ဇွန်လ ၁၃၊ ၂၀၁၃
M-Media
KK
The Daily Eleven သတင်းစာ၏ လုပ်ကြံ ရေးသားခြင်းခံရသော မွတ်စ်လင်မ်ပညာရှင်များ နှင့် Unity for Peace Networks ၏ သတင်းစာ ရှင်းလင်းပွဲသတင်း
ရန်ကုန် ။ ။ ယမန်နေ့က ပြုလုပ်ခဲ့သော မွတ်စ်လင်မ် ပညာရှင်များ နှင့် Unity for Peace Networks ၏ သတင်းစာရှင်းလင်းပွဲသတင်းအား The Daily Eleven သတင်းစာမှ မဟုတ်မမှန် လုပ်ကြံသတင်း ရေးသားခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ အစ္စလာမ်နှင့် မွတ်စလင်မ်များပေါ် အထင်အမြင်လွဲမှားမှုများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်ပြီး အစ္စလာမ်အပေါ် အဓိက အထင်အမြင် လွဲမှားနေသော အချက်များကို ရှင်းလင်းချက် စာတမ်းများအား တက်ရောက်လာသူများအား ပေးအပ်ခဲ့ပါသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော မီဒီယာများ မေးမြန်းချက်များကိုလည်း ပြန်လည် ရှင်းလင်းဖြေကြား ပေးခဲ့ခြင်းပါသည်။
ရှင်းလင်းချက် စာတမ်းအပြည့်အစုံ ဤနေရာတွင် ဖတ်နိုင်ပါသည်။
မီဒီယာများမှ မေးသော မေးခွန်းများကို အစ္စလာမ် ဘာသာမှ ဆရာများက ရှင်းလင်းအောင် ဖြေကြားပေးခဲ့သော်လည်း ယနေ့ထုတ် The Daily Eleven သတင်းစာတွင် ‘၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို လက်မခံကြောင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ကွန်ရက်ပေါင်းစု ပြောကြား’ဆိုသည့် သတင်းခေါင်းစဉ်ကို သုံးပြီး အစ္စလာမ်ဘာသာဝင်များအနေဖြင့် နိုင်ငံတော်သီချင်းဆိုရန် ငြင်းဆိုခဲ့သည်ဟု လိုရာဆွဲပြီး ထည့်သွင်းရေးခဲ့သည်။ ဤကဲ့သို့ ရေးသားမှုသည် အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်ကို အခြားသူများမှ အထင်အမြင်လွဲမှားပြီး အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ် ပိုမို အထင်လွဲစေရန် ရေးသား လှုံ့ဆော်မှု တစ်ရပ်ဖြစ်သည်ဟုလည်း သုံးသပ်မိသည်။
ထပ်မံ၍ သိရသည်မှာ Eleven Media မှ သတင်းထောက်များအနေဖြင့် ယင်းသတင်းစာရှင်းလင်းပွဲအား အချိန်မီ လာရောက်နားထောင်မေးမြန်းခြင်းမရှိဘဲ ရှင်းလင်းပွဲပြီးဆုံးချိန် ၁၂-နာရီမတိုင်မီ ၁၁-နာရီ ၁၅-မိနစ်ကျော်မှ ရောက်ရှိလာပြီး မိမိတို့ လှုံ့ဆော်လိုရာကို ရေးသားသွားခြင်းသာဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်။
ယင်းကဲ့သို့ (၁၁း၁၅)နာရီမှသာ ရောက်ရှိလာပြီး သတင်းအား တ၀က်တပျက်မှ ရောက်လာခြင်း၊ မီဒီယာများမှ သတင်းအား အမှန်အတိုင်းရေးသားရန် ဆရာဦးဝင်းငြိမ်း၏ အမှာစကားတွင် ထည့်သွင်းပြောကြား မေတ္တာရပ်ခံခြင်းတို့အား နားမထောင်လိုက်ခြင်း၊ ထို့နောက် ဤကဲ့သို့ လိုရာဆွဲ လှုံ့ဆော်မှုသတင်းရေးသားတင်ဆက်ပုံတို့မှာ မီဒီယာတစ်ခုအနေနှင့် မဖြစ်သင့်ကြောင်း၊ သတင်းစာရှင်းလင်းပွဲ၏ အသံဖိုင်နှင့် ရုပ်သံဖိုင်များအား ပြန်လည်နားထောင်ပြီး ပြန်လည်ရှင်းလင်းချက် ထည့်ပေးစေလိုကြောင်းနှင့် တစ်စုံတစ်ရာ ပြန်လည် ရှင်းလင်းချက်ထည့်ပေးရန်ကို အကြီးတန်းအယ်ဒီတာ ဦးအေးမင်းသက်အား ဆက်သွယ်ပြောပြရာ အယ်ဒီတာချုပ်အား တင်ပြ၍ ပြန်လည်အကြောင်းပြန်ပါမည်ဟု အကြီးတန်းအယ်ဒီတာဦးအေးမင်းသက်မှ ပြန်လည်ဖြေကြားခဲ့ကြောင်းကို Unity for Peace Networks ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ပူးတွဲဗီဒီယိုမှာ နိုင်ငံတော်သီချင်းကိစ္စ အမေးအဖြေလုပ်ထားသည့် အပိုင်းဖြစ်ပါသည်။
The Daily Eleven သတင်းစာ၏ လုပ်ကြံ ရေးသားခြင်းခံရသော မွတ်စလင်မ် ပညာရှင် ပြောကြားသည့် ၈၂ ဥပဒေအကြောင်း မူရင်း ရုပ်သံ
Comments