မေလ ၂၇၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ ကြီးမှူး၍ ပုံမှန်ကျင်းပမြဲဖြစ်သော (၁၂)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကြီးကို မေလ ၂၆ရက်နေ့က ရန်ကုန်မြို့ ၊ အမျိုးသားသွေးဌာနတွင် နံနံက် (၈း၃၀) နာရီက စတင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့ မ.မ.လ မြို့နယ် အဆင့်ဆင့် အဖွဲ့ခွဲများ၊ ဧရာဝတီတိုင်း ကျောင်းကုန်း၊ Myanmar Chelsea Fans Club အဖွဲ့ နှင့် အခြား အဖွဲ့အသီးသီး တို့အတူ ပူးပေါင်း သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ်မှ အဖွဲ့ခေါင်းဆောင် ကိုလှိုင်မျိုးဆွေမှ “ ကျွန်တော်တို့ ကျောင်းကုန်းက အဖွဲ့ဝင် လူနှစ်ထောင်လောက်ရှိပါတယ်၊ အခု မမလ ဌာနချုပ်နဲ့ အတူ ပူပေါင်း သွေးလှူဖို့ လာတာက အယောက် ၅၀ကျော်ပါ၊ ၄လတစ်ကြိမ် လှူကြတာပါ၊ ကျွန်တော်တို့ သွေးနဲ့ ဆင်းရဲ ချမ်းသာ မရွေးလူတစ်ယောက် အသက်ရှင်တယ် ဆိုတာနဲ့ပဲ ကျွန်တော်တို့ ပီတီ ဖြစ်ရပါတယ်” ဟု M-Media သို့ပြောသည်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှ သွေးအကြိမ်( ၁၀၀)ကျော် အလှူရှင်တစ်ဦး ဖြစ်သူ ဦးမြရီမှ “ ကျွန်တော် မ.မ.လ အဖွဲ့နဲ့ အတူ လှူတာ နှစ်ကြိမ်မြောက်ပါပြီ၊ ဦးလေး သွေးလှူဒါန်းတာကတော့ အကြိမ် တစ်ရာကျော်ပါပြီ၊ ဦးလေး သွေးလှူဒါန်းဖြစ်တဲ့ အကြောင်းကတော့ ဆင်းရဲ ချမ်းသာမရွေး လှူဒါန်းလို့ရတယ်၊ ပြီး ဦးလေး ကိုယ်တိုင်က ဆင်းရဲတဲ့ လူတစ်ယောက်ဖြစ်တယ်၊ ဆင်းရဲတဲ့ လူဖြစ်နေတော့ ငွေကြေးကို ဦးလေး မလှူနိုင်ဘူး၊ မလှူနိုင်တဲ့ အခါကြတော့ ဦးလေး ကိုယ်ထဲက သွေးနဲ့ပဲ ပြည်သူတွေရဲ့ အသက်ကို ကယ်ပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီး လှူခဲ့တာပါ၊ ဦးလေး (၁၇)နှစ်သား ကျောင်းသား လောက အရွယ်ကတည်းက စပြီး လှူခဲ့တာပါ၊ ဦးလေးက ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဌာနက ၀န်ထမ်းပါ၊ ဦးလေးကတော့ ကိုယ်ကိုကိုယ် နမူနာ ပြ အနေနဲ့ စံပြ ပြီးတော့ သူများတကာကို ဒီအလှူဒါနလေး ဖြစ်အောင် ပြည်သူတွေ အသက်ကို ကယ်လို့ရတယ်လို့ ပြောပြီးတော့ ဆွဲဆောင်ခဲ့ပါတယ်၊ သွေးလှူရှင်တွေကို သိမ်းသွင်းခဲ့ပါတယ် ” ဟု M-Media သို့ပြောသည်။
မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး တာဝန်ခံ ဆော်သြရေးမှူး ဦးမောင်မောင်မှ “ အခုဆိုရင် မ.မ.လ ဌာနချုပ်က ကြီးမှူးပြီးတော့ ၁၂ ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ဖြစ်ပါတယ်၊ လူဦးရေ အနေနဲ့ အယောက်နှစ်ထောင် ငါးရာ ကျော်သွားပါပြီ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ရှေ့ရှူပြီး လူမျိုး၊ ဘာသာမရွေး လိုအပ်နေတဲ့ သွေးတွေကို ပံပိုး ကူညီတဲ့ ရည်ရွယ်ချက်လေး ဖြစ်ပါတယ်၊ ရန်ကုန်တိုင်းမှာ ရှိတဲ့ ကျွန်တော်တို့ မ.မ.လ မြို့နယ် (၂၀) ရယ်၊ အပြင်က အဖွဲ့အစည်းတွေလည်း ပါပါတယ်၊ ကျွန်တော်တို့ အအနေနဲ့ ဒီလို သွေးလှူဒါန်းပွဲ အခမ်းအနား ဖြစ်လာအောင် တစ်လကြိုတင်ပြီးတော့ မြို့နယ်တွေကို အကြောင်းကြားတယ်၊ ဆော်သြတယ်၊ ဆေးတွေပေးတယ်၊ သွေးအလှူရှင်တွေ စုခိုင်းတယ် ပြီတော့ သွေးလှူဘဏ်က ဒေါက်တာ သီတာအောင်၊ ဒေါက်တာ ခင်ထွေးတို့ နဲ့ ဆက်သွယ် လှူဒါန်းတာ ဖြစ်ပါတယ်၊ မ.မ.လ ဌာနချုပ်ရဲ့ လုပ်ငန်းစဉ် တစ်ခုအနေနဲ့ လုပ်တဲ့ အထဲမှာ သွေးလှူဒါန်းတာ ပါပါတယ်၊ (၄)လတစ်ကြိမ်ကို ပုံမှန် စဉ်ဆက်မပြတ် လှူဒါန်းနေတာ ဖြစ်ပါတယ်၊ သွေးလှူဒါန်းရှင်တွေကို ဂုဏ်ပြုလွှာ၊ တီရှပ်အင်္ကျီ၊ အာဟာရ ၊ ဒံပေါက် တစ်ယောက် တစ်ထုပ် ပြန်ပြီး ပေးပါတယ်” ဟု M-Media သို့ပြောသည်။
မ.မ.လ ဌာနချုပ်၏ တွဲဖက် စာရင်းစစ် ဖြစ်သူ ဦးဇော်ဝင်းမှ “ လူ့အသက်တစ်ချောင်းကို ကယ်နိုင်ဖို့ဆိုတာ အဓိကပဲ၊ ဘာသာအယူဝါဒတွေ မတူတာတွေ ရှိမယ်၊ အရောင်အဆင်း မတူတာတွေ ရှိမယ် ဒါပေမယ့် လူသားဆိုပြီး ဖြစ်လာပြီဆိုကတည်းက သွေးဆိုတာ အရောင် တစ်မျိုးတည်းပဲ ရှိတယ်၊ သွေးထဲမှာ အမျိုးအစားပေါင်း များစွာ ကွဲနေပါစေ ဒါပေမယ့် ဒီသွေးသည် လူ့ရဲ့ အသက်တစ်ချောင်းကို ကယ်နိုင်ပါတယ်၊ လူဆိုတာက လူကိုပဲ ကယ်နိုင်တယ်၊ သွေးဆိုတာကလည်း မရှိမဖြစ် လိုအပ်တဲ့ အရာ ဘယ်လူသားကမှ ဖန်ဆင်းလို့ မရပါဘူး၊ လူဆီကပဲ ရတာပါ၊ လူက လူကို ကူညီတယ်ဆိုတာ လူသားဆန်တဲ့ သဘောပါ၊ ကျွန်တော် ကိုယ်တိုင်ကလည်း အစ္စလာမ် ဘာသာဝင် တစ်ယောက်ပါ၊ အစ္စလာမ်ဘာသာက ပိုပြီးတော့တောင် ပြထားပါတယ်၊ လူတစ်ယောက်ရဲ့ အသက်ကို ကယ်ရမယ်၊ ကူညီရမယ်၊ အိမ်နီးချင်းရဲ့ တာဝန်ကို အကုန်လုံး ကျေပွန်ရမယ် အဲဒီရည်ရွယ်ချက်လည်း ပါတယ်၊ သွေးဆိုတာက ဘယ်ဘာသာဝင် မဆို ဆေးရုံတက်ပြီး ကုသလို့ လိုအပ်လာပြိ ဆိုရင် ပေးနိုင်အောင် (၄)လတစ်ကြိမ် ကျွန်တော်တို့ ဒီပွဲ ဖြစ်လာအောင် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လာတာပါ၊ အခု ဆိုရင် (၁၂)ကြိမ်မြောက် ရှိပါပြီ ” ဟု M-Media သို့ပြောသည်။
မ.မ.လ ဌာနချုပ် ဓမ္မသတ်မှူး ရှိုက်ခ် မွတ်စတဖာ ကမာလ် မှ “ သွေးလှူတာနဲ့ ပတ်သပ်ပြီး သာသနာမှာ မလှူရဘူး ဆိုတဲ့ တားမြစ်ချက်ဆိုတာ ဘာမှ မရှိဘူး၊ အစ္စလာမ် သာသနာက ဒီလို သွေးလှူဒါန်းခြင်းကိစ္စကို အများကြီး တိုက်တွန်းထားတယ် ဆိုတဲ့ အချက်တွေကို ကျွန်တော်တို့ ကျမ်းမြတ် ကုရ်အာန်ထဲမှာရော၊ တမန်တော်မြတ် (ဆွ)ရဲ့ သြ၀ါဒတော်တွေထဲမှာ အများကြီး လာရှိတာကို တွေ့ရတယ်၊ ကျမ်းမြတ်ကုရ်အန်ထဲမှာ အလ္လဟ်ရှင်မြတ် အမိန့်ရှိထားတယ်၊ လူတစ်ယောကကို ဘာအပြစ်မှ မရှိပဲနဲ့ အကြောင်းမဲ့ သတ်လိုက်မယ်ဆိုရင် အဲဒီလူက တနည်း လူသားထု တစ်ရပ်လုံးကို သတ်ပစ်လိုက်တာနဲ့ တူတယ်လို့ အမိန့်ရှိတယ်၊ လူတစ်ယောက်ကို အသက်ရှင်အောင် ပြုလုပ်ပေးလိုက်မယ် ဆိုလို့ရှိရင် အဲဒီလူက လူသားထု တစ်ရပ်လုံးကို အသက်ရှင်အောင် ပြုလုပ်ပေးတာနဲ့ အလား သဏ္ဍန်တူတယ် ဆိုတဲ့ အာယာသ်တော်တွေကိုလည်း ကျွန်တော်တို့ တွေ့ရှိရတယ်” ဟု M-Media သို့ပြောသည်။
အဆိုပါ မ.မ.လ ဌာနချုပ်၏ (၁၂)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် သွေးလှူဒါန်းရှင် စုစုပေါင်း (၂၈၃) ဦးလှူဒါန်း ခဲ့ကြောင်း၊ မ.မ.လ ဌာနချုပ်၏ စာရင်းမှတ်တမ်းများ အရ သိရသည်။ ဆက်လက်၍ (၄)လ တစ်ကြိမ် ပုံမှန် စဉ်ဆက် မပြတ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဓါတ်ပုံများ ကြည့်ရန်။
https://www.facebook.com/media/set/?set=a.542043585838116.1073741894.468226919886450&type=1
Comments