M-Media
မေလ ၂၇ ရက်၊ ၂၀၁၃
သတင်းအရင်းအမြစ် – အင်တာနက်

မွတ်စလင်များအရေးနဲ့ပတ်သတ်ပြီး မှတ်ချက်ပေးမှုနည်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို ကလေးနှစ်ယောက်သာ ယူခွင့်ရှိတဲ့ ဥပဒေပြဌာန်း ကန့်သတ်တာနဲ့ပတ်သတ်ပြီး ဒါဟာလူအခွင့်အရေးကို ဆန့်ကျင်တာဖြစ်တယ်လို့ ယနေ့ ဝေဖန်ပြောကြားလိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင်အာဏာရှင်အစိုးရ အဆိုပြုခဲ့တဲ့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို လက်ရှိအာဏာပိုင်တွေက အတည်ပြုပြဌာန်းလိုက်တဲ့အပေါ်မှာ သူမအနေနဲ့ ဆန့်ကျင်ကြောင်း ယနေ့သတင်းထောက်များကို ရန်ကုန်မြို့မှာ ပြောကြားခဲ့တာဖြစ်ကြောင်း ရိုက်တာက ဆိုပါတယ်။
“ဒီလိုမျိုး ခွဲခြားမှုမျိုးရှိနေတာ မကောင်းပါဘူး၊ ဒါက လူအခွင့်အရေးနဲ့လည်း လိုက်လျောညီထွေ မရှိလှပါဘူး” ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရကတော့ ဒီဥပဒေကို မွတ်စလင်အများစုရှိရာ ဒေသနှစ်ခုမှာ အတည်ပြုပြီးဖြစ်တယ်လို့ အေအက်ဖ်ပီကို ရခိုင်ပြည်နယ်အစိုး ရ ပြောခွင့် ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က ပြောကြားခဲ့သလို ယခင်ကတော့ အုပ်စုအချင်းချင်း ပဋိပက္ခတွေကြောင့် အတည်ပြုဖို့ နှောင့်နှေးနေ တာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။
လူအခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ ဒီဥပဒေကို “စက်ဆုပ်ဖွယ် ဥပဒေ၊ လူသားမဆန်တဲ့ ဥပဒေ” စတဲ့ စကားလုံးတွေ သုံးပြီး ဝေဖန်ခဲ့သလို ဒီဥပဒေက လူ့အခွင့်အရေးနဲ့ လုံးဝဥဿုံဆန့်ကျင်နေတယ်လို့လည်း ဆိုပါတယ်။
ဧပြီလ ၂၉ ရက်နေ့မှာ ထွက်ခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မတီအစီရင်ခံစာမှာတော့ တကယ်လို့ အစိုးရကသာ ဒီလိုမျိုး ကလေးယူခွင့် ကန့်သတ်တဲ့ ဥပဒေ ကို ကာယကံရှင်များရဲ့ သဘောဆန္ဒမပါဘဲ ပြဌာန်းခြင်းမျိုးကနေ ရှောင်ရှားသင့်ကြောင်း၊ အကယ်၍ အဲဒီလိုမျိုးသာ ပြဌာန်းခဲ့မယ်ဆိုရင် လူအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် အစိုးရကတော့ စုံစမ်းရေးကော်မတီရဲ့ အကြံပေးချက်ကို ထုံးစံအတိုင်း လျစ်လျူရှုခဲ့တာပါလို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။
အဲန်အလ်ဒီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ အစိုးရအနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေကို ကန့်သတ်ချုပ်ခြယ် မှုတွေ ဖြေလျော့ပေး သင့်တယ်လို့ ဒီမေလ အတွင်းမှာပဲ ရိုက်တာကို ပြောကြားခဲ့ပါသေးတယ်။
“ရခိုင်တွေမှာ အဖြေမရှိဘူး၊ သူတို့က ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ်၊ ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ” လို့ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။
Leave a Reply
You must be logged in to post a comment.