ဇွန် ၁၉၊၂၀၁၃
M-Media
ကွာလာလမ်ပူ။ ။ မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံတွင်းရှိ မွတ်စ်လင်မ် လူနည်းစုများသည် ပညာရေးကို အထူးဦးစားပေးကြရန် မလေးရှား ၀န်ကြီးချုပ်ဟောင်း တူးန် အဗ်ဒုလ္လာဟ် အဟ်မဒ် ဘာဒါဝီ မှ တိုက်တွန်းလိုက်သည်။
မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတို့သည် ၂၁ ရာစု၌ မိမိကိုယ်ကို ပညာရေးဖြင့် စွမ်းရည်မြှင့်တင်ရန် နှင့် လိုအပ်ချက်ဆိုင်ရာ အသိပညာများအား ရှာဖွေရယူကြရန်လိုကြောင်း ၄င်းမှပြောကြားသည်။
ဗုဒ္ဓဟူးနေ့၊ International Institute of Advanced Islamic Studies (IAIS) ၌ ကျင်းပခဲ့သော ၂၁ ရာစု မြန်မာမွတ်စ်လင်မ်တို့၏ အကြပ်အတည်းဖြေရှင်းရေး International Forum တွင် အဗ်ဒုလ္လာဟ်မှ ယင်းသို့ ကောက်ချက်ချပြောကြားခဲ့ခြင်းဖြစ်သည်။
ပညာရေးအပြင် အနာဂတ်မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဂုဏ် သိက္ခာကောင်းအတွက် လူငယ်တို့၏ တိုးတက်မှု နှင့် မွတ်စ်လင်မ် လူ့အဖွဲ့အစည်းတို့၏ စီးပွားရေးကိုလည်း ထည့်တွက်စဉ်းစားရန် အလွန်အရေးကြီးကြောင်း၊ သို့သော် ဤအခြေအနေကိုရရှိရန်မှာ အကြမ်းဖက်မှုကို ရှောင်ရှားရမည့်အပြင် မွတ်စ်လင်မ်မဟုတ်သော အသိုင်းအ၀ိုင်းများနှင့် ငြိမ်းချမ်းစွာအတူယဉ်တွဲ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများအကြား တိုးတက်ဖွံ့ဖြိုးပြီးသောအုပ်စုသည် နိမ့်ကျနေသေးသည့်အုပ်စုအား အခွင့်အရေးနှင့်အောင်မြင်မှုအလို့ငှာ လက်ကမ်းကူညီပေးသင့်ကြောင်း မလေးရှား IAIS ဦးဆောင်ပုဂ္ဂိုလ် အဗ်ဒုလ္လာဟ်က အလေးအနက်ထား ထောက်ပြပြောဆိုခဲ့သည်။
IAIS Malaysia မှစီစဉ်ဆောင်ရွက်သော ယင်းနေ့တစ်ဝက်တာဖိုရမ်တွင် International Movement for a Just World (JUST) ၏ဥက္ကဌ Dr Chandra Muzaffar လည်း ပါဝင်ပြောဆိုခဲ့သည်။ စီစဉ်သူမှာ IAIS ၏ စီအီးအိုဒုတိယအရာရှိ ပရော်ဖက်ဆာ Dr Mohamed Azam Mohamed Adil ဖြစ်သည်။
မြန်မာနိုင်ငံသည် ပါလီမန်ရွေးကောက်ပွဲများကဲ့သို့ အပြောင်းအလဲများအပြင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုလည်း ပြုလုပ်သည်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတံခါးကိုလည်း ပိုမိုဖွင့်လှစ်ပေးလာပြီဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ဤအပြောင်းအလဲအထမြောက်အောင် ကြိုးပမ်းရန် တာဝန်ရှိကြောင်း ဒေါက်တာ ချန်ဒရာမှ ဤသို့ပြောဆိုခဲ့သည်။
“ ဒါပေမယ့် ဒီအပြောင်းအလဲတွေက မြန်မာ့လူ့ဘောင်ထဲမှာ အောက်ခြေအဆင့်အထိ ရောက်နိုင်ချေ မရှိသေးဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရတွေကလည်း မြန်မာပြည်က ရိုဟင်ဂျာ နဲ့ အခြားလူနည်းစုအရေး ပြဿနာအပေါ် ပိုပြီးရှေ့ပြေးဖြစ်မယ့် – တာသွားမယ့်နည်းလမ်းတွေကို အစားထိုးအသုံးပြုတာ ကျွန်တော်တို့မြင်လိုပါတယ်။ ဒီပြဿနာကို ကျွန်တော်တို့ ၀ိုင်းဝန်းဖြေရှင်းကြပါစို့၊ အသင်(မြန်မာပြည်)အဖို့ နိုင်ငံသား၊ အုပ်ချုပ်ရေးစံနစ် ဖြစ်တဲ့ ပြဿနာအရင်းအမြစ်ကိုတော့ မဖြစ်မနေဖြေရှင်းရပါလိမ့်မယ် ဆိုပြီး အာဆီယံအဖွဲ့က ဖွင့်ထုတ်ပြောကြားဖို့ အရေးကြီးပါတယ် ” ။
သို့တစေ ဒေါက်တာ ချန်ဒရာမှ ဤအရေးအရာမှာ အကြမ်းမဖက်သောငြိမ်းချမ်းရေးနည်းလမ်းများးအားဖြင့်သာ အဖြေရှာသွားနိုင်မည်ဟု အလေးအနက်တင်ပြသွားသည်။
အာဆီယံ ဟုခေါ်ဆိုသော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ Association of Southeast Nations တွင် ဘရူနိုင်း ဒါရုစ္စလာမ်၊ ကမ္ဗောဒီးယား၊ အင်ဒိုနီးရှား၊ လာအို(လော)၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံများ ပါဝင်သည်။
BERNAMA
Comments