ဇွန်လ ၂၂၊ ၂၀၁၃
M-Media
ဆူးထက်
ရန်ကုန်။ ။ အမျိုးသားညီညွှတ်ရေး ကွန်ဂရက်ပါတီ ဌာနချုပ်၏ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဇွန်လ ၂၂-ရက်နေ့၊ နေ့လည် (၁း၃၀)က ဌာနချုပ်တည်ရှိရာ အမှတ် (၂၈/အေ)၊ မအူကုန်းလမ်းကျယ်၊ တာမွေမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖွင့်ပွဲတွင် အခမ်းအနားမှူးများအဖြစ် ဦးမြင့်သိန်း( အထွေထွေ အတွင်းရေးမှူးချုပ်)၊ ပသီ ဦးလှမြင့် (တွဲဘက် အတွင်းရေးမှူး )တို့မှ ဆောင်ရွက်ပြီးက သဘာပတိ အဖြစ်ဆောင်ရွက်သော ဥက္ကဌ ဦးမြင့်ဝေနှင့် ဒုဥက္ကဌ ဦးလှဝင်းတို့မှ အမျိုးသား ညီညွှတ်ရေး ကွန်ဂရက် ပါတီ ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသား ရဲဘော်အာဇာနည်များအား အလေးပြုခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားတွင် သဘာပတိ ဦးမြင့်ဝေမှ အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဟာ မရှိမဖြစ် အရေးတကြီး လိုအပ်နေပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ဖို့ တိုင်ရင်းသား စည်းလုံးညီညွှတ်ဖို့ဆိုရင် ခေါင်းဆောင်တွေ ညီညွှတ်ရုံတင် မလုံလောက်ဘဲ တိုင်းသူပြည်သား တစ်ရပ်လုံး စည်းလုံးညီညွှတ်ဖို့ လိုပါတယ်။ တိုင်းသူပြည်သား တစ်ရပ်လုံး စည်းလုံးညီညွှတ်ဖို့ဆိုရင် ကျွန်တော်တို့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံသား ဆွေမျိုးသားချင်း စိတ်ဓာတ် ဆိုတာ ပြည်ထောင်စု အိမ်ကြီးထဲမှာ နေတဲ့ မိသားစုဝင်တွေလို့ သဘောထား ရှိရပါမယ်။ အချင်းချင်း ချစ်ခင်ရမယ်၊ သနားညှာတာရမယ်၊ ရိုင်းပင်းရမယ် ကူညီရမယ်။
ဒီကနေ့ ကျွန်တော်တို့ပါတီက ရဲရဲကြီး ပြောကြားနိုင်တာကတော့ ကျွန်တော်တို့ ပါတီဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးကို ချောက်ထဲကျအောင် မလုပ်ဘူး။ ဆူပူအကြမ်းဖက်တာကို မလိုလားဘဲ ငြိမ်းချမ်းရေးကိုသာ ကျွန်တော်တို့ ပါတီက လိုလားပါတယ်။ ပါတီအနေနဲ့ ဆောင်ရွက်မယ့် အထဲမှာ ကျွန်တော်တို့ နိုင်ငံမှာ သေနတ်သံတွေ ရပ်စဲ ပြီးတော့ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှုရှိသလို တရားဥပဒေ ရှေ့မှောက်မှာ နိုင်ငံသား အားလုံး တန်းတူအခွင့်အရေး ရရှိဖို့လိုပါတယ်။ သူတော်စင်တွေ၊ ပညာရှိတွေက မိန့်ကြားခဲ့ပါတယ်။ တရားစောင့်တဲ့သူကို တရားက ပြန်စောင့်ရှောက်ပါလိမ့်မယ်တဲ့။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ မေတ္တာတရားသာ လွှမ်းခြုံထားမယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာကြီးဟာ စိတ်ချမ်းသာ၊ ပျော်ရွှင်စွာ၊ နေချင်စရာ နေရာကြီးတစ်ခု ဖြစ်လာမှာ အသေအချာပါ။ ပညာရှင်တွေက မိန့်ကြားထားပါတယ်။ လူတစ်ယောက်ရဲ့ စေတနာကို အကဲဖြတ်မယ် ဆိုရင် အဲဒီ့လူရဲ့ အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်အပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ စေတနာ၊ ပြည်သူလူထု အပေါ်မှာ ထားတဲ့ ကျွန်တော်တို့ရဲ့ စေတနာကို အပြောနဲ့ မဟုတ်၊ အလုပ်နဲ့ သက်သေပြဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား ” ဟုထည့်သွင်းပြောကြားခဲ့သည်။
တက်ရောက်လာသော ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ” အမျိုးသား ညီညွှတ်ရေး ကွန်ဂရက်ပါတီ အနေနဲ့ ပြည်ထောင်စု၏ အကျိုးကို ဆောင်ရွက်မယ့် ပါတီတစ်ခု အဖြစ် ကျွန်တော်လေးလေးနက်နက် ယုံကြည်ပြီးတော့ အခုလို လာရောက် စကားပြောခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုကြီး အတွက် အကျိုးပြုနိုင်မယ့် ပါတီကြီး တစ်ခုဖြစ်ဖို့ ရောက်ရှိအောင်လည်း ဒီထက် ပိုပြိးတော့ ကြိုးစားပေးဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း တတ်နိုင်သလောက် လက်တွဲ ကူညီပါ့မယ်။ ခုနက သဘာပတိကြီးပြောတဲ့ သဘောထား အားလုံးကိုလည်း အလေးအနက်ထားပြီး မှတ်သားထားပါတယ်။ ဒီအချိန်ဟာ နိုင်ငံကို ပြန်တည်ဆောက်နေတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံရေး အကူးအပြောင်း ကာလဖြစ်တဲ့ အတွက် ထိလွယ်၊ ရှလွယ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ကာလမှ အားလုံးညီညွှတ်ဖို့၊ အားလုံး နားလည်မှု ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံး မှီခိုနေတဲ့ နိုင်ငံအတွက၊ ပြည်ထောင်စုကြီး အတွက်၊ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေ အတွက် တတက်တအား နိုင်ငံတည်ဆောက်ရေးမှာ အားလုံး ၀ိုင်းဝန်း တည်ဆောက်ဖို့ တိုက်တွန်းကြောင်း” နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။
ယင်းနောက် ပါတီ၏ ဒုဥက္ကဌ ဦးမောင်မောင်စိုးမှ အမျိုးသား ညီညွှတ်ရေး ကွန်ဂရက် ပါတီ၏ မူဝါဒ သဘောတရားများကို ရှင်းလင်းတင်ပြ ခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသား ညီညွှတ်ရေး ကွန်ဂရက် ပါတီ၏ မအူကုန်း ကြေညာစာတမ်းကို ရှေ့နေကြီး ဦးထွန်းဝင်းမှ ဖတ်ကြားတင်ပြရာတွင် “နယ်ချဲ့ ခေတ်ဦး၌ သူ့ကျွန်မခံပြီဟု တွန်းလှန်ရာတွင် ဗိုလ်ယာကွပ်ကဲ့သို့သော ပသီခေါင်းဆောင်များ ပါခဲ့သည့် နည်းတူ၊ နယ်ချဲ့ အစိုးရအား ဦးစွာ စိန်ခေါ်ခဲ့သည့် ၁၉၂၀ပြည့်နှစ်၊ ပထမ တက္ကသိုလ် ကျောင်းသား သပိတ်၌ ပသီ အမျိုးသား ကျောင်းသား ခေါင်းဆောင် ကိုဘရှင်(သံတွဲ)မှာလည်း အထင်ကရ ဖြစ်ပါတယ်။ ထို့တူ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်တွင်လည်း ကိုအောင်ဆန်းနှင့် အတူ ခေါင်းဆောင်ခဲ့သူ ဦးရာရှစ်နှင့် တ၊က၊သ ၏ပထမဆုံး ဥက္ကဌ ဦးထွန်းစိန်တို့မှာလည်း ငါတို့ ပသီများသာ ဖြစ်ပါတယ်။ အလားတူပင် နယ်ချဲ့တော်လှန်ရေးနှင့် ဖက်ဆစ်ဆန့်ကျင်ရေးတို့တွင်လည်း ငါတို့ ပသီများမှာ နောက်ကျန်သည် ဟူ၍ မရှိခဲ့ပါ။ ပသီခေါင်းဆောင် ဦးကျော်ဝင်းမောင်(၀မ်းအိုဝမ်း)၊ ဆရာဦးဘိုးချယ် စသည့် ပုဂ္ဂိုလ်တို့မှာလည်း မြေအောက်တော်လှန်ရေးတွင် ပါဝင်သကဲ့သို့၊ အာဇာနည် ခေါင်းဆောင် ဆရာကြီး ဦးရာဇာတ်နှင့် ဦးဖေခင် (ပင်လုံ) တို့အမှူးပြုသည့် ပုဂ္ဂိုလ်များမှာလည်း ဖ.ဆ.ပ.လ အဖွဲ့ချုပ်နှင့် လက်တွဲ၍ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ကိုတည်ထောင်ကာ လွတ်လပ်ရေး အတွက် အသက်စွန့် ကြိုးပမ်းခြင်းနှင့် ပြည်ထောင်စု အရေးအတွက် မဆုတ်မနစ်ရှိခဲ့ကြသည်မှာ မမေ့နိုင်သည့် သမိုင်းသက်သေ ဖြစ်ပါသည်” ဟု ထည့်သွင်း ဖတ်ကြားခဲ့သည်။
ပြီးနောက် နိဂုံးချုပ် အမှာစကားကို သဘာပတိ ဦးမြင့်ဝေမှ ပြောကြးပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပဲခူး၊ ဗန်းမော် စသည့် တို့မှ စုစုပေါင်း လူဦးရေ (၁၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
Comments