ဇွန်-၂၊၂၀၁၃
ဘာသာပြန်-သာကီထက်ကောင်း
မျိုးဖြုတ်သုတ်သင်ခြင်း၏ရှေ့ပြေးလက္ခဏာများဖြစ်သော လူမျိုးစုသန့်စင်ဖယ်ရှားရေးနှင့် လူသားဖြစ်မှုကိုဆန့် ကျင် ကျူးလွန်သည့်ပြစ်မှုများမှာ မြန်မာနိုင်ငံတွင် ပေါ်လွင် ထင်ရှားလျက်ရှိသည်။ သို့ သော် မြန်မာအများစုက ငြင်းဆန်ပယ်ချနေဆဲ။
လူ့အခွင့်အရေး လှုပ်ရှားသူများလည်း ၄င်းတို့အထဲပါဝင်နေသည်။ Human Rights Education Institute of Burma (HREIB) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က လွန်ခဲ့သောလ အတွင်း ထုတ်ပြန်သည့် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ Human Rights Watch ၏ ရခိုင်အကြမ်းဖက်မှုအစီရင်ခံစာ၌ ပါဝင်သော လူမျိုးစုသန့်စင်ဖယ်ရှားရေး (“ethnic cleansing”) ဟူသည့် အသုံးအနှုန်းကို လက်မခံနိုင်ကြောင်း ဆိုသည်။
ထိုအသုံးအနှုန်းကို ကန့်ကွက်ငြင်းဆိုခြင်း (၀ါ) HRW အစီရင်ခံစာကို သွယ်ဝိုက်ငြင်းဆိုခြင်း သည် ရိုဟင်ဂျာများအပေါ် ကြီးမားသောချိုးဖောက်မှုများ၊ စိတ်တိုင်းကျ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေနိုင်သည့် အခြေအနေများရှိနိုင်သည်ဆိုသည့်အချက်ကို ဖုံးကွယ်ပေးလိုက်ခြင်း ဖြစ်သည်။ ဤသို့ ဖြင့် ရာဇ၀တ်သားတို့ကို ကာကွယ်ပေးရာရောက်စေသည့် အပြင် ကျူးလွန်ဖောက်ဖျက်မှုများကို စုံစမ်း စစ်ဆေးရန်နှင့် ကာကွယ်သင့် ကာကွယ်ထိုက်သည်များကို ပြင်ဆင်ရန်လိုအပ်ပြီဟူသော သတိပေးချက်ကို ကြိုတင် ပိတ်ဆို့ လိုက်ခြင်းသာဖြစ်သည်။
ကြီးမားသောချိုးဖောက်မှုများထင်ရှားနေပါလျက် ဆိတ်ဆိတ်နေခြင်းက လူမိုက်အားပေးအ ဆိပ်ပင်ရေလောင်းခြင်းဖြစ်သည်။
ဂျီနိုဆိုဒ် သည် “ဖြစ်ရပ်”ချည်းမဟုတ်၊ လှုပ်ရှားမှု “ဖြစ်စဉ်” ဖြစ်
မြန်မာပြည်သူများသည် “လူမျိုးစုသန်စင်ဖယ်ရှားရေး” နှင့် “မျိုးဖြုတ်သုတ်သင်မှု” ကို ရောထွေးကာ အတူတူဟုပင် ထင်မြင်ကြသည်။ ဤမျှမက မျိုးဖြတ်သုတ်သင်မှုသည် ရုတ်ခြည်း ပွင့်အံဖြစ်ပေါ်သော၊ လူထောင်ပေါင်းများစွာ တချိန်တည်း အသတ်ခံရသော ဖြစ်ရပ်ဟုအမြင်မှားကြသည်။
ယင်းသို့အမြင်မှားစေခြင်းကြောင့် မြန်မာလူမျိုးများစွာတို့မှာ မိမိတို့တိုင်းပြည်၌ မျိုးဖြုတ်သုတ် သင်မှု မရှိဟု ယူဆသွားစေသည်။ သို့ ရှိရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်လာအောင် လှုပ်ရှားနေသည့် “ဖြစ်စဉ်” ကို အလေးမပြုတော့ပေ။
တနည်းဆိုရသော် မျိုးဖြုတ်သုတ်သင်ရေး (genocide) ဆိုသည်မှာ ရုတ်တရက်ထဖြစ်သော၊ တချိန်တည်းထောင်ပေါင်းများစွာအသတ်ခံရသော “ဖြစ်ရပ်”(outbreak) မဟုတ်။ လူပေါင်းများစွာကို သတ်နိုင်သည့် အခြေအနေ ရရှိလာအောင် အချိန်တစုံတရာယူကာ ဖန်တီးသော လှုပ်ရှားမှု “ဖြစ်စဉ်” ဖြစ်သည်။
သို့သော် အပြည်ပြည်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ သတ်ခြင်းထက် ပို၍ ကျယ်ဝန်းသည်။ လူမျိုးနွယ်တစ်ရပ် သို့မဟုတ် လူမျိုးတစ်မျိုး သို့မဟုတ် ဘာသာရေးအုပ်စုတစ်စုအား တမင်ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးလုပ်ဆောင်ခြင်းက မျိုးဖြုတ်သုတ်သင်မှု – Genocide ကျူးလွန်ခြင်း အထမြောက်သည်ဟု 1948 Genocide Convention မှ သတ်မှတ်ထားသည်။ ယင်းဖွင့်ဆိုချက်တွင် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေခြင်း၊ မွေးဖွားမှုကို တားဆီးထိန်းချုပ်ခြင်း၊ အုပ်စုတစ်စု၏တည်ရှိမှုကို ပျက်စီးစေရန် ကလေးငယ်များအား ရွှေ့ပြောင်းခြင်း စသည်တို့လည်း ပါဝင်နေ၏။
ဧပြီလ ၂၉ ရက်တွင်ထုတ်ပြန်သော အစိုးရ လက်အောက်ခံ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင် အစီရင်ခံစာသည်ပင်လျှင် အထက်ပါဖွင့်ဆိုချက်များအရ မျိုးဖြုတ်သုတ်သင်မှု၏ အစိတ်အပိုင်းပုံဟန် တစ်ရပ်အဖြစ် ယူဆသုံးသပ်၍ ရနေသည်။ အစီရင်ခံစာပါ ပျက်လိုဖျက်ဆီးဖြစ်စေသည့်မှတ်ချက်များစွာအနက်တစ်ခုမှာ ရိုဟင်ဂျာ အမျိုးသမီးများ အကြား မွေးဖွားနှုန်းကို တိုးမြှင့်ကန့်သတ် ထိန်းချုပ်ထားချက်ပင် ဖြစ်သည်။ တမင်ရည်ရွယ်ကြံဆောင်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ရိုဟင်ဂျာတို့ ၏ မွေးဖွားနှုန်းများရသည့် အခြေအနေကို ဘက်ပေါင်းစုံမှမကြည့်ပဲ မွေးဖွားနှုန်းထိန်းချုပ်စေခြင်းသည် မျိုးဖြုတ်သုတ်သင်မှုစာရင်းဝင်နေပါတော့သည်။
ရ၀မ်ဒါနှင့် ဆင်တူနေသည့် မြန်မာပြည်
မြို့ကြီးမြို့ငယ်များတွင်လည်း အကြမ်းဖက်ခြင်းများ၊ လူ့မြင်ကွင်း၌သတ်ဖြတ်နေမှုများကို မယုံကြည်နိုင်အောင် တွေ့နေရသည်။ ဤသည်မှာ ၁၉၉၄ ခုနှစ်၊ ရ၀မ်ဒါနိုင်ငံ၌ ရက်ပေါင်း ၁၀၀ အတွင်း လူပေါင်း ၈ သိန်းကျော် သတ်ဖြတ်သည့် ဖြစ်ရပ် အလားသဏ္ဍာန်မျိုးဖြစ်နေသည်။ ယင်းသတ်ဖြတ်ခံရသူအများစုမှာ တွတ်စီ လူနည်းစုဝင်များ ဖြစ်ကြသည်။ ရ၀မ်ဒါ၏ မျိုးဖြုတ်သုတ်သင်မှုသည်လည်း ရုတ်ခြည်းပွင့်အံခဲ့ခြင်းမျိုးမဟုတ်။ တစ်အုံတစ်ကျင်း အပြည့်အ၀စိတ်တိုင်းကျသတ်ဖြတ်မှုအနေအထားဖြစ်ပေါ်လာစေအောင် နှစ်များစွာကတည်းက ၊ အထူးသဖြင့် ၁၉၉၄ ခုနှစ်၊ ဧပြီလမတိုင်မီ လပေါင်း ၄၀ ကတည်းက ကြိုတင်စီမံထားခဲ့ခြင်းဖြစ်သည်။
Aiding Violence စာအုပ်ရေးသားသူ ကုလသမဂ္ဂအရာရှိဟောင်း Peter Uvin မှ ဤဖြစ်ရပ်ကို ရှင်းပြထားသည်။ တုန်လှုပ်ဖွယ်ရာများမှာ အဖြစ်အပျက်များသာမဟုတ်၊ မျိုးဖြုတ် သုတ်သင်မှု၏ လက္ခဏာများအား လျစ်လျူရှုခဲ့ခြင်းသည် အကြီးအကျယ် တုန်လှုပ်ဖွယ်ကောင်းသည်။ ယင်းနိမိတ်လက္ခဏာများကို ယခုအခါ မြန်မာနိုင်ငံ၌ ရှင်းလင်းပြတ်သားစွာ တွေ့မြင်လာရသည်။ မြန်မာနိုင်ငံသည် ရ၀မ်ဒါကဲ့သို့ မလွဲမသွေဖြစ်လာလိမ့်မည်ဟု မဆိုလိုသော်လည်း ၁၉၉၄ ခုနှစ်၊ ဧပြီလမတိုင်မှီ ရ၀မ်ဒါရှိ နိမိတ်လက္ခဏာများကို ယနေ့မြန်မာနိုင်ငံတွင် စစ်ဆေးတွေ့ရှိနေရသည်။
ရ၀မ်ဒါနှင့်မြန်မာ – နိုင်ငံတကာဆက်ဆံရေး
၁၉၉၄ ခုနှစ်၊ ဧပြီလ မတိုင်မီက ဟူတူးလူမျိုးစုကြီးစိုးသော ရ၀မ်ဒါအစိုးရကို နိုင်ငံတော်တိုးတက်စေရေး အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ငွေကြေး အထောက်အပံ့များစွာဖြင့် ဂုဏ်ပြုအားပေးခဲ့သည်။ မည်သည့် အတွက်ကြောင့် ချီးမြှင့်ကူညီကြပါသနည်း ? စီးပွားရေးပြုပြင်ပြောင်းလဲမှု ဟူသောအကြောင်းရပ်ကြောင့် ဖြစ်သည်။ သန်းနှင့်ချီသော ဒေါ်လာ လှိုင်းလုံးတို့သည် နိုင်ငံတွင်းသို့ အတောမသတ် စီးဝင်လာကြသည်။ ရ၀မ်ဒါအစိုးရက ယင်းဖွံ့ဖြိုးရေး အထောက် အကူပြု နိုင်ငံခြား ကူညီထောက်ပံ့ငွေများ အပေါ် အပြည့်အ၀ ချုပ်ကိုင်ထားခဲ့ကြသည်။ ၈၀ % နှုန်းအထက်မှာ အစိုးရပိုင်းသို့ ရောက်ရှိသွားပြီး ကျန်ငွေများ သုံးစွဲရန် အစိုးရ ထောက်ခံချက်ပါရသည်။ ဥပမာအားဖြင့် ယင်းသို့အသားတင်အမြတ်ထုတ်နေခြင်းအပေါ် အမေရိကန်က ပြစ်တင်ရှုတ်ချမှု မပြုသည့်အပြင် စစ်တပ်ဆက်ဆံရေး၊ စစ်ရေးကူညီရေးတို့ ကိုပင် မလျော့ချခဲ့။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပတ်သက်မှုလက်ရှိအနေအထား၊ ထောက်ပံ့ငွေများ စီးဝင်နေမှု၊ International Crisis Group မှ သမ္မတဦးသိန်းစိန်အား ဆုချီးမြှင့်မှု၊ အမေရိကန်၏စစ်ရေးအရပါဝင်လာမှုတို့ မှာ ရ၀မ်ဒါ နှင့် မြန်မာနိုင်ငံ ထပ်တူနီးပါး ဖြစ်နေသည်။
ရ၀မ်ဒါ၌ US ၊ EU ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံအတွင်းအပြင်အလှူရှင်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအားလုံးသည် လူထုနှင့်ပူးပေါင်းဆောင်ရွက်မှုကိုဖယ်ခွာ၍ အစိုးရနှင့်သာ တိုက်ရိုက်ပတ်သက်ဆောင်ရွက်ခဲ့ကြသည်။ အစီအမံပရိုဂရမ်များမှာ အစိုးရ၏အားကောင်းရေးအတွက်သာ ဆင်ယင်ခံရသည်။ အစိုးရပိုင်းကလည်း မျိုးဖြုတ်သုတ်သင်ရေးကိစ္စကို ဌာနဆိုင်ရာအစည်းအဝေးများတွင် ပြောင်ပြောင်တင်းတင်း ဆွေးနွေးစီစဉ်ခဲ့ကြသည်။ သို့ သော် ဒလဟောတိုးဝင်လာသော နိုင်ငံတကာလှူဒါန်းပံ့ပိုးငွေများမှာမူ အစိုးရကို ပိုမိုခိုင်မာအားကောင်းအောင် အဆုံးစွန်ထိ ကူညီရာရောက်သွားခဲ့သည်။ အစိုးရပိုင်းကလည်း သစ်ခုတ်ဓားကဲ့သို့လူသတ်လက်နက်ပေါင်း ၅၈၁,၀၀၀ ကို တရုတ်ပြည်မှ ၀ယ်ယူတင်သွင်းသည်။ ဗြိတိသျှ ဂျာနယ်လစ် Linda Melvern ၏အဆိုအရ ၁၉၉၀ ခုနှစ်တွင် ဒေါ်လာ ၂၆ သန်း တန်ကြေးရှိလက်နက်အရောင်းအ၀ယ်တစ် ရပ်ကို အီဂျစ်၌ လက်မှတ်ရေးထိုးခဲ့သည်။
၎င်းနောက် တူစီလူမျိုးတို့အပေါ်မုန်းတီးဆန့်ကျင်ရေးကို နိုင်ငံပိုင်ရေဒီယိုများမှ ထင်သာမြင်သာစွာ ကြေငြာထုတ်လွှင့်ကြသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက တုန့်ပြန်ရန်ပျက်ကွက်ခဲ့သည်သာမက အစိုးရ၏ပြုပြင်ပြောင်းလဲရေးပုံရိပ်ကိုပင်လျှင် အကောင်းမြင်ပုံစံဖြင့် ဆက်လက်ရုပ်လုံးဖော်ပေးနေခဲ့ကြသည်။ လက်ရှိ မြန်မာပြည်အနေအထားကဲ့သို့ ဖြစ်သည်။ ထိုအချိန်တွင်း ထောင်နှင့်ချီသော တူစီလူမျိုးများ ရက်စက်စွာ လက်စတုန်းခံလိုက်ရပြီဖြစ်၏။
ရ၀မ်ဒါနှင့်မြန်မာ – လူ့ အခွင့်အရေးအစီရင်ခံစာများ
ရ၀မ်ဒါ၌ ဖြစ်ပျက်နေမှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းအကြား သြဇာထွားသူများ မည်ရွေ့မည်မျှ သိမသိကို အတိအကျမသိနိုင်သော်လည်း ၁၉၉၃ ခုနှစ်တွင် NGO အဖွဲ့ကြီးလေးဖွဲ့မှလည်း ကောင်း၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထံမှ လည်းကောင်း အစီရင်ခံစာတစ်စောင်စီ ထွက်ပေါ်ခဲ့သည်။ ၄င်းတို့၌ တအုံတကျင်းလက်နက်ဖြန့်ဝေနေမှု၊ တူစီဆန့်ကျင်ရေး အစွန်းရောက်နေမှု၊ အစိုးရမှကျောထောက်နောက်ခံပြု၍ တူစီတို့အား အဓိကဦးတည်သတ်ဖြတ်နေမှု များကို အသေးစိပ် ဖော်ပြထားသည်။ သို့သော် မည်သူတစ်ဦးမျှ မတုန့်ပြန် အရေးမယူခဲ့ကြချေ။
မြန်မာနိုင်ငံနှင့်ဆင်တူသည်မှာ ကုလသမဂ္ဂသံတမန်များဖြစ်သော မစ္စတာ သောမတ်စ် ကင်တားနား နှင့် မစ္စတာ ဗီဂျေးနမ်ဘီးယား တို့၏ ထုတ်ပြန်ပြောဆိုချက်အပြင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှု အဖွဲ့ HRW ၏ အစီရင်ခံစာလည်း မကြာသေးမီက ထွက်ရှိလာသည်။ ၄င်းတို့၌ ရိုဟင်ဂျာ လူမျိုးစုအား ဆန့်ကျင်အကြမ်းဖက်မှုများ ကျယ်ပြန့်ကြီးထွားလာသည့်အကြောင်း၊ အစီအစဉ်ရှိရှိအကွက်ချ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအကြောင်းကို အနုစိပ် ဖော်ပြထား၏။ မြန်မာနိုင်ငံအလယ်ပိုင်းတစ်ခွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုကြီး၌ နိုင်ငံတော်၏ပါဝင်ပတ်သက်နေမှုအထောက်အထား အခိုင်အလုံရရှိထားကြောင်း မစ္စတာကင်တားနားမှ ဖော်ပြခဲ့သလို၊ မစ္စတာ နမ်ဘီးယားမှလည်း အကြမ်းဖက်မှုမှာ လူမဆန်အောင် ရက်စက်ကြမ်းကြုတ်လှကြောင်း ထုတ်ဖော်ပြောကြားခဲ့၏။
ဆက်၍ဆိုရပါလျှင် UN ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအကြီးအကဲ ဗိုလ်ချုပ် Romeo Dallaire က ရ၀မ်ဒါတွင် ပြင်းထန်သော မျိုးဖြုတ်သုတ်သင်မှုအကြောင်းကို အထူးအစီရင်ခံခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်။
CIA သုတေသနဌာနမှ သန်းတစ်ဝက်ခန့် လူအသေအပျောက် ရှိနိုင်သည်ဟု ၁၉၉၄ ခုနှစ် ဇန္န၀ါရီလ၌ ခန့်မှန်းသုံးသပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်ဟု ဘယ်လ်ဂျီယံမှ သုံးသပ်ကြောင်း၊ ပြင်သစ်သည်လည်း အလားတူသိရှိခဲ့ကြောင်း၊ သို့ရာတွင် ဧပြီလနှောင်းပိုင်းအထိ ၄င်းတို့သည် မည်သည့် တုန့်ပြန်ဆောင်ရွက်မှု မရှိခဲ့ကြောင်း HRW ၏ အစီရင်ခံစာတစ်စောင်က ထောက်ပြထား၏။
နှုတ်ဆိတ်နေမှုများ
ရ၀မ်ဒါရှိ နိုင်ငံတကာ ဖွံ့ဖြိုးရေး ကူညီမှုအဖွဲ့ များမှ နိုင်ငံခြားသား ၀န်ထမ်းတို့သည်လည်း နှိပ်စက်စော်ကားခြင်းများ၊ သတ်ဖြတ်ခြင်းများကို ကောင်းစွာ သိရှိနေခဲ့၏။ သို့သော် ၄င်းတို့သည် အမျိုးမျိုးသော ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်း အကျိုးကြောင့် တစ်ခွန်းတစ်ပါဒမျှ မပြောဆိုခဲ့ကြ။ ဧရာမအကြမ်းဖက်မှုအဆင့်သို့ မရောက်သည့် အလား ရေငုံနှုတ်ပိတ်နေခဲ့ကြသည်။ ၄င်းတို့၏ ငြင်းဆို ပယ်ချနေခဲ့မှုများမှာ ယနေ့မြန်မာလူမျိုးတို့၏အနေအထားအတိုင်းပင် ဖြစ်သည်။ ထိုသူတို့  နှုတ်ဆိတ်နေချိန်အတွင်း လူသတ်ကောင်များကို တဖြည်းဖြည်းမွေးထုတ်ပေး နေပြီဖြစ်သည်။
ဂျီနိုဆိုဒ် ကမ်ပိန်း
သို့ သော် သာမန်လူမှ လူသတ်သမားများ၊ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်သူများအ ဖြစ် အလိုအလျောက်မဖြစ်သွားပါ။ ထိုလူများကို လူသတ်အမားများဖြစ်အောင် သိမ်းသွင်းရ သည်။ လူ့အခွင့်အရေးအစီရင်ခံစာတစ်စောင်၌ Alison Desforges က Genocide ကို အဓိပါယ်ဖွင့်ဆိုရာတွင် လူသတ်သမားများဖြစ်လာရန် အချိန်နှင့်အမျှ သိမ်းသွင်းနေသော လှုပ်ရှားမှုဟု ဖွင့်ဆိုသည်။ သို့ ရှိရာ ဂျီနိုဆိုဒ်ဆိုသည်မှာ အချိန်ကာလတခုအတွင်း လူသတ်ကောင်များစည်းရုံးသည့်၊ လူများစွာကို သတ်နိုင်သည့်အခြေအနေဖြစ်အောင် လှုပ်ရှားသည့် ကမ်ပိန်းဖြစ်သည်။
လူထုသည် သာမန်အားဖြင့် လူသတ်သမားများ ဖြစ်မသွားနိုင်။ လိမ်ညာမုသားများ၊ ပုံဖျက်သတင်း/အမြင်မှားစေမှုတို့ဖြင့် ၄င်းတို့၏စိတ်ဓာတ်များကို မှိုင်းတိုက်သည့် စံနစ်တကျအကွက်ချလှုံ့ဆော်မှုအစီအစဉ်ကြောင့် လူသတ်သမားများဘ၀သို့ တအုံတကျင်း ကူးပြောင်းသွားရခြင်း ဖြစ်သည်။ အစီရင်ခံစာမှ Alison Desforges ထောက်ပြခဲ့သည့် ပင်မအချက်အချို့အား အထူးသတိပြုအပ်သည်။ အလားတူ နိမိတ်လက္ခဏာများကို မြန်မာနိုင်ငံ၌ တွေ့မြင်နေရသောကြောင့် ဖြစ်သည်။
ရ၀မ်ဒါနှင့် မြန်မာ မီဒီယာ
ရ၀မ်ဒါတွင် “ လူထုနိုးကြားရေး ” ကင်ပွန်းတပ် သတင်းစာသည် အမုန်းတရားသွတ်သွင်းရာ၌ အကျယ်လောင်ဆုံး ဖြစ်ခဲ့သည်။ များမကြာမီ ဒေသဆိုင်ရာ ခရိုနီ လုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများနှင့်ချိတ်ဆက်ထားသော အခြားဂျာနယ်နှင့် ခရိုနီ သတင်းစာများမှ ပူးပေါင်းပါဝင်လာခဲ့သည်။ ရေဒီယိုသတင်းဌာနများကိုလည်း ထူထောင်လာသည်။ လူထုကို မမှန်သတင်းမက်မောသူများ၊ သွေးဆာသူများဖြစ်လာအောင် လုပ်ကြံသတင်းလွှင့်ခြင်း၊ လူမျိုးကြီးဝါဒသွတ်သွင်းပေးခြင်း လုပ်ငန်းစဉ်တို့ကို ဦးတည်ဖော်ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းမီဒီယာများက ရိုဟင်ဂျာ နှင့် မြန်မာမွတ်စ်လင်မ်တို့အား ဆန့်ကျင်ရန် မွှေနှောက်လှုံ့ဆော်လျက် ရှိနေသည်။
ရ၀မ်ဒါနှင့် မြန်မာနိုင်ငံပညာရှင်
အမုန်းတရားသွတ်သွင်းမှုလုပ်ငန်းစဉ်၌ ပညာရှင်များ၊ ပရော်ဖက်ဆာများ၏ ရေးသားချက်တို့ကို မှီငြမ်း၍ တရားဝင်ဆောင်ရွက်နိုင်မှုများ၊ မှိုင်းတိုက် ၀ါဒဖြန့်သူများ လိုအပ်သည်။ ပညာရှင်များ၏ အား၊ ပရောဖက်ဆာများ၏ အသံများလိုအပ်သည်။ ရ၀မ်ဒါတွင် ပါမောက္ခနှစ်ဦးဖြစ်သော Nahimana နှင့် Leon Mugesera တို့က ယင်းအခန်းကဏ္ဍ၏အဓိကဇာတ်ကောင်များ ဖြစ်သည်။ ၄င်းတို့နှစ်ဦးစလုံး အနောက်တိုင်းမှ ပညာသင်ယူခဲ့သည်။ အမာခံဝါဒဖြန့်သူများ မဖြစ်မီက ရ၀မ်ဒါတက္ကသိုလ်များတွင် သင်ကြားရေးပြုလုပ်ခဲ့ကြသည်။ ထိုသို့သောလူစားများ ပညာရင်ဆိုသူများကို မြန်မာနိုင်ငံတွင် ခက်ခက်ခဲခဲ ရှာယူရန် မလိုအပ်ချေ။
အမုန်းဝါဒဖြန့် ချိရေး
အမုန်းဝါဒဖြန့် သူများသည် ရ၀မ်ဒါတွင် ဟူတူးများသည် အိမ်ရှင်များဖြစ်ပြီး၊ တွတ်စီများသည် နယ်မြေသူခိုး တိုင်းတစ်ပါးဧည့်သည်များဖြစ်သည်ဟု ရုပ်လုံးဖော်ကြသည်။ တွတ်စီတို့၏စည်းလုံးမှု (Tutsi Unity) ဆိုသည့် အတွေးအခေါ်သည် တွတ်စီတို့က ရ၀မ်ဒါကို လွှမ်းမိုးရန်သိမ်းသွင်းဖြစ်သည်ဟု အမုန်းပွားစေရန် ထင်ယောင်ထင်မှားဖြစ်စေရန် လှုံ့ဆော် စွပ်စွဲသမုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစုကိုသာမက ယခုအခါ မြန်မာမွတ်စ်လင်မ်တို့အား နိုင်ငံခြားသားဧည့်သည်များအဖြစ် ကျယ်ပြန့်စွာပုံဖော်နေကြသည်။ ၄င်းတို့သည် နိုင်ငံ၊ လူမျိုး နှင့် ဗုဒ္ဓဘာသာအား လက်ဝါးကြီးအုပ်ရန်ကြံစည်နေသည်ဟု သမုတ်ခံနေရသည်။ (Tutsi Unity) ကဲ့သို့ ပင် “၇၈၆” ဟူသော နံပါတ်အား အသုံးပြုသည်ဟုစွပ်စွဲသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေးဟောပြောလှုံ့ဆော်သူတို့က ၇၈၆ ဟူသည် ၂၁ ရာစုတွင် မြန်မာနိုင်ငံနှင့်ကမ္ဘာကို မွတ်စ်လင်မ်တို့မှ သိမ်းယူမည့် ကိုယ်စားပြုချက်ဟု ဆိုကြသည်။ မွတ်စ်လင်မ်တို့၏အဆိုအရမူ ကုရ်အာန်ကျမ်းဂန်၏ပါဒတော်တစ်ရပ်ဖြစ်သည့် “ အလွန်တရာသနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင် အလ္လာဟ်၏ နာမံတော်ဖြင့်(အစပြုပါ၏)” ဟူသည်ကို ကိုယ်စားပြုထားချက်ဖြစ်ကြောင်း သိရ၏။
ရ၀မ်ဒါရှိ တွတ်စီတို့ကို ပိုးဟပ်များဟု တံဆိပ်တပ်ခံရပြီး၊ မြန်မာနိုင်ငံရှိ ၀ါဒဖြန့်သူများနှင့်၎င်းတို့၏ဘက်တော်သားများက ရိုဟင်ဂျာတို့ကို ဗိုင်းရပ်စ်များ၊ ခွေးများဟု ခေါ်ဆိုကြသည်။
ဟူတူးတို့ဦးဆောင်သည့် အစိုးရအဖွဲ့မှာ အလွန်ပင် ကောက်ကျစ်ရက်စက်ကြောင်း ရ၀မ်ဒါဖြစ်အင်က ပြသနေသည်။ ၀ါဒဖြန့်သူများက ပြည်သူတို့ကို လွဲမှားသောအချက်အလက်များတိုက်ကျွေးလျက် အသိမဲ့ပါးကွက်သားများအဖြစ်သို့ ဘ၀ပြောင်းအောင် ကြံဆောင်မပျက် ရှိခဲ့ကြသည်။ နေ့စဉ်နှင့်အမျှ လူပေါင်းများစွာ သတ်ဖြတ်ခံနေရသော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုခေါင်းစဉ်အောက်မှ ထောက်ပံ့မှု မပြတ်ခဲ့။ အနောက်တိုင်းမှ အာဏာပိုင်တို့သည် မျိုးဖြုတ်သုတ်သင်ရေးဖြစ်လာတော့မည်ကို သိပါသော်လည်း အခါလွန်သည့်တိုင်အောင် မည်သည့် အရေးယူမှုများကို မလုပ်နိုင်ခဲ့။ ရ၀မ်ဒါ၌နေထိုင်နေကြသည့် အနောက်တိုင်းသားတို့ကလည်း တအုံတကျင်း သတ်ဖြတ်မှု မဖြစ်နိုင်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ဖြစ်ပွားလာခဲ့ရသည်။
ကြိုတင်ကာကွယ်ဖို့  မြန်မာပြည်သူများတာဝန်ဖြစ်
မြန်မာနိုင်ငံမှ လူအများစုတို့သည် တိုင်းပြည်ချစ်သယောင် “မျိုးဖြုတ်သုတ်သင်မှု” ဟူသော အသုံးအနှုန်းအား ကန့်ကွက်ကြ၏။ ၄င်းတို့၏ ငြင်းဆိုမှုက တအုံတကျင်း သတ်ဖြတ်နေမှုများကို အားပေးရာရောက်ကြောင်း မစဉ်းစားမိကြ။ ယင်းနိမိတ်လက္ခဏာတို့ကို ငြင်းဆန်ကန့်ကွက်ခြင်းမှာ ၄င်းတို့၏ အဓိကရည်ရွယ်ချက်မဟုတ်ချေ။ စင်စစ်မှာကား ကြိုတင်ကာကွယ်တားဆီးမှုများကို ပိတ်ဆို့လိုက်ခြင်းသာဖြစ်၏။ သို့မှသာ မတွေးဝံ့စရာ ကြမ်းကြုတ်ရက်စက်မှုများ အတားအဆီးမဲ့ ပွင့်ထွက်လာနိုင်မည်ဖြစ်ပေသည်။
ရ၀မ်ဒါနှင့်ကွာခြားသည်ကား မြန်မာနိုင်ငံ၌ ရှေ့ပြေးလမ်းခင်းစကားများ ကြိုတင်ထွက်ရှိနေ၏။ ကာကွယ်တားဆီးမှု အစီအမံများကို ပြင်းပြင်းထန်ထန်ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်လှသည်။ ယင်းသို့သော လူမဆန်စွာသတ်ဖြတ်အကြမ်းဖက်နေမှုများ မြန်မာနိုင်ငံအနှံ့ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးနှင့်စုံစမ်းဖော်ထုတ်ရေးအပေါ် ပိတ်ဆို့ထားသူအပေါင်းတို့ထံ တစ်ပြေးညီ တာဝန်ရှိသွားပေမည်။ ချုပ်၍ဆိုရပါလျှင် နိုင်ငံ၏ကံဆိုးမိုးမှောင်ကျမှုများကို ဖယ်ရှားနိုင်စွမ်းရှိသူတို့မှာ လူများစုမြန်မာလူမျိုးများပင် ဖြစ်ပါသည်။
The Irrawaddy မှ Signs of Coming Genocide in Burma? ဆောင်းပါးကို သာကီ ထက်ကောင်း မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
Comments