မေ-၁၄၊ ၂၀၁၃
M-Media
ဘာသာပြန်- သာကီထက်ကောင်း
မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်း မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မှာ ၉၆၉ လိုဂိုတံဆိပ်တွေ မြို့အနှံ့မှာ တင်းကြမ်းပြည့်နေပေမယ့်လည်း အရာရာအားလုံး တည်ငြိမ်အေးချမ်းနေသယောင်ရှိပါတယ်။ ဗဟိုမြို့မဈေးကြီးရဲ့ ရွှေဆိုင်တစ်ဆိုင်ထဲမှာ ဗုဒ္ဓ၀ါဒရတနာသုံးပါးကို ကိုယ်စားပြုထားတဲ့ စတစ်ကာဟာ ဘုရားစင်ငယ်လေးအထက်ပေါ် နေရာယူထားတာတွေ့ရလေရဲ့။ “ ဒါက ဗုဒ္ဓဘာသာဝင်ရဲ့ဆိုင်ပါ ဆိုပြီး လူတွေသိအောင်ကပ်ထားတာဖြစ်တယ်။့် ဗုဒ္ဓဘာသာဝင်တွေ ဒီမှာလာဝယ်နိုင်အောင်လို့လေ။ ဒါပေမယ့် မွတ်စ်လင်မ်ဖောက်သည်တွေကိုလည်း ကြိုဆိုဖိတ်ခေါ်ပါတယ် ” လို့ ဆိုင်ရှင်က ရှင်းပြပါတယ်။
ဒီသင်္ကေတက မြန်မာနိုင်ငံရဲ့ ဘာသာရေးအခြေပြု အစွန်းရောက် အမျိုးသားရေးဝါဒကို အားပေးမြှင့်တင်ရာမှာ အသုံးပြုနေကြတယ်။ ပြီးခဲ့တဲ့မတ်လအတွင်း မြန်မာနိုင်ငံအ၀ှမ်း လူ ၄၀ ကျော်သေဆုံးပြီး အိုးအိမ် အမြောက်အများ ဖျက်ဆီးခြင်းခံရတဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့လည်း ဆက်နွှယ်မှု ရှိနေပြန်တယ်။ မိမိကိုယ်ကို “မြန်မာဘင်လာဒင်”လို့ကြွေးကြော်ပြီး ပြည်တွင်းထောက်ခံမှု အများဆုံးရရှိနေတဲ့သံဃာ အရှင်ဝီရသူရဲ့ အခန်းကဏ္ဍက နိုင်ငံသတင်း သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံနေရတယ်။ ၉၆၉ လှုပ်ရှားမှုခေါင်းစဉ်အောက်က အစ္စလာမ်မုန်းတီး ဆန့်ကျင်ရေးကို မီးမွှေးပေးနေသူဆိုပြီးတော့ပေါ့။
သို့သော်လည်း ဒီ လိုဂိုဟာ မွတ်စ်လင်မ်လူဦးရေအတော်အတန်ရှိနေတဲ့ မော်လမြိုင်မြို့က ၉၆၉ လှုပ်ရှားမှုအတွင်းရေးမှူး အရှင် ဆေဒမာ ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ဖြန့်ချိလိုက်တာ ၇ လရှိပါပြီ။ အဲ့ဒီ အသက် ၃၇ နှစ်အရွယ် မြစေတီကျောင်းတိုက် ဆရာတော်က စတစ်ကာတွေ၊ ရောင်စုံလက်ကမ်းစာစောင်တွေ အစုအပြုံလိုက်ရှိနေတဲ့ ရုံးခန်းထဲမှာ သူ့ဒီဇိုင်းနဲ့ပတ်သက်ပြီး ဒီလို အားတက်သရော ပြောကြားရှင်းလင်းခဲ့ပါတယ်။
“ ခြင်္သေ့တွေဟာ ရဲရင့်ခြင်းရဲ့သင်္ကေတဆောင်တယ်။ ဆင်ကတော့ ခွန်အား၊ မြင်းက လျင်မြန်မှု၊ နွား(သိုး)ကတော့ သည်းခံခြင်း သဘောဖြစ်တယ်။ တိရစ္ဆာန်လေးမျိုးကို ပုံဆောင်ပြုထားတဲ့ ရှေးခေတ်ဗုဒ္ဓဘာသာဝင်တွေရဲ့အမှတ်အသား အာသောကကျောက်တိုင်ကို တံဆိပ်ရဲ့အလယ်ဗဟိုမှာ ပုံဖော်ရည်ညွှန်းထားပါတယ် ”။
အာသောကမင်းကြီးဟာ ၃ ရာစုနှစ်က ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံဆီ ဖြန့်ချိခဲ့တဲ့ အိန္ဒိယဘုရင်အဖြစ် အလွန်ထင်ရှားဂုဏ်တင်ခံရသူဖြစ်တယ်။
“ မိမိရဲ့တိုင်းပြည် သို့မဟုတ် လူမျိုး သို့မဟုတ် ဗုဒ္ဓဘာသာအတွက်ကောင်းကျိုးတစ်ခုခုဆောင်ချင်သူအနေနဲ့ သူ့ရင်ထဲမှာ အာသောကမင်းကြီးရဲ့စိတ်ဓာတ်မျိုးကို ဒီတိရစ္ဆာန်သုံးမျိုးရဲ့အရည်အသွေးနဲ့တစ်ကွ ရှိရပါမယ်။ ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာရဲ့ရတနာသုံးပါးကို လူငယ်တွေ မသိကြတော့ဘူး။ သူတို့ကို ဒီ လိုဂိုနဲ့ နိုးကြားသတိဝင်အောင် လုပ်ထားတာ။ ဒီအမှတ်တံဆိပ်ကိုကပ်ထားသူအနေနဲ့ ဒီဂုဏ်တော်သုံးပါးကို ရွတ်ဆိုဆည်းကပ်နေသင့်တယ်။ စည်းလုံးညီညွတ်မှုကို ပြသဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုသွားရမယ်။ တကယ်လို့ ဒီအမှတ်တံဆိပ်ကို တခြားဘာသာဝင်တွေက ဟန်ဆောင်ပန်ဆောင် အသုံးပြုကြမယ်ဆိုယင်တော့ အရေးယူတာခံရမယ် ” စသဖြင့် သူက ဒီတံဆိပ်နဲ့ပတ်သက်ပြီး ညွှန်ကြားချက် တသီတတန်း ပေးခဲ့တယ်။
ဒီအမှတ်တံဆိပ်ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ သီတင်းကျွတ်လပြည့်နေ့က စတင် ထုတ်ဝေဖြန့်ချိတယ်။ ယမန်နှစ် ဇွန်လနဲ့အောက်တိုဘာလအတွင်း ရခိုင်မှာ ဗုဒ္ဓဘာသာဝင်တွေက ရိုဟင်ဂျာမွတ်စ်လင်မ်တွေကို ဦးတည်တိုက်ခိုက်မှုတွေနဲ့ ဒီလှုပ်ရှားမှုက ဘာမှမပတ်သက်ဘူးလို့ သူက ဆိုထားတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူက မြန်မာပြည်ထဲဘင်္ဂါလီတွေ ကျူးကျော်ဝင်ရောက်ပြောင်းရွှေ့လာတာကြောင့် ပဋိပက္ခဖြစ်ပွားရတာလို့ ပြောကြားလာခဲ့တယ်။ သူရည်ညွှန်းနေတဲ့သူတွေဟာ စင်စစ်မှာတော့ မြန်မာနိုင်ငံထဲမှာ မျိုးဆက်အလီလီနေထိုင်လာခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေဖြစ်တယ်။ သူတို့အပေါ် အစိုးရနဲ့နိုင်ငံသားများစွာက နိုင်ငံသားအဖြစ် သတ်မှတ်ဖို့ အမြင်မရှိဘူး ဖြစ်နေကြတယ်။
“ သူတို့ဝင်လာယင် ဒို့တိုင်းပြည်ကို အလွယ်တကူ ချုပ်ကိုင်သွားလိမ့်မယ်။ သူတို့ဟာ ဒို့နယ်ဒို့မြေပေါ်မှာ သူတို့ ဘ၀တိုးတက်မှုကို ရှာကြံလိမ့်မယ်။ ဒါကြောင့် ဒီအမှတ်သင်္ကေတနဲ့လှုပ်ရှားမှုကို မိမိကိုယ်ကို ကာကွယ်ဖို့ရည်ရွယ်တယ်။ တစ်ချို့ ဘင်္ဂါလီမွတ်စ်လင်မ်တွေဟာ အကြမ်းဖက်သမားတွေဖြစ်ပြီး ဒို့နိုင်ငံကို အစ္စလာမ်တိုင်းပြည်ဖြစ်အောင် ပုံသွင်းဖို့ လုပ်နေတယ်လို့ စိုးရိမ်ရတယ် ” လို့ ပူပန်စကားဆိုတယ်။
မြစေတီကျောင်းတိုက်ဆရာတော်က ၉၆၉ လှုပ်ရှားမှုဟာ မွတ်စ်လင်မ်တွေကိုဆန့်ကျင်ဖို့ရည်ရွယ်ထားတာ မဟုတ်ဘူးလို့ ငြင်းဆန်နေပေမယ့်လည်း “ အခုဆိုယင် အာရှဒေသအနည်းအကျဉ်းမှာသာ ဗုဒ္ဓဘာသာဝင်တွေ ကျန်ရှိနေတော့တယ်။ တစ်ချိန်တုန်းက တူရကီနဲ့အီရတ်အပါအ၀င် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန် စတဲ့ နိုင်ငံအများအပြားဟာ ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်ခဲ့တယ်။ အခုတော့ ပျက်စီးပျောက်ကွယ်ကုန်ပြီ ” ဆိုပြီး အာရှတိုက်မှာ အစ္စလာမ် လွှမ်းမိုးလာမှာကို ပူပန်နေပြန်ပါတယ်။
၉၆၉ ပေါ်ပေါက်ပြီး မရှေးမနှောင်းမှာဘဲ မွန်ပြည်နယ် ၉၆၉ လှုပ်ရှားမှုအဖွဲ့အတွင်းရေးမှူးအဖြစ် သူ့ကို တင်မြှောက်ခဲ့ကြတယ်။ အခုဆိုယင် တစ်နိုင်ငံလုံး ပျံ့နှံ့နေပါပြီ။ ဒီအဖွဲ့က နိုင်ငံ့တရားဝင်အဖွဲ့အစည်း မဟုတ်ပေမယ့် နေရာဒေသအသီးသီးမှာ အာဏာရှင်ဆန်ဆန် ပြုမူဆောင်ရွက်လျက်ရှိပါတယ်။ “အခြားသော ဒေသတွေ၊ မြို့တွေက မိမိတို့ကိုယ်ပိုင်အစီအစဉ်၊ ကိုယ်ပိုင်ရည်ရွယ်ချက် ကိုယ်စီနဲ့ ဖြန့်ချိနေကြတာပါ ”။
ဒါ့အပြင် မွတ်စ်လင်မ်တွေနဲ့ စီးပွားရေး၊ အိမ်ထောင်ရေး အဆက်အသွယ်ဖြတ်ဖို့ ဗုဒ္ဓဘာသာဝင်တွေအကြား မုန်းတီးရေးစကားသွတ်သွင်းနေသူအဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ ၀ီရသူဟာလည်း မူလ ၉၆၉ လှုပ်ရှားမှုကနေ ခွဲထွက်ဆောင်ရွက်နေတာမျိုး ဖြစ်တယ်။ ဒီလှုံ့ဆော်ချက်ဟာ ဗုဒ္ဓလမ်းစဉ်မဟုတ်ပေမယ့် ၀ီရသူက ဗုဒ္ဓဘာသာဝင်တွေကို မွတ်စ်လင်မ်များကဲ့သို့ စည်းလုံးညီညွတ်စေလိုတာဖြစ်တယ်။ ဒါပေမယ့် ဒီကိစ္စတွေက ဗုဒ္ဓ၀ါဒကို အထောက်အကူဖြစ်စေတယ်ဆိုယင်တော့ လက်ခံရမှာဘဲ လို့ဆိုပြီး ရှင်းလင်းပြောဆိုလိုက်ပြန်ပါတယ်။
ဧပြီလအတွင်း DVB နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေကို နောက်ခံပြု ခြံရံထားပြီး ဦးဝီရသူက စီးပွားရေးခေါင်းပုံဖြတ်ခြင်း၊ ထိမ်းမြားလက်ထပ်ခြင်းအားဖြင့် မြန်မာနိုင်ငံကိုလွှမ်းမိုးဖို့ မွတ်စ်လင်မ်တွေရဲ့ မကောင်းကြံစည်ချက်ကို မိမိမှ ဖော်ထုတ်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ရိုဟင်ဂျာမွတ်စ်လင်မ်အများအပြားရှိနေတဲ့ ဒေသကို ရည်ညွှန်းပြီး “ ဒီကိစ္စကိုတားဆီးဖို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တစ်စုံတစ်ရာ မလုပ်ကြဘူးဆိုယင် သက္ကရာဇ် ၂၁၀၀ ကျယင် ရခိုင်ပြည်နယ်က မေယုဒေသလိုမျိုး တစ်နိုင်ငံလုံး ဖြစ်သွားပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်တွေအဖို့ မွတ်စ်လင်မ်တွေနဲ့ စကားပြောဆိုနိုင်တယ်၊ ဒါပေမယ့် လက်ထပ်ထိမ်းမြားတာ မလုပ်ရဘူး။ သူတို့နဲ့ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်တယ်၊ ဒါပေမယ့် ကုန်သွယ်စီးပွားမလုပ်ရဘူး ” လို့ ပြောကြားခဲ့တယ်။
ဦးဝီရသူရဲ့ တို့မီးရှို့မီးတရားပွဲများ ဆက်တိုက်ပြုလုပ်ပြီးတဲ့နောက် မိတ္ထီလာမှာ မတ်လအတွင်း အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ပေမယ့်လည်း သူဟာ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ၉၆၉ လှုပ်ရှားမှုဘူမိနက်သန်နယ်မြေ မွန်ပြည်နယ်မှာ ဖြစ်ပွားတဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး မိမိတို့မှာတာဝန်မရှိဘူးလို့ ၉၆၉ အတွင်းရေးမှူးကလည်း ငြင်းဆိုထားပါတယ်။
မြန်မာနိုင်ငံရှိမွတ်စ်လင်မ်တွေက ၇၈၆ ကိန်းဂဏန်းကို အသုံးပြုတာဟာ (၇+၈+၆=၂၁) အဓိပ္ပာယ်မျိုးနဲ့ ၂၁ ရာစုမှာ မြန်မာပြည်ကို အစ္စလာမ်နိုင်ငံဖြစ်အောင်လုပ်ဖို့ကြံစည်ထားတာဖြစ်တဲ့အတွက် တန်ပြန်ချေပချက်အဖြစ် ၉၆၉ ကို သုံးတာလို့ အများက ဆိုကြတယ်။ ဒါပေမယ့် ရန်ကုန်မြို့ဗလီကြီးတစ်ခုရဲ့ ရှေ့ဆောင်ဆရာက မွတ်စ်လင်မ်တွေအနေနဲ့ ၇၈၆ ကို အသုံးပြုတာဟာ ဘုရားသခင်ထံက ကူညီဆောင်မမှုနဲ့ကောင်းချီးမင်္ဂလာကို တောင်းခံခြင်း သဘောသာ ဖြစ်တယ်လို့ ပြောကြားပါတယ်။ သူက “ မြန်မာ့ရာဇ၀င်မှာ ဗုဒ္ဓဘာသာဝင်တွေအပေါ် အစ္စလာမ့်အကြမ်းဖက်မှုဆိုတာ မရှိပါဘူး။ ဗလီဆရာတွေကလည်း မွတ်စ်လင်မ်လူငယ်တွေကို ငြိမ်းချမ်းရေးတရားကိုလက်ကိုင်ထားကြဖို့၊ ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သမားတွေရဲ့ လှုံ့ဆော်ရန်စမှုများအပေါ် မတုန့်ပြန်ကြဖို့ ဟောပြောမှာကြားလျက်ရှိပါတယ်” လို့ ထပ်မံပြောကြားသလို ၉၆၉ လှုပ်ရှားမှုကန့်လန့်ကာနောက်ကွယ်မှာ ၀ီရသူနဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်သမားတွေရှိနေတဲ့အပြင် အစိုးရကလည်း ကျောထောက်နောက်ခံပြုပေးနေကြောင်း သံသယဖြစ်ရတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်များစွာကလည်း ဒီအတိုင်း သံသယ၀င်နေကြပြီး စစ်တပ်ကို အာဏာပြန်သိမ်းရေးအတွက် လမ်းကြောင်းဖော်ပေးချက်အဖြစ် အမြင်ရှိနေကြောင်း ပြောဆိုနေကြပါတယ်။
ဒီလိုပြောဆိုဝေဖန်သူထဲမှာ ကာလရှည်နိုင်ငံရေးလုပ်လာတဲ့ အသက် ၅၆ နှစ်အရွယ် အရှင် ပုဏ၀ံသ လည်း အပါအ၀င် ဖြစ်ပါတယ်။ သူဟာ ဘာသာပေါင်းစုံချစ်ကြည်ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ Peace Cultivation Network မှာပါဝင်သလို၊ ရိုဟင်ဂျာတွေက တရားဝင်နိုင်ငံသားဖြစ်ကြောင်း ရပ်တည်ကာကွယ်ပေးနေတဲ့ လူအနည်းငယ်ထဲကတစ်ဦးလည်း ဖြစ်ပါတယ်။ “ ၀ီရသူနဲ့၉၆၉လှုပ်ရှားမှုကို ခရိုနီတွေက ငွေကြေးထောက်ပံ့ထားပါတယ်။ တစ်ချို့ မွတ်စ်လင်မ်လုပ်ငန်းရှင်များဟာ စက်ရုံနဲ့လုပ်ငန်းကြီးတွေကို ပိုင်ဆိုင်ထားကြတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာပေါ့။ ခရိုနီတွေက အဲ့ဒါတွေကို အပိုင်စီးချင်နေတာလေ ” လို့ ပြောလိုက်ပါတယ်။
၁၉၅၈ ခုနှစ်က ဦးနုခေါင်းဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့ဟာ လူမျိုးရေးပဋိပက္ခများကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကို အာဏာလွှဲပြောင်းပေးခဲ့တယ်။ လက်ရှိဖြစ်စဉ်က ဒီသဘောတရားနဲ့ထပ်တူထပ်မျှဖြစ်နေတယ်လို့လည်း သူက ဆိုလိုက်ပါတယ်။
ဒီသုံးသပ်ချက်များ ဘယ်လောက်မှန်မမှန်တော့ မသိနိုင်ဘူး။ သေချာတာကတော့ မြန်မာနိုင်ငံအနှံ့အပြားမှာ မွတ်စ်လင်မ်ဆန့်ကျင်ရေးတွေ မြန်မြန်ဆန်ဆန်ကြီးထွားလာနေပြီး အစိုးရက ဟုတ်တိပတ်တိ ၀င်ရောက်စွက်ဖက် (ဟန့်တား)မှု မပြုတာကတော့ အထင်အရှားပါဘဲ။ ရန်ကုန်မြို့မြောက်ဖက် မိုင် ၆၀ သာဝေးတဲ့ ဥက္ကံမှာ မကြာသေးမီကပဲ ဖြစ်ပျက်သွားတာဟာဖြင့် နိုင်ငံတစ်ခုလုံးကို ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ ဖုံးလွှမ်းလိုက်တော့မလားဆိုပြီး ထပ်မံ စိုးရိမ်စရာဖြစ်လာရပါပြီ။
( သာကီ ထက်ကောင်း )
** CARLOS SARDINA ၏ Who are the monks behind Burma’s ’969′ campaign ? ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုရေးသားသည် **
မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
Comments