ဇွန် ၁၀ ၊ ၂၀၁၃
M-Media
ဥရောပဘောလုံးအဖွဲ့မှ အစ္စရေးနိုင်ငံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုခြင်းကို အပြည်ပြည်ဆိုင်ရာအဖွဲ့များမှ သပိတ်မှောက်ကြရန် တိုက်တွန်းလိုက်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းနယ်မြေများကို ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်လျက်ရှိကြောင်း ကမ္ဘာတစ်ဝှန်းမှ သိရှိနေကြသည်။
ပါလက်စတိုင်း နိုင်ငံ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း Mahmoud Sarsak က “ UEFA က အစ္စရေးကို ဒီအခွင့်အရေး ဘယ်လိုသဘောနဲ့ပေးခဲ့တာလဲ။ အစ္စရေးနိုင်ငံ ထူထောင်ဖို့အကြောင်းပြချက်နဲ့ နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတာကို သိနေပါလျက် လက်ခံဖို့ သူတို့ ဘာကြောင့် စဉ်းစားခဲ့တာလဲ ” ဟု CNN သို့ ပြောကြားခဲ့သည်။
Sarsak သည် အနောက်ဖက်ကမ်းမြောင်ဒေသရှိအသင်းတစ်ခုနှင့် ကန်ထရိုက်စာချုပ်ချုပ်နိုင်ခဲ့စဉ် ၂၀၀၉ ခုနှစ်မှ စ၍ အစ္စရေးတို့၏အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို သုံးနှစ်ခံခဲ့ရသည်။ ယင်းသို့အကြောင်းမဲ့ဖမ်းဆီးအကျဉ်းချမှုအပေါ် သုံးလတာအဆာငတ်ခံဆန္ဒပြခဲ့သဖြင့် သူ့ခန္ဓာကိုယ်အလေးချိန်မှာ ထက်ဝက်သာကျန်တော့သည်။ အသက် ၂၃ နှစ်ရှိပြီဖြစ်သော Sarsak သည် အစ္စရေးအား အသက် ၂၁ နှစ်အောက် ချန်ပီယံဖလားလုပွဲ အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ပေးရေး UEFA ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်အရေးဆိုရန် လန်ဒန်သို့ရောက်လာပြီဖြစ်သည်။
သုံးနှစ်တာအကျဉ်းစံဘ၀၌ သူ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံးကို အစ္စရေးတို့မှ နှိပ်စက်ညှင်းပန်းခဲ့သည်။
“ တိုက်စစ်မှူးဘောလုံးသမားဘ၀ဟာ ကျွန်တော့်လွတ်မြောက်မှုအတွက် တစ်ခုတည်းသောလမ်းကြောင်းဖြစ်တယ်။ သိက္ခာရှိစွာနေထိုင်ရှင်သန်ခြင်း နဲ့ မြေမြှုပ်သင်္ဂြိုလ်ခံရခြင်း တစ်ခုခုဆိုတဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်၊ ကျွန်တော့်ရဲ့အိပ်မက်တွေကို အစ္စရေးတွေ သတ်ပစ်ခဲ့တယ်။ ကျွန်တော့်အိပ်မက်ကို ရှင်သန်အောင် ရှေ့ဆက်ဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ္စရေးတွေက ကျွန်တော့်အိပ်မက်ကိုဖျက်ဆီးပြီး ဘောလုံးဆက်မကစားနိုင်အောင် ရည်ရွယ်ထားကြလို့ဖြစ်တယ် ” ဟု သူမှ ပြောပြခဲ့သည်။
“ UEFA ဥက္ကဌ ပလာတီနီက ပါလက်စတိုင်းကို ရောက်လာပြီး အခြေအနေမှန်ကို တွေ့ခဲ့တဲ့အခါ ပါလက်စတိုင်းတွေရဲ့ နှိပ်စက်ညှင်းဆဲခံရမှုတွေအပေါ်ရပ်တည်သွားမယ် လို့ဆိုခဲ့တယ်။ ဒါပေမယ့် ခုတော့ သူစိတ်ပြောင်းသွားပြီ။ အစ္စရေးတွေကို ဒီအခွင့်အရေးပေးလိုက်တာဟာ ဂုဏ်ပြုရွှေတံဆိပ်ချီးမြှင့်လိုက်တာနဲ့မခြားပါဘူး ” ဟု UEFA U 21 Championship အား အစ္စရေးထံ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ပေးခြင်းမှာ ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေး၏လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များအား ဆုပေးခြင်းသာဖြစ်သည်ဟု Sarsak က ၀မ်းနည်းစွာဆိုခဲ့သည်။ သူ့ဖြစ်ရပ်များကို ထုတ်ဖော်ပြောကြားခြင်း နှင့် ကန့်ကွက်ဆန္ဒပြခြင်းသည် အစ္စရေး၏ဆိုးသွမ်းမှုကို ကမ္ဘာက မျက်နှာလွှဲထားကြောင်း ပြသနိုင်ရန်ဟု ထပ်မံပြောပြခဲ့သည်။
ပါလက်စတိုင်းလှုပ်ရှားမှုကိုထောက်ခံသော Red Card Israeli Racism အဖွဲ့မှ လူ ၈၀၀၀ ၏လက်မှတ်ဖြင့် လှုပ်ရှားမှုတစ်ရပ်ပြုလုပ်လျက်ရှိသည်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး အပါအ၀င် ရပ်တည်ချက်တူ အခြား နိုင်ငံရေးသမားများ၊ အနုပညာရှင်များက စုပေါင်းလက်မှတ်ထိုးထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဗြိတန်၏ The Guardian သတင်းစာတိုက်သို့ မေလအတွင်း ပေးပို့ခဲ့ကြသည်။
ယင်းအိတ်ဖွင့်ပေးစာ၌ “ နောက်လတွင်ကျင်းပမည့် UEFA U 21 Championship ဗိုလ်လုပွဲအား အစ္စရေးကို အိမ်ရှင်အဖြစ် ဆောင်ရွက်ခွင့်ပေးခြင်းမှာ အစ္စရေးတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့်ဥပဒေမဲ့လုပ်ရပ်များအပေါ် ဂုဏ်ပြုနေခြင်းသာဖြစ်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းနယ်မြေများအား တရားမ၀င်ကျူးကျော်သိမ်းပိုက်ခြင်း နှင့် လူမျိုးကြီးဝါဒဖြင့် ပါလက်စတိုင်းလူမျိုးတို့၏ အခွင့်အရေးအားငြင်းဆိုခြင်းတို့ကို ဘောလုံးလောက၏ဂုဏ်သိက္ခာကို အသုံးချ၍ ဆက်လက်ကျူးလွန်လိုမှုအား UEFA မှ မလိုက်လျောသင့်ပါ ” ဟု ရေးသားဖော်ပြထားသည်။
Ref: OnIslam
Comments