မေလ-၁၉၊ ၂၀၁၃
M-Media
နေမင်း
ပုသိမ် ။ ။ ပုသိမ်မြို့ ရေကြည်ဦးရပ်ကွက်တွင် မူးယစ်သောက်စားရမ်းကားသူတစ်ဦးမှ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးအား မေလ ၁၇-ရက်ညပိုင်းက ရိုက်နှက်ခဲ့တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းရိုက်နှက်မှုမှာ ဘာသာရေး လူမျိုးရေးများ ထည့်သွင်းရေးသားပြီး ပဋိပက္ခဖြစ်စေရန် ကြံစည်လုပ်ဆောင်နေမှုများရှိနေကြောင်း သိရသည်။
ထိုရိုက်နှက်မှုအား အင်တာနက်စာမျက်နှာများတွင် ဖော်ပြသည်မှာ – ပုသိမ်မြို့၊ ရေကြည်ဦးရပ်ကွက် ၁၃-လမ်း၌ အစ္စလာမ် ဘာသာဝင်(၃) ဦးမှ မြန်မာမိသားစု တစ်ခုအား ရိုက်နှက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ အရိုက်ခံရသူမှာ မမာမာဦးဆိုသူအမျိုးသမီးဖြစ်ကြောင်း၊ မိခင်ဖြစ်သူနှင့်မောင်အရင်းတော်စပ်သူတို့ပါ အရိုက်ခံရကြောင်း ရိုက်နှက်သူတို့မှာ အကြိမ်ပေါင်းများစွာရိုက်နှက်မှုများကို ကျူးလွန်နေဆဲဖြစ်သော်လည်း အရေးယူခြင်းမရှိခဲ့ကြောင်း၊ ထို့သို့ ရိုက်နှက်မှုများ ဖြစ်ပွားပြီးသောအခါ မြို့ပေါ်ရှိ အစ္စလာမ်ကူညီရေးအဖွဲ့မှ အကြီးအကဲ မိုးပုလဲ ဒံပေါက်ဆိုင်ပိုင်ရှင်နှင့် အစ္စလာမ်လူမျိုးများမှ ၀ိုင်းကာကွယ်ပေးထားကြောင်း ရေးသားလာကြသည်။
ထို့ကြောင့် ၎င်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းရာ ယင်းသို့ အင်တာနက်ပေါ်တွင် သတင်းပျံ့နှံ့လာခြင်းကြောင့် မလိုလားအပ်သော အဓိကရုဏ်းများ မဖြစ်ပေါ်လာစေရန်နှင့် သတင်းအမှန်ကို ပြည်သူအများသိရှိနိုင်စေရန် လိုအပ်ပါကထိရောက်သော အရေးယူမှုကို တာဝန်ရှိသူများ ဆောင်ရွက်နိုင်ရန်အတွက် အစ္စလာမ့် လူမှုကူညီရေးကွန်ယက်မှ အဖွဲ့ဝင်များဖြစ်ကြသော မင်္ဂလာချစ်အေး၊ ဦးသူရိန်ထွန်း၊ ဦးမာမတ်တို့သုံးဦးမှအခင်းဖြစ်ပွားခဲ့သော ရေကြည်ဦး ၁၃-လမ်းနှင့် အနီးပတ်ဝန်းကျင်များသို့ ကွင်းဆင်းလေ့လာခဲ့ကြပါသည်။
ထိုသို့လေ့လာခဲ့ကြရာတွင် အင်တာနက်ပေါ်တွင် ရေးသားထားသောစာအချို့မှာ မှားယွင်းမှုတချို့ ရှိခဲ့ကြောင်းကို လေ့လာတွေ့ရှိခဲ့ရပါသည်။ အဖြစ်မှန်များကိုရပ်ကွက် တာဝန်ရှိသူများနှင့်အရပ်သား အချို့အားမေးမြန်းခဲ့သည်များကို ဟုတ်မှန်သည့်အတိုင်းရေးသား တင်ပြလိုက်ရပါသည်။
အမှုကျူးလွန်ခဲ့သော ကျော်ကြီးဆိုသူနှင့် အရိုက်ခံရသူ မမာမာဦး၏မောင်ဖြစ်သူတို့မှာ အခင်းဖြစ်နေ့ညနေတွင် အရက်ဆိုင်တွင် အရက်အတူတူသောက်ခဲ့ကြရာမှပြန်လာခဲ့ပြီး မမာမာဦးတို့ အိမ်ရှေ့အရောက်တွင်ကျော်ကြီးမှ ရုတ်တရက်ဆိုသလို အတူတူပါလာသူ မမာမာဦး၏မောင်အား ၄င်းအိမ်ရှေ့တွင်ရှိသော ၀ါးပိုင်းဖြင့်ရိုက်နှက်ပါသည်။ထိုအခါ အရိုက်ခံရသူမှ အိမ်ပေါ်သို့ တက်ပြေးရာကျော်ကြီးမှနောက်မှ လိုက်၍ ရိုက်ရာတွင် မမာမာဦးမှ ကလေးများရှိ၍ကြောက်လန့်သွားမည် စိုး၍အိမ်ပေါ်သို့မတက်ရန် ပြောဆိုရာကျော်ကြီးမှ မမာမာဦးအားလက်ထဲတွင်ပါလာသော ၀ါးပိုင်းဖြင့်ရိုက်နှက်ပါသည်။
ထိုသို့ရိုက်နှက်နေသည်ကိုပတ်ဝန်းကျင်မှ လူအများတွေ့ရှိသော်လည်း ၀င်ရောက်ဆွဲခြင်း၊ ဖြန်ဖြေခြင်းအလျဉ်းမရှိခဲ့ပါ။မခံရပ်နိုင်သူများမှ ရဲစခန်းသို့အကြောင်းကြားရာ ၁၃-လမ်းထိပ် ရဲကင်းတွင် တာဝန်ကျနေသောရဲအရာရှိများမှ လာရောက်ဖမ်းဆီးရာ ကျော်ကြီးမှခုခံသောကြောင့် အရပ်ထဲမှလူအများနှင့် ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ရပါသည်။ ထိုသို့ဖမ်းဆီးရာတွင် ကျော်ကြီးမှရဲများ ထိန်းသိမ်းထားသည့်ကြားမှ ဗမာများက အုပ်စုဖွဲ့၍ ရိုက်နှက်ကြသည်ဟု အော်ဟစ်ပြောဆိုသွားကြောင်း၊ ၎င်း၏မိခင်ဖြစ်သူမှာလည်း သူ၏သားအား ဗမာများက မတရား အနိုင်ကျင့်ကြသည်ဟု ပြောဆိုသွားခဲ့ကြောင်း သိရှိရပါသည်။
ထို့သို့ဖမ်းဆီးသွားပြီး နောက် တနေ့နေ့ခင်းပိုင်းတွင်ကျော်ကြီးမှာအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ရပ်ကွက်ထဲတွင် အာမခံရရှိခဲ့ကြောင်း မိမိအားအာမခံပေးသူသည် မိုးပုလဲဒန်ပေါက်ဆိုင်ရှင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ကျော်ကြီး၏ ဦးလေးတော် စပ်သူဆိုသူမှလည်းနေ့ခင်းပိုင်းတွင်အခင်းဖြစ်နေ့၌ ဒဏ်ရာရရှိခဲ့သူ မမာမာဦးအားဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သော NLDအဖွဲ့ဝင်များအားကြိမ်းမောင်းပြောဆို ဆဲဆိုရေရွတ်နေသောကြောင့် ရပ်ကွက်ထဲရှိ ပါတီဝင်အချို့နှင့် စကားများခဲ့ကြောင်းသိရှိရပါသည်။ ညအချိန်တွင်ကျော်ကြီး၊ ကျော်ကြီး၏ဦးလေးနှင့် အခြားတစ်ဦးတို့သည် ကင်းစောင့်သည်ဟုဆိုကာ တုတ်များကိုင်ဆောင်၍ရပ်ကွက်အတွင်းသို့ လှည့်လည်၍ “ငါတို့ကို မိုးပုလဲနဲ့ မွတ်စလင်အဖွဲ့အစည်းတွေ ကနောက်ကနေ ကူညီပေးကြတယ်။ ဘယ်ကောင်မှ စောက်ဂရုမစိုက်ဘူး။ မကျေနပ်တဲ့ကောင်ထွက်ခဲ့“ဟု စိန်ခေါ်ကာ ရပ်ကွက်အတွင်း လှည့်လည်ရမ်းကားခဲ့ကြောင်း သိရှိရပါသည်။
ရမ်းကားနေသူအားဘာကြောင့် မည်သည့်အတွက် မဖမ်းသလဲဟု ကွင်းဆင်းလေ့လာသူများက ရဲအား မေးမြန်းခဲ့ရာ ၄င်းအား အာမခံပေးခဲ့သူရှိနေသဖြင့် လွတ်လာခဲ့ကြောင်း အာမခံပေးသူမှလည်း ၄င်းအကြောင်း မသိ၍သာ အာမခံပေးခြင်းဖြစ်နိုင်ကြောင်း၊ ၄င်းတို့သည် အစ္စလာမ်ဘာသာဝင် အစစ်အမှန်များ မဟုတ်ကြဘဲ အယောင်ဆောင်များသာဖြစ်ကြကြောင်း ၄င်းနှင့် ၄င်း၏ မိဘမောင်နှမများသည် ရပ်ကွက်အတွင်းတွင် အမှုများစွာကို ကျူးလွန်ကြသော်လည်း ရပ်ကွက် အတွင်းမှာ နေထိုင်ကြသူများသည် ၄င်းတို့၏ မိုက်ရိုင်းရမ်းကားမှုကို မခံနိုင်ကြသဖြင့် လျစ်လျူရှုထားကြခြင်းကို အခွင့်ကောင်းယူ၍ မိုက်ရိုင်းနေကြခြင်းဖြစ်ကြောင်း၊ အခုဖြစ်စဉ်တွင်လည်း မိုးပုလဲဆိုင် ပိုင်ရှင်မှ အာမခံပေးခဲ့သည်ဆိုသည်ကို မယုံကြည်ကြောင်းပြောဆိုခဲ့ကြပါသည်။ ထို့ကြောင့် မိုးပုလဲဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအွတ်စမန်းအားမေးမြန်း စုံစမ်းရာတွင် မိမိမှာ ဘာမှမသိကြောင်း၊ မိမိနာမည်ကိုအသုံးချ၍ စော်ကားခြင်းသာဖြစ်ကြောင်း မိမိအခု ရန်ကုန်ရောက်နေ၍ အမြန်ဆုံးပြန်လာကာ ၄င်းမိသားစုအား တရားစွဲဆိုမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
ထို့ကြောင့်အစ္စလာမ် ဘာသာဝင်မဟုတ်ဘဲ အစ္စလာမ်အမည်ခံကာ သူတစ်ပါး ထိခိုက်နစ်နာစေရန် မိုက်ရိုင်းဆိုးသွမ်းသူများအား ရပ်ကွက်အတွင်း နေထိုင်သူပြည်သူများမှ ပြင်းထန်စွာ အရေးယူပေးပါရန်နှင့် ၄င်းတို့အားရပ်ကွက်အတွင်းမှ နှင်ထုတ်ပေးပါရန်တောင်းပန်ခဲ့ကြပါသည်။ မိမိတို့ရပ်ကွက်အတွင်းတွင် အစ္စလာမ်ဘာသာဝင်များရှိသော်လည်း ၄င်းတို့အပေါ်မည်သို့မျှ သဘောမထားကြောင်း မကောင်းသောသူကိုသာလျှင် အမြန်ဆုံးရှင်းလင်းဖယ်ရှားပေးပါရန် ပြောကြားခဲ့ပါသည်။
ထို့ကြောင့် အင်တာနက်တွင်ပျံ့နှံ့နေသော သတင်းထဲတွင်ပါဝင်သည့် အစ္စလာမ်ဘာသာဝင်ဆိုသည့် စကားလုံးနှင့် မိုးပုလဲဒန်ပေါက်ဆိုင်ပိုင်ရှင်နှင့် အစ္စလာမ်လူထုဆိုသည့်စကားလုံးသည် လူမျိုးရေးအဓိကရုဏ်းကိုဖြစ်ပွားစေနိုင်သောကြောင့် ပယ်ဖျက်ပေးစေချင်ကြောင်း၊တကယ်မှာမူ ၄င်းတို့မှာအစ္စလာမ်ဘာသာကိုးကွယ်ကြသူများမဟုတ်ကြပဲ ကျုံသလို သာသည့်ဘက်သို့ကူးကာ အနေအစားချောင်ရန် နေထိုင်ကြသူများဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။
Comments