ဇွန် ၃၀၊ ၂၀၁၃
M-Media
အမ်တူးအေ
ရန်ကုန် ။ ။ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ ဟောပြောပွဲ တစ်ရပ်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့မှ ယနေ့ နေ့လည် (၁း၃၀)တွင် ၎င်းတို့ ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲအား ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)မှ ဦးဆောင်ဟောပြောတင်ပြခဲ့ပြီး ၁၉၈၂-ခုနှစ် ဥပဒေနှင့်ပတ်သက်၍ သိသင့်သည်များကို အဓိက ဆွေးနွေးခဲ့ပြီး။ ၁၉၆၇-ခုနှစ်ဥပဒေ၊ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ ဥပဒေတို့ကိုလည်း ထည့်သွင်း ဟောပြောခဲ့ပါသည်။ ဦးခင်မောင်ချို၏ ဟောပြောမှုအပြီးတွင် တက်ရောက်လာသူများမှ မရှင်းလင်းသည်များ၊ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဟောပြောသူမှ ပြန်လည် ဆွေးနွေးပေးခဲ့ပါသည်။
ယခုကဲ့သို့ ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး “ယခုလို ၈၂-ခုနှစ် ဥပဒေဆိုင်ရာ ဟောပြောပွဲမှာ အဓိကတင်ပြသွားတာတွေက ဥပဒေတစ်ခုရဲ့ အားနည်းချက် အားသာချက်တွေ၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့ အကြောင်းအရာတွေကို လေးလေးနက်နက် တင်ပြသွားတာ တွေ့ရကြောင်း၊ ဥပဒေတစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုတွေကို အဓိကထားရမှာဖြစ်ကြောင်း၊ ဥပဒေကို အခြေပြုပြီးဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ များစွာရှိကြောင်း၊ ဥပဒေကို အသုံးမပြုပဲဖြစ်နေတဲ့ကိစ္စရပ်များစွား ရှိခဲ့ကြောင်း၊ ရှိပြီးသားဥပဒေကို ဟန့်တားခွင့်များ ဆုတ်ယုတ်နေသည်များလည်းရှိကြောင်း၊ ယခု ဟောပြောပွဲသည် ဥပဒေ၏ ရေသောက်မြစ်ကို အဓိက ရှာဖွေခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်အခါသည် ဘာသာကိုအကြောင်းပြုပြီး လူမျိုးသတ်မှတ်လေ့ရှိပြီး ကိုးကွယ်သည့် ဘာသာကိုကြည့်၍ ဥပဒေကို သတ်မှတ်သည့် အခြေအနေများ ရှိနေသည့် အတွက် ယခုလို ဟောပြောပွဲပြုလုပ်ရသည်ကို နားလည်စေလိုကြောင်း၊ ယခုလို ဟောပြောဆွေးနွေးပွဲများတွင် လိုအပ်၍ ဆွေးနွေးပါက ခိုင်ခိုင်လုံလုံဆွေးနွေးတတ်ရန် လိုအပ်ကြောင်း၊ အင်တာနက်နှင့် ဖေ့ဘွတ် စာမျက်နှာများတွင် ပြောကြားနေကြသလို မပြောမိကြစေရန် အထူးမေတ္တာရပ်ခံကြောင်း”ကို မ.မ.လ ဌာနချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ ဟောပြောပွဲနိဂုံးချုပ်စကားတွင် ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
Comments