ အားလုံးဟာ ကမ္ဘာဦးအစမှာ တစ်မိတစ်ဖ တည်းက မွေးဖွားလာကြတဲ့ လူသွေးချင်းတူကြသူတွေ ချည်းပါပဲ။
လူမျိုးစွဲစိတ်ကြီးလာတော့ ငါ့မျိုးနွယ်မှငါမျိုးနွယ်ဆိုတဲ့စိတ်နဲ့ လူလူချင်း မရောမယှက်ဖို့ တံတိုင်းတွေခြားထားမိတတ်ကြပါတယ်။ တကယ်တော့ ဒီကနေ့ ကမ္ဘာမှာ ထိပ်ဆုံးကနေ စွာနေတဲ့ အမေရိကန်ဟာ လူမျိုးပေါင်းစုံရောယှက်ပြီးနေတဲ့ နိုင်ငံပါ။ သူတို့အားလုံးဟာ သူ့နိုင်ငံတိုးတက်ကြီးပွားရေးကိုသာ ရှေးရှုပြီး နိုင်ငံသား အကျိုးကိုသာ ကြည့်ကြပါတယ်။ ကိုယ့်နိုင်ငံသားဆိုရင် ဘယ်လူမျိုးဖြစ်ဖြစ် တန်ဖိုးထားကြပါတယ်။ ဒါတောင် သူတို့ဆီမှာ လူဖြူလူမည်းခွဲခြားမှုဟာ တော်တော်ကြီးထွား အမြစ်တွယ်ခဲ့တယ်။ အခုတော့ လူမည်းတစ်ယောက်ဟာ လည်း နိုင်ငံသမ္မတဖြစ်နိုင်တဲ့အထိ ခွဲခြားမှုတွေ ခ၀ါချခဲ့ကြပါပြီ။
ဒီလိုပဲ စင်္ကာပူနိုင်ငံမှာ စင်္ကာပူနိုင်ငံသား ဆိုတာတွေဟာ တရုတ်အနွယ် လည်းဖြစ်နိုင်သလို အိန်္ဒိယအနွယ်လည်း ဖြစ်နိုင်ပါတယ်။ အဖြူအမည်းကွဲပေမယ့် တိုင်းပြည် တိုးတက်ရေးအတွက်တော့ ဒါတို့နိုင်ငံ တို့တိုးတက်အောင်လုပ်ကြရမယ်ဆိုတဲ့ ရည်ရွယ်ချက်မှာတော့ တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိကြပါတယ်။ ဒါကြောင့်လည်း နိုင်ငံက တိုးတက်ပါတယ်။ ဒီတော့ မှီတင်းနေထိုင်ရာ လူမျိုးက ဘယ်လူမျိုးသာ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးမကြီးတာ ထင်ရှားပါတယ်။
ဘယ်လူမျိုး ဘယ်အနွယ်ပဲဖြစ်ပါစေ တိုင်းပြည်မှာ အေးအတူ ပူအမျှ နေထိုင်ပြီး တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းရွက်ချင်စိတ်ရှိရင် သူဟာ တိုင်းပြည်က လိုလားမျှော်လင့် အားထားရမယ့် သားကောင်းရတနာဖြစ် သွားတာပါပဲ။ ဘာသာစွဲ လူမျိုးစွဲကြောင့် ချန်ထား၊နှိမ်ထားရင် ထိုက်တန်တဲ့နေရာမှာ ထိုက်တန်တဲ့ လူ့အရင်း အမြစ်တွေ မသုံးစွဲနိုင်တဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဟန့်အတား ဖြစ်ရတတ်ပါတယ်။
လူမျိုးတွေမှာ အင်အားကြီးတာက အင်အားနည်းတာကို ဝါးမျိုသွားတတ် တာ သဘာဝပါပဲ။ လူမျိုးတွေဖြစ်လာတာ သဘာဝဖြစ်သလို ပျောက်ကုန်တာ လည်း သဘာဝပါပဲ။ လူမျိုးတစ်မျိုးပျောက်သွားခြင်းဟာ အခြားလူမျိုးတစ်မျိုးပေါ် လာဖို့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ပျူတွေပျောက်ပြီး မြန်မာဆိုတာပေါ်လာသလို ပေါ့။ ဒါကြောင့် မြေမျိုလို့ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်တယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူမျိုးမနှောရေးဝါဒဟာ ကိုယ့်လူမျိုးရဲ့ ဇာစ်မြစ်ကို ကိုယ်တိုင်ပြန်မေ့နေ ကြသူတွေရဲ့ လက်တွေ့မကျတဲ့၊ သဘာဝတရားနဲ့ ကင်းကွာတဲ့စကားပါ။
ကမ္ဘာ့သမိုင်းမှာ ဆမူးဒ်လူမျိုးတွေဟာ ငလျင်ဒဏ်နဲ့ မြေမျိုလို့ လူမျိုး ပျောက်ခဲ့ရပါတယ်(ကြည့် ကုရ်အာန် ၇း ၇၉)။
ဒါကြောင့် မြေမျိုလို့ လူမျိုးပျောက်တာ ရှိပါတယ်။
ဒီလိုပဲ တမန်တော်နူးရ်ရဲ့ လူမျိုးတွေက ရေကြီးပြီးနစ်မြုပ်သွားလို့ မျိုးပျောက်ခဲ့ရတယ်။(၂၉း ၁၄)
တမန်တော် လူးသ်ရဲ့ လူမျိုးတွေဟာ ခဲမိုးရွာပြီး မျိုးပျောက်ဇာတ်သိမ်း ခဲ့ရတယ်။ (၇း ၈၄)
အားဒ်လူမျိုးတွေဟာလည်း လေပြင်းမုန်တိုင်းဒဏ်သင့်ပြီး မျိုးပျောက်ခဲ့ရ တယ်။ (၄၆း ၂၄)
သူတို့တွေ ဘာကြောင့် မျိုးပျောက်ခဲ့ရပါသလဲ။ ကိုယ်ကျင့်တရား ပျက်ပြားမှုကြောင့်ပါ။ သစ္စာတရားကို ဟောကြားပို့ချတဲ့ တမန်တော်တွေကို လက်မခံငြင်းဆန်ပြီး ထင်ရာစိုင်းခဲ့ကြတဲ့အတွက် ဒီလိုအဖြစ်ဆိုးတွေနဲ့ ဇာတ်သိမ်း ခဲ့ကြရတာပါ။ ဒါဆို ဘာလူမျိုး ညာလူမျိုးဆိုတာတွေက အရေးကြီးသလား၊ ကိုယ်ကျင့်တရားက အရေးကြီးသလားဆိုတာ ခွဲခြားသိမြင်နိုင်လောက်ပါတယ်။
ကုရ်အာန်ကျမ်းတော်မှာ သတိပေးထားတာက-
““လူမျိုးအသီးသီးအတွက် ကာလအပိုင်းအခြားရှိ၏။ ယင်းတို့၏ အချိန်ကျသော် အချိန်အနည်းငယ်မျှပင် နောက်ဆုတ်ရှေ့တိုးပြုလုပ်နိုင်မည်မဟုတ်”” တဲ့။
ဒီတော့ လူမျိုးတစ်မျိုးကို ထာဝရအဓွန့်ရှည်အောင် ကြိုးစားဖို့ဆိုတာကလည်း မိုက်မဲတဲ့ ရေပေါ်အရုပ်ရေးလုပ်ရပ်မျိုးပါပဲ။
အချုပ်ကိုပြောရရင် လူသားအားလုံးဟာ တစ်မိတစ်ဖတည်းက ပေါက်ပွားလာတဲ့ ညီင်္နောင်သားချင်းတွေဖြစ်တယ်။ လူမျိုးဆိုတာက ခွဲမှတ်ရုံအတွက် သက်သက်ပဲ။ ခေတ်ကာလအမျိုးအမျိုး အခြေအနေအမျိုးမျိုးအရ လူမျိုးတွေဟာ အမည်ပညတ်အမျိုးမျိုးနဲ့ ပေါ်လာလိုက် ပျောက်သွားလိုက်ရှိမှာပဲ။ ဘယ်လိုပဲ ရှိရှိ လူကို လူလိုမြင်ပြီး လူသားဝါဒကိုလက်ကိုင်ပြုမယ်၊ လူသားချင်းစာနာထောက် ထားမယ်၊ သာတူညီမျှ ဆက်ဆံမယ်၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ခွဲခြားမှုမရှိဘဲ လေးစားတန်ဖိုးထားမယ်၊ ညီရင်းအစ်ကိုလိုသဘောထားမယ်ဆိုရင် လူ့အဖွဲ့အစည်း အသီးသီးဟာ ညီညွတ်စွာ တိုးတက်မြင့်မားလာနိုင်ပါတယ်။ ကမ္ဘာတစ်ခု မိသား တစ်စုဆိုတဲ့ စိတ်ဓာတ်နဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းတဲ့ ဥယျာဉ်ဘုံတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာကို မမှိတ်မသုန်ယုံကြည်မိပါတယ်။
သန်းမင်းထိုက်(မြန်မာစာ)
(ဒီရေထဲက ပန်းကလေးများ-အစ္စလာမ့်ဓမ္မရသစာစုများ မှ)
““လူသားအားလုံးဟာ တစ်စုတစ်ဖွဲ့တည်း ဖြစ်တယ်”” (၂း ၂၁၃)
ဒုတိယတစ်ဆင့် လူမျိုးဆိုတာ မှတ်မိလွယ်အောင်ရည်ရွယ်ချက်နဲ့သာ ဖန်တီးထားတာလို့ အသိပေးတယ်။ လူတွေတစ်ယောက်နဲ့တစ်ယောက် မှတ်မှတ် သားသားလေးဖြစ်အောင် ကိုယ်ပိုင်နာမည်လေးတွေ ပေးထားကြသလိုပေါ့။ လူမျိုး ဆိုတာကလည်း လူတွေအဆမတန်များပြားလာတဲ့အခါမှာ ကိုယ့်ကိုယ်ပိုင် အမှတ်သင်္ကေတလေးတွေနဲ့ သီးသီးခြားခြားဖြစ်နေရင် ပိုပြီးမှတ်မှတ်သားသား ဆက်ဆံပေါင်းသင်းကြဖို့ လွယ်ကူရုံသက်သက်ပါပဲ။ ဒါကြောင့် အစ္စလာမ်က လူမျိုးရဲ့ ယဉ်ကျေးမှုသွင်ပြင်လက္ခဏာတွေကို ဘယ်တော့မှ မရိုက်ချိုးဘူး။
လူမျိုးကွဲပြားမှုဟာ ခွဲသိနိုင်ဖို့အတွက် ရှိနေရပေမယ့် အားလုံးဟာ တစ်မိသားစုဝင် သားချင်းတွေသာဖြစ်ကြတဲ့အတွက် သွေးခွဲသွေးကွဲ မှုတွေ မရှိအပ်ဘူးလို့ဆိုလိုတာပါ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘယ်သူထက် ဘယ်သူ ကမှ ယုတ်ညံ့ခြင်း၊ မြင့်မြတ်ခြင်းမရှိဘူး။ တန်းတူရည်တူသဘောထားအပ်တယ်။ မြင့်မြတ်တယ် ယုတ်ညံ့တယ်ဆိုတာက လူမျိုးအချင်းချင်းမှ မဟုတ်ဘူး။ လူမျိုး တစ်မျိုးထဲက လူတစ်ယောက်ချင်းစီမှာလည်း ကိုယ်ကျင့်တရားအရသာ ကွာခြားမှု တွေရှိနိုင်တယ်ဆိုတာကို သတိပေးထားတာပါ။
ဒီအာယသ်တော်ကို အကြောင်းပြုပြီး တမန်တော်မြတ်ကလည်း နောက် ဆုံး ဟဂ်ျမိန့်ခွန်းတော်မှာ-
““အာရဗ်လူမျိုးက အခြားလူမျိုးထက် ပိုမမြတ်၊ အခြားလူမျိုးကလည်း အာရဗ်လူမျိုးထက် ပိုမမြတ်၊ လူမည်းဟာ လူဖြူထက်မမြတ်၊ လူဖြူကလည်း လူမည်းထက် မမြတ်။ မြင့်မြတ်မှုဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်မှုအပေါ်မှာ သာ မူတည်တယ်။ သင်တို့အားလုံးဟာ ကမ္ဘာဦးဖခင်ကြီး အာဒမ်ရဲ့သားသမီးတွေ ဖြစ်ကြတယ်။ ဖခင်ကြီးအာဒမ်ကို မြေကြီးကနေ ဖန်ဆင်းထားတယ်””လို့ ဟောကြားတော်မူခဲ့ပါတယ်။
တကယ်တော့ မျိုးနွယ်စွဲဟာ လူသားတွေရဲ့ ကမ္ဘာ့အိမ်ထောင်စုမှာ အဆိပ်အတောက်ကိစ္စပါ။ မျိုးနွယ်ကိုအစွဲပြုပြီးတက်တဲ့ မာန်မာနကို ပါဠိလိုတော့ ဇာတိမာန်လို့ ခေါ်ပါတယ်။ လူသားဗီဇအရ ဇာတိမာန်ဟာ ခပ်ပါးပါးရှိနေရင် ကိုယ့်မျိုးကိုယ့်နွယ်အတွက် အကျိုးပြုလိုစိတ် စောင့်ရှောက်လိုစိတ်ရှိဖို့ အထောက် အကူဖြစ်တတ်ပေမယ့် ထူထူထဲထဲဖြစ်လာရင်တော့ အတ္တကြီးပြီး မဟာလူမျိုးကြီး ၀ါဒကို ကိုင်စွဲလာမိတတ်တယ်။ အခြားလူမျိုးတွေကို ကဲ့ရဲ့ရှုံ့ချ စော်ကားဆက်ဆံ မိတတ်တယ်။ လူမျိုးခြားကို စည်းတားဆက်ဆံတဲ့အလေ့ ခွဲခြားနှိမ်ချတဲ့အလေ့ သာတူညီမျှသဘောမထားနိုင်တဲ့အလေ့တွေကို ဇာတိမာန်လို့ ဂုဏ်ယူမိလာပြီဆိုရင် တော့ အဲဒီဇာတိမာန်က ကိုယ့်လူမျိုးတိုးတက်ရာတိုးတက်ကြောင်းကိုပါ တစ်နည်း တစ်ဖုံနဲ့ အဟန့်အတားဖြစ်စေတတ်ပါတယ်။ နောက်ဆုံး အာရီယန်(လူဖြူ)မျိုးနွယ် တွေသာ အခြားလူမျိုးတွေထက်ပိုပြီးမြင့်မြတ်ကြီးကျယ်ပါတယ်လို့ ဇာတိမာန် သွေးနားထင်ရောက်ခဲ့တဲ့ ဟစ်တလာလို သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်စေမယ့် လုပ်ရုပ်မျိုးတွေလည်း လုပ်မိလာတတ်ပါတယ်။
““လူမျိုးတစ်မျိုးကို အမုန်းစိတ်နဲ့ မလွန်ကျူးရ””( ၅း ၂)