မေလ ၁၄၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်
ဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစွန်းချောင်း ဆရာတော်) ရေးသားသော ssential Volume (1) No (41) ဂျာနယ်ပါ ဆောင်းပါး ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
“မြတ်စွာဘုရားရှင်တို့က ထိုသို့ ဟောတော်မူကြသော်လည်း အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ထိုဟောကြားချက်ကို ဂရုမစိုက်။ မကောင်းတာတွေ အကုန်လုပ်ကြ၏။ ကောင်းတာတွေ ဘာတစ်ခုမှမလုပ်။ စိတ်ဓာတ်ကလည်း ညစ်ပတ်စုတ်ပဲ့ အောက်တန်းကျနေလိုက်သေး၏။ မြတ်စွာဘုရား၏ စကားကို နားမထောင်ဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်ခြင်းသည် မြတ်စွာ ဘုရားကို တော်လှန် ပုန်ကန်မူပင်ဖြစ်သည်။ ထိုအမှုသည်မြတ်စွာ ဘုရား၌ တာဝန်မရှိ။ တော်လှန် ပုန်ကန်သူတို့၌သာ တာဝန်ရှိ၏။
၁။ ခြေလှမ်း ၇-လှမ်းအတူတူသွားဖူးလျှင် (မိတ္တ) မိတ်ဆွေ။
၂။ ၁၂ -ရက်အတူသွား အတူနေဖူးလျှင် (သဟာယ) သူငယ်ချင်း။
၃။ ၁-လ၊ ၁-လခွဲ အတူနေဖူးလျှင် (ဥာတိ) ဆွေမျိုး
၎။ ထို့ထက်ကြာမူ (အတ္တသမ) ကိုယ်နှင့် ထပ်တူနှစ်ကိုယ့် တစ်စိတ်ပုဂ္ဂိုလ်
( ဇာတက ပါဠိ၊ ဧကက နိပါတ်၊ ကာဠကဏ္ဍိဇာတ်)
ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး၊ ကိုယ်နှင့် ထပ်တူဆိုတာတွေကို စိတ်မ၀င်စား။ ကောလာဟလတွေကိုသာ စိတ်ဝင်စားပြီး တစ်ဖက်နှင့် တစ်ဖက်ဆော်ကြ၏။
စဉ်းစားမလားသေမလားဟုမေးလျှင် မစဉ်းစားဘူးသေမယ်ဆိုသော လူစားတွေကများသည် ဟုထည့်သွင်းရေးသားထားသည်။
အစ္စလာမ်တို့အတွက် အမြတ်ထားလိုက်နာကျင့်သုံးကြရသော ကျမ်းတော်မြတ်ကုရ်အာန်၌ အောက်ပါအတိုင်းမိန့်ဆိုထားချက်များရှိ၏။
ကျမ်းတော်မြတ်ကုရ်အာန်သည် အစ-မှ-အဆုံးတိုင် ကရုဏာ ချည်းသာတည်း။ (ကျမ်းအဖွင့်)
အကြင်သူသည် လူအများအပေါ်ဝယ် သနားကြင်နာမှုကင်းမဲ့၏။ ထိုသူအား အလ္လာဟ်ရှင်မြတ်လည်း သနားကြင်နာတော်မူမည်မဟုတ်။
(ပထမတွဲ- စာမျက်နှာ ၂၂)
အကြင်သူတစ်ယောက်သည် အလ္ဘာဟ်ရှင်မြတ်အား ယုံကြည်၏။ ဆွလာတ်ပြု၏။ သို့ရာတွင် သတ္တ၀ါများအားမကူညီမရိုင်းပင်း မပေးလှူ မကျွေးမွေးပါလျှင် ထိုသူသည် သူတော်စင် အစစ်အမှန် ဖြစ်နိုင်မည်မဟုတ်ချေ။ ကုရ်အာန်ကျမ်းတော်မြတ်၏ မြောက်များစွာသော
ပါဒများတွင် အလှူဒါန၏ အကျိုးကို ဖော်ပြထားသည်။
(ပထမတွဲ- စာမျက်နှာ- ၉)
ထိုကုရ်အာန်ကျမ်းမြတ်၏ သွန်သင်ဆုံးမချက်များသည် မကောင်းပါသလော။ ကောင်းသည်သာ ဖြစ်၏။ အစ္စလာမ်အစစ်သည် ကုရ်အာန်ကျမ်းမြတ်နှင့် အညီ နေထိုင်ကျင့်သုံးရန် တာဝန်ရှိ၏။ ကုရ်အာန်ကျမ်းမြတ်က အစအဆုံး ကရုဏာကင်းသော အလုပ်များကို လုပ်သည်ဟု ဆိုလျှင်
သဘာဝမကျ။ ထိုသူများသည်လည်း အလ္လာရှင်မြတ်ကို တော်လှန်ပုန်ကန်သူများ ဖြစ်၏။ ထိုသူများကို အလ္လာရှင်မြတ်က သနားမည် မဟုတ် ဟုထည့်သွင်းရေးသားထားသည်။
အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကို အထူးလိုလားသော ဘာသာဖြစ်သည်။ သို့သော်လည်း အချို့သော အစွန်းရောက်ပြီးသဘောထား တင်းမာသူများက မိမိတို့ဘာသာတရား သိက္ခာကျစေမည့် အလုပ်နေကြလေ၏။ ထပ်ပြောမည်။ ထိုသူများသည် အလ္လာဟ်ရှင်မြတ်နှင့်
ကျမ်းတော်မြတ် ကုရ်အာန်ကို တော်လှန်ပုန်ကန်သော အစ္စလာမ် အယောင်ဆောင် လူယုတ်မာများ ဖြစ်ကြ၏။
ဤသို့ဖြင့် မြတ်ဗုဒ္ဓကို တော်လှန်ပုန်ကန်သူများနှင့် အလ္လာရှင်မြတ်ကိုတော်လှန်ပုန်ကန်သူများ ပဋိပက္ခဖြစ်ကြသည်။ လူချင်းဖြစ်သော ပဋိပက္ခ၌ ဘယ်ဘုရားကမှ ၀င်၍မြှောက်ပေးတော်မူခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘာသာရေး ပဋိပက္ခဟု မခေါ်သင့် မခေါ်ထိုက်။ နိုင်ငံတော်
သမ္မတဦးသိန်းစိန် ကိုယ်တိုင်ကလည်း ဒါဟာသာမန် ပုဂ္ဂလိက အငြင်းပွားမူ သာမန်မှုခင်း တစ်ခုဟု ဆိုထားပေ၏။ ဘယ့်နှယ့်ကြောင့် အမှုကြီးအောင် ဘာသာတရားကို ဆွဲထည့်ပြီး ဘာသာရေးပဋိပက္ခဆိုချင်ကြပါသနည်း။ ဘာသာတရားတွေကို သိက္ခာမချကြပါနှင့် ဟုပြောချင်သည်။
ဆက်လက်၍ ပဋိပက္ခများ ဖြစ်ပွားပါလျှင် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးမဲ့ရန် အကြောင်းသာ ရှိ၏။ ခွေးဟောင်တိုင်းထ ကြည့်သူကဲ့သို့ ကောလဟလတွေကို ယုံပြီး လူလူချင်းဆော်ကြပါလျှင် လောက၌ လူဟူ၍ ကြည့်စရာ ကျန်တော့မည် မဟုတ်ချေ။ ကျွန်ုပ်တို့
သောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီ။ ဤဆောင်းပါးကို မြတ်ဗုဒ္ဓ၏ စကားတစ်ခွန်းနှင့် အဆုံးသတ်လိုက်သည်။
ကလဟော ၀ိနာသမူလမေ၀ ဟောတိ။
ခိုက်ရန် ဒေါသဖြစ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏ ၀ိဝါဒကေသော တ္တိဘာဝေါနာမ နတ္တိ။
အချင်းချင်း အညီညွှတ်သော နေရာ၌ စိတ်ချမ်းသာစရရာမရှိ။
( ဆင်းရဲ ကင်းကွာ ချမ်းသာကြပါစေ) ဟု ထည့်သွင်းရေးသားသည်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
Comments