သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း ……..
. “တိုင်းပြည်မှာ လူတိုင်းလိုလို စာတတ်ရမယ်။ အင်္ဂလိပ်စာကို ပိုပြီးမှ ကျွမ်းကျွမ်းကျင်ကျင်တတ်ရမယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော် ရမယ်။ အင်္ဂလိပ်ကို ပြန်တော်လှန်မယ်ဆိုရင် သူတို့ဆီက ပညာရပ်တွေကို သူ့ဘာသာနဲ့သင်ယူပြီးမှ သူ့ကို ပြန်တော်လှန်ရမယ်”ဆိုတဲ့ သဘောမျိုးခံယူထားတာရှိတယ်။
. ခရိုင်ဖဆပလကို ဖွဲ့စည်းမှာမို့ မန္တလေးခရိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌကို မိမိတို့ ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ် များကို ရွေးချယ်ပေးပါရန် ဗိုလ်ချုပ်အောင်ဆန်းက တင်ပြလိုက်တယ်။ မန္တလေးမှာ သခင်တစ်ယောက်ကနေပြီး ဘာပြောလဲဆိုရင် ‘မန္တလေးဟာ နောက်ဆုံး နေပြည်တော်ရဲ့ မြို့တော်ဖြစ်ကြောင်း၊ နောက်ပြီး ဗုဒ္ဓဘာသာသာသနာ ထွန်းကားတဲ့နေရာလဲဖြစ်ကြောင်း၊ ဆရာကြီး ဦးရာဇတ် လို ကုလားတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်တဲ့ကိစ္စဟာ မသင့်ပါကြောင်း။ သူ့အစား (အခြားတစ်ယောက်)ကိုသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း’အဆိုကို တင်သွင်းဆန္ဒမဲပေးခဲတယ်။ ဂျပန်တွေလက်နက်မချခင် အထက်မြန်မာပြည် ဖဆပလဖွဲ့မယ့် အချိန်တုန်းက သခင်တွေအားလုံး အကြောင်းအမျိုးမျိုးပြပြီးလက်မခံကြဘူး။ ဒီလိုငြင်းနေကြတော့ ဖတပလဥက္ကဋ္ဌတင်ဖို့ လူရှာ မတွေ့ တာနဲ့ အထက်မြန်မာပြည် ဖတပလအဖွဲ့ကို မဖွဲ့နိုင်ဘူး။ တစ်ပတ်လောက်နေမှ ဆရာကြီးဦးရာဇတ်ကို သတိရတော့ ဆရာကြီး ဦးရာဇတ်ဆီပြေးရတယ်။ ဆရာကြီးကိုပြောတော့ ဖတပလဥက္ကအဖြစ် ရွေးချယ်တာကို သူလက်ခံလိုက်တယ်။ ‘ဘယ်သူမှ လုပ်ချင်တဲ့လူမရှိတုန်းက မွတ်စလင်ကုလားဆိုတဲ့လူကြီးက ဥက္ကဋ္ဌတာဝန်ကို ယူပေးခဲ့တာပါ။ အခုမှ တိုင်းပြည်ကြီး အန္တရာယ် ကင်းရှင်းတော့မှ ဒီကုလားကြီးနဲ့ ဒီမင်းနေပြည်တော်မြို့ကြီးနဲ့ မသင့်တော်ဘူးလို့ပြောမှ ပြောတတ်ပလေတယ်။ ဒါတွေကို စဉ်းစား ကြည့်ပေါ့။ အဲဒီတော့ ဘုန်းကြီးတို့ရဲ့ဆန္ဒဟာ ဟိုတုန်းကလဲ အနစ်နာခံဥက္ကဋ္ဌလုပ်ခဲ့တာ ဒီဆရာကြီးဦးရာဇတ်ပဲ။ အခုလဲ ဒီဆရာကြီး ဦးရာဇတ်ကိုပဲ ပြန်တင်သင့်တယ်”ဆိုတာ ဆန္ဒပြုကြောင်း ရှင်းလင်းတင်ပြလိုက်တယ်။
(ဆရာတော် ဦးကုသလ-တိတ်ခွေ)
. မန္တလေးဟာ မြန်မာ့သမိုင်းမှာ နောက်ဆုံးမင်းနေပြည်တော် မြို့တည်နန်းတည်မြို့တော်ကြီးဖြစ်တယ်။ ဗုဒ္ဓဘာသာအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သာသနာထွန်းကားရာမြို့ ကြီးလဲဖြစ်တယ်။ ဒီလိုမြို့ ကြီးအတွက် ခရိုင်ဖဆပလဥက္ကရွေးပွဲမှ မင်းမျိုးမင်းနွယ်ဆက်လဲရှိ၊ သမာဓိရှိပြီး ထင်ရှားတဲ့ နိုင်ငံရေးသမားများ၊ သခင်များရှိတဲ့အနက် အများအမြင်မှာ ကုလားကြီးဖြစ်နေတဲ့ ဆရာကြီးဦးရာဇတ် ကိုသာ မန္တလေးခရိုင် ဖဆပလဥက္ကဋ္ဌအဖြစ် ရွေးခဲ့ပါတယ်။ ဒါလဲ လွယ်လွယ်နဲ့ ရွေးချယ်ခံရတာ မဟုတ်ပါဘူး။ မန္တလေးနယ်လုံးဆိုင်ရာ သမာဓိဂုဏ်၊ သမစိတ္တရှိသူ၊ လေးပြင်လေးရပ်က ဆရာတော်သံဃာတော်တွေရဲ့ မဲနဲ့ အရွေးခံရတာပါ။ ဆရာတော် သံဃာတော်များ ဆိုရာမှာလဲ နှယ်နှယ်ရရ မဟုတ် လျှမ်းလျှမ်းတောက် ရဟန်းပျိုအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။
. သူ့အပြုံး
မရိမသဲ့၊ နွဲ့ နွဲ့လျလျ၊ ပြပြကတေ့၊ စေ့တစေ့လျှင်၊ ထေ့ထေ့ကလေး၊ စန်းယုန်ကွေးနှယ်
ညာဘေးထက်ဖျား၊ နှုတ်ခမ်းပါးတွင်၊ ခန့်ညားတည်ကြည်၊ ညွှန်းရည်မေတ္တာ၊ ကရုဏာနှင့်၊
သစ္စာနိမိတ်၊ ပုံရိပ်ထင်ဟပ်၊ ရာဇတ်မည်တွင်၊ ဆရာရှင်၏၊ ကြည်လင်ရွှန်းတင့်
ပြုံးပန်းပွင့်လွှာ၊ ရတနာသည်၊ ပသာဒဂုဏ်၊ မြောက်သည်တကား။ (မောင်သန်းတင်)
. ဆရာကြီးက ကျွန်မတို့ဆရာကြီးလေ၊ ကျွန်မတို့အမျိုးသား နေရှင်နယ်ကျောင်းက (၁၀)တန်းအောင်လာခဲ့တာ၊ ဆရာကြီးတို့ မွေးပေးလိုက်တဲ့ အမျိုးကိုချစ်တတ်ဖို့၊ အများအတွက် ကိုယ်ကျိုးအနစ်နာခံဖို့ဆိုတဲ့စိတ်တွေဟာ ကျွန်မတို့တစ်သက်လုံးအဖို့ ခုထက်ထိ ပဲ့ကိုင်ထိန်းကျောင်းပေးနေတာဆိုတော့ ဆရာကြီးရဲ့ ကျေးဇူးက ကြီးပါတယ်။
ကျွန်မစာရေးဆရာဖြစ်လာရတာ ဆရာကြီးရဲ့ တိုက်တွန်းအားပေးမှုကြောင့်၊ မေတ္တာစေတနာကြောင့်လို့ ကျွန်မက တစ်သက်လုံး ခံယူပြီး အမြဲ သတိရနေတာပါ။
ဆရာကြီးမစ္စတာရာဇတ်နဲ့ဆက်ဆံရတာကတော့ ဗမာတွေကလဲသူ့ကို ဗမာတစ်ယောက်လို၊ ညီရင်းအစ်ကိုလို ဆက်ဆံကြ တာပဲ။ မွတ်စလင်မ်တွေကလဲ သူ့ကို မွတ်စလင်မ်တစ်ယောက်အတိုင်း ဆက်ဆံတာပါပဲ။
ဆရာကြီးမှာ ဗမာနဲ့တစ်သားတည်းပေါင်းထားတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ အပြည့်အ၀ရှိပါတယ်။ ဗမာမွတ်စလင်မ်တွေဆိုပြီး ခွဲခြမ်းခွဲခြမ်းလုပ်မှု ဘယ်တော့မှ မရှိပါဘူး။
ဆရာကြီးအပြုအမူအနေထိုင်ဟာ အတုယူစရာအလွန်ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပေါင်းစည်း နေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်လေတော့ ဆရာကြီးရာဇတ်ထားရှိတဲ့ စိတ်ဓာတ်မျိုးသာထားရှိကြရင် အချင်းချင်း စည်းလုံး ညီညွတ်ရေးဟာ တကယ်ခိုင်မာနိုင်ပါတယ်။
ဆရာကြီးဟာလဲ သူ့တစ်သက် မြန်မာပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်သလောက် ဆောင်ကြဉ်းသွားပြီး တပည့်တပန်းနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို နမူနာကောင်းပြသွားနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပေမို့ ထာဝစဉ်လေးစားမြတ်နိုးလျက်သာရှိပါတယ်။ (လူထုဒေါ်အမာ)
. ကျောင်းမတက်မီ မနက်တိုင်းပဲ ခြင်္သေ့ခန်းမဆောင်ရှေ့မှာ ဆရာကြီးက အခုလိုသြ၀ါဒပေးလေ့ရှိတယ်။ “ဤဘူမိနက်သန် မှန်သော ကျောင်း၏ အောင်မြေကိုခြေချတဲ့ ဆရာကြီး၏ ကျောင်းသူကျောင်းသားမှန်လျှင် ဘယ်တော့မှ နောက်လိုက်မဖြစ်စေနဲ့၊ အမြဲတမ်း ရှေ့ကနေပြီး ခေါင်းဆောင်ရမယ်။”
ဘွဲ့ရလာတဲ့ ပညာတတ်ကြီးတွေက သူတို့နာမည်နောက်က ဘွဲ့ထူးဂုဏ်ထူးတို့ အဲဒီတက္ကသိုလ်ရဲ့ နာမည်တပ်ရေးလေ့ရှိတယ်။ ဆရာကြီး ဦးရာဇတ်ကတော့ ရန်ကုန်အမျိုးသားကောလိပ်က (B.A. Hons:) ဘွဲ့ရခဲ့တာဆိုတော့ ဆရာကြီးက သူ့နာမည်ရေးတယ်၊ ဆိုင်းထိုးတယ်ဆိုရင် (A. Razak, B.A. Nat) ဆိုပြီးရေးတယ်။ နောက်က Nat u National ဆိုတဲ့သဘော မြန်မာပြည် အမျိုးသားကောလိပ်ဆိုတဲ့သဘောကို ဖော်ညွှန်းပြီး အမြဲတမ်းပဲရေးတယ်။ (အမ်အေ-ဒေါ်အုန်း)
. ကျွန်တော်တို့ဆရာကြီးက သူ့ကျောင်းသားတွေ အားကစားမှာ မျက်နှာမငယ်ရအောင် နေရာကျဉ်းကျဉ်းနဲ့ ထိရောက်ထက်မြက်ပြီး တိုင်းပြည်အတွက် အသုံးတည့်မည့် အားကစားကို တည်ထောင်ပေးတယ်။ အဲဒါက ဘာလဲဆိုတော့ ယောက်ျားပီသပြီး ကိုယ်ခံပညာ ကောင်းကောင်းနဲ့ သူများကို အနိုင်မကျင့်တဲ့ တိုင်းပြည်ကိုလည်း ကာကွယ်နိုင်မယ့် အားကစားဖြစ်တဲ့ လက်ဝှေ့ကို သင်ပေးတာပါ။ မန္တလေးမြို့မှာ လက်ဝှေ့ပညာကို ယောက်ျားလေးစာသင်ကျောင်းတွေပေမယ့် ဘယ်ကျောင်းမှာမှ မသင်ကြရပါဘူး။ ကျွန်တော်တို့ ကျောင်းမှာတော့ အကောင်းဆုံးနည်းပြဆရာကို ဆရာကြီးကငှားရမ်းပြီး လက်အိတ်ဖိုးဘယ်လောက်ကုန်ကုန် ဆရာကြီးက အကုန်အကျခံပြီး အကျအနသင်ပေးခဲ့ပါတယ်။ ဒါကြောင့် အထက်မြန်မာနိုင်ငံက လက်ဝှေ့လောကဟာ မန္တလေးမှာရှိတဲ့ ဗဟို အမျိုးသားကျောင်းက ပေါက်ဖွားတဲ့ လက်ဝှေ့သမားများရဲ့ လောကပါပဲ။ (ခင်မောင်ပု-အမျိုးသားကျောင်းသားဟောင်း)
ဆရာကြီးဦးရာဇတ်ကို ဂုဏ်ပြုတည်ဆောက်ထားသော ရာဇတ်ခန်းမ(မန္တလေးတက္ကသိုလ်စာကြည့်တိုက်)
. အခက်အခဲမျိုးစုံကြား ဇွဲ့နဲ့ကြိုးစားမှု၊ မန္တလေးမြို့သူ/သားများရဲ့ ဆရာကြီးအပေါ်ယုံကြည်အားထားကူညီထောက်ပံ့မှုများကြောင့် မန္တလေးနေရှင်နယ်ကျောင်းဟာ ဆက်လက်ရှင်သန်တိုးတက်လာခဲ့တာပါ။ ဆရာကြီးဦးရာဇတ်ရဲ့ နိုင်ငံရေးမျိုးစေ့ချရာကျောင်းကြီးမို့ ခေတ်အဆက်ဆက်တိုင်းမှာ နိုင်ငံခေါင်းဆောင်နေရှင်နယ်ကျောင်းသားတွေ ပေါ်ထွက်ခဲ့ရာ အောင်မြေဖြစ်သလို၊ ၁၉၃၇-ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂညီလာခံကြီးကိုလည်း လေးထပ်ကျောင်းကြီးပေါ်မှာပဲ တခမ်းတနား ကျင်းပခဲ့ပါတယ်။ (မောင်ခြိမ့်)
. ဆရာကြီးသည် အထူးအမြော်အမြင်ကြီးသော မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ မြန်မာလူငယ်များ ကမ္ဘာနှင့်ယှဉ်ရဲရန် ကမ္ဘာ့စာ အင်္ဂလိပ် စာကို မတတ် တတ်အောင် နည်းမျိုးစုံနှင့် သင်ပေးနေခြင်းဖြစ်ပါသည်။ (သိပ္ပံမှူးတင်)
. ဆရာကြီးက မနက်စောစော ကျောင်းသို့လာလေ့ရှိတယ်။ သူ့ကျောင်းကို သူစိတ်ဝင်စားလို့ပေါ့ ။ ကျောင်းတက်ခေါင်းလောင်းထိုးပြီးမှ ရောက်လာတဲ့ ဆရာကြီးမျိုးမဟုတ်ဘူး။ (ဆရာဝန် တင်မောင်ကြည်)
. ဆရာကြီးဦးရာဇတ်မှာ ကျွန်တော် အလွန်ကြည်ညိုလေးစားသော ဆရာကြီးတစ်ဦးဖြစ်ပါသည်။ ဆရာကြီးဦးရာဇတ်သည် ကျောင်းသားများကို ကျောသား/ရင်သားမခွဲခြားပါ။ ဆရာကြီးသည် တပည့်များကို ဘယ်သောအခါမှ မေ့လျော့ မျက်ကွယ်ပြု တတ်သူတစ်ဦးမဟုတ်ပါ။ (ခင်မောင်-ကောလင်း)
. ဗမာမွတ်စလင်တစ်ယောက် ဘုန်းကြီးတွေကို စည်းရုံးနိုင်တာ ဆရာကြီးဦးရာဇတ် တစ်ယောက်ပဲရှိတယ်။ ဒါဟာ တော်တော်တန်တန် အရည်အချင်းမဟုတ်ဘူး။ ဘုန်းကြီးတွေနဲ့ ၀င်ဆံ့တာ သူတစ်ယောက်ပဲရှိတယ်။ (ဗမကဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ၀န်ကြီးဟောင်း လည်းဖြစ်တဲ့ – ဦးခင်မောင်လတ်)
. မန္တလေးက ဘုန်းကြီးတွေ လွှမ်းမိုးတဲ့မြို့ပါ။ အဲဒီမြို့မှာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးက ၀င်ဆံ့နေတဲ့အချက်ကိုကြည့်ရင် သူ့မှာ (ဆရာကြီးဦးရာဇတ်) ထူးခြားချက်တွေရှိလို့ပဲ။ (ဒေါက်တာခင်မောင်ညွန့်-သမိုင်းဋ္ဌာန) (ဦးကျော်ဝင်းမောင်အားပြောပြချက်)
. မန္တလေးမှာတော့ နေရှင်နယ်ကျောင်းကြီးဟာ ဆရာကြီးဦးရာဇတ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အကြီးအကျယ် ရှင်သန်ခဲ့ပါတယ်။ လွတ်လပ်ရေးသမိုင်းတစ်လျှောက်မှာတော့ မန္တလေးနေရှင်နယ်ကျောင်းကြီးနှင့် နေရှင်နယ်ကျောင်းသားဟောင်းတွေရဲ့ကဏ္ဍဟာ တခမ်းတနားဖြစ်ခဲ့ပါတယ်။ အဲဒါတွေကြောင့်ပဲ ဆရာကြီးဦးရာဇတ်ရဲ့ကျေးဇူးကို ကျွန်တော်တို့ သတိရခြင်းဖြစ်ခဲ့ရပါတယ်။ (သခင်အောင်ကြီး-ပေါင်းတည်)
ကိုးကားစာအုပ်များ
– စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ၊ သုတေသီတစ်ဦး။
– ၇၅-နှစ်မြောက် အမျိုးသားနေ့ စိန်ရတုသဘင်မဂ္ဂဇင်း။
ဝိုင်း
Comments