ဇူလိုင် ၃၊ ၂၀၁၃
M-Media
ဆူးထက်
ရန်ကုန် ။ ။ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးအဖွဲ့၏ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို မြောက်ဥက္ကလာ အောင်ဝလ်ဂျာမေ စွန္တွီဗလီကြီး၌ ယနေ့ မနက်(၁၀)နာရီမှ (၁၁)နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ပရိယတ္တိ စာသင်တိုက်၊ ရပ်ကွက် သံဃနာယက ဥက္ကဌ ဆရာတော် ဦးပညာသီရိက “ဆရာတော်တို့က ပုထုဇဉ် ဖြစ်တဲ့အတွက်၊ ဘုရားရှင်တောင် သည်းခံတဲ့အတွက် သည်းခံခြင်းတရားကို လက်ကိုင်ထားရမယ်။ ကိုယ့်ကို လုပ်ရင်တောင် သည်းခံရမယ်။ မေတ္တာမထားရင် ဖြစ်နေကြမှာပဲ။ အဲဒီတော့ သည်းခံစိတ်ထားမှ ငြိမ်းချမ်းမယ်။ အားလုံး ညီညီညွှတ်ညွှတ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြပါ” ဟုထည့်သွင်း မိန့်ကြားခဲ့သည်။
ဧည်သည်တော်အဖြစ် ဖိတ်ကြားခြင်းခံရသော ဒေါက်တာမြင့်သိန်း(စာရေးဆရာ ငြိမ်းချမ်းလုလင်) က “ဗလီတွေကို ရှေးတုန်းကတည်းက အစ္စလာမ် ၀တ်ကျောင်းတော်တွေလို့ ခေါ်ပါတယ။် အစ္စလာမ် ဆိုတဲ့ အဓိပ္ပါယ်ကိုက တရားဓမ္မကို နာခံခြင်း၊ အဲလိုနာခံခြင်းဖြင့် ငြိမ်းချမ်းမှု ရရှိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အချို့သော လူတွေရဲ့ စွပ်စွဲ ပြောဆိုသလို အစ္စလာမ်ဟာ စုတ်ပြတ်သပ်နေတဲ့ ဘာသာတရားတွေကို လူမျိုးတွေကို အမုန်းတရားတွေ ပွားနေတတယ်ဆိုရင် ဒီကနေ့ ကမ္ဘာပေါ်မှာ သန်းပေါင်း(၁၅၀၀) ကိုးကွယ်ဖို့ မရှိပါဘူး။ ကမ္လာဦးရေ လေးပုံတစ်ပုံ ကိုးကွယ်ဖို့ မရှိပါဘူး။ အဲဒီ သန်းပေါင်း(၁၅၀၀)က အ-တုံးတွေ၊ အ-အတွေ၊ လူ အောက်တန်းစားတွေ မဟုတ်ပါဘူး။ တကယ့် ပညာတတ်တွေ တစ်ပုံကြီး ပါပါတယ်။ တကယ့် လူသားအကျိုးပြုနေတဲ့ သူတွေ ကမ္ဘာသမိုင်း တစ်လျှောက်လုံး အများကြီးရှိပါတယ်။ နှစ်ပေါင်း တစ်ထောင်ကျော်ပါပြီ။ အားလုံးသော ဘာသာတရားတွေဟာ သစ္စာတရားပေါ်မှာ အခြေခံပြီး ထွန်းကားနေကြတာ ဖြစ်တယ်။ လူသား အကျိုးပြု ဆောင်ရွက်လာကြတဲ့ အခါမှာ သွေးလှူတဲ့ လုပ်ငန်းတွေ၊ အလှူဒါန လုပ်ငန်းတွေ၊ အန္တရာယ်တွေ ကြုံလာတဲ့ အခါမှာလည်း လူမျိုးဘာသာ မခွဲဘူး သွားကြတယ်။ ၂၀၀၈-ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ်တုန်းက ကြည့်လိုက် တစ်ပတ်အတွင်းမှာ သီတဂူ ဆရာတော် ဘုရားကြီးတို့ သွားကြသလို ကျွန်တော်တို့ အစ္စလာမ့်အဖွဲ့ချုပ်ကြီးကလည်း တစ်ပတ်အတွင်းမှာ ငွေကြေးတတ်နိုင်တဲ့ ချမ်းသာတဲ့သူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ ဟိုးတောကြို အုံကြားထိ ဒီရေ အတက်ကျကို စောင့်ပြီး ဗွတ်ထဲမှာရော၊ ရွှံ့ထဲမှာရော အဲဒီဖြစ်တဲ့ နေရာဒေသတွေထဲထိရောက်အောင် လူမျိုးမခွဲ၊ ဘာသာမခွဲဘဲ ငါတို့ မြန်မာနိုင်ငံသားတွေ ပြည်ထောင်စုသားတွေ ဆိုပြီးတော့မှ သွားပြီး လှူဒါန်းဆောင်ရွက်ခဲ့တာတွေ အားလုံးကို မြန်မာ့သမိုင်းပြန်ကြည့်ရင် အားလုံးသော အစ္စလာမ် သာသနာဝင်တွေဟာ ကျန်တဲ့ ညီနောင်တွေနဲ့ အတူ မြန်မာ့သမိုင်း တစ်လျှောက်လုံး ပါဝင်ဆောင်ရွက်ခဲ့တာဟာ ပုဂံခေတ်ကတည်းက ရှိခဲ့တာပါ။ ကျောက်စာတွေ၊ သမိုင်းတွေကို ပြန်ကြည့် ကြည့်ပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၊ ဘာသာပေါင်းစုံ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့၏ ဆောင်ရွက်ချက်များကို အဖွဲ့ကိုယ်စား ဦးဆန်နီက “မိမိတို့ မြို့နယ် အတွင်းတွင် ရပ်ရွာ တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် ဖြစ်စေသော ဘာသာရေးနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှု ပဋိပက္ခများ ပေါ်ပေါက်ခြင်း မရှိစေရန်၊ ငြိမ်းချမ်းရေး လိုလားကြသော အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ဘာသာကြီး (၄)ဘာသာမှ ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်းဦးဆောင်လျက် အစိုးရ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေး အဖွဲ့အစည်းများနှင့် လိုအပ်သလို လက်တွဲ၍ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး၊ လူမျိုးရေး ဘာသာရေး ဆက်နွယ်သော အထိကရုဏ်းများ မပေါ်ပေါက်စေရေး စသည့်ကိစ္စများ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မြောက်ဥက္ကလာပ မြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးအဖွဲ့ကို ဖွဲ့စည်းရန် အားလုံး တညီတညွှတ်တည်း သဘောတူညီခဲ့ကြပါသည်။
မိမိတို့ အဖွဲ့အနေဖြင့် ဘာသာပေါင်းစုံ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အားစိုက် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား” ဟုထည့်သွင်း တင်ပြ ခဲ့သည်။
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး အဖွဲ့မှ ပြန်ကြားရေးမှူး ကိုသန်းအောင်က “အစည်းအဝေး အနေနဲ့ တစ်ပတ်ကိုတစ်ကြိမ် လုပ်ဖြစ်ပါတယ်။ အခမ်းအနားအနေနဲ့က ပြီးခဲ့တဲ့ အပတ်က ဟိန္ဒူ၊ဒီအပတ်က အစ္စလာမ်၊ လာမည့်အပတ်က ခရစ်ယာန်ဘာသာဝင်တွေနဲ့တွေ့ဆုံမှာပါ။ အဓိကရည်ရွယ်ချက်ကတော့ အခုဖြစ်ပေါ်နေတဲ့ ဘာသာရေး ပဋိပက္ခတွေ လျော့ကျနိုင်အောင်၊ ကျွန်တော်တို့ မြို့နယ်မှာ တစ်ဘာသာနဲ့တစ်ဘာသာ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေထိုင်ကြတယ်ဆိုတာကို ပြချင်တာပါ။ ကျွန်တော်တို့မြို့နယ် သာမကပဲ တစ်ပြည်လုံးမှာ ရှိတဲ့ မြို့နယ်တွေမှာလည်း ဒီလိုမျိုးလေးတွေ လုပ်ပေးခြင်းအားဖြင့် လျော့ကျသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် လူတစ်ယောက်ပါ။ လူအချင်းချင်းဆိုတာ ဘာသာရေး လူမျိုးရေး မမြင်ဘဲနဲ့ လူလို့ပဲ မြင်မယ်။ တစ်ဦးနဲ့ တစ်ဦး ရင်းရင်းနှီးနှီးနေကြမယ် ဆိုရင် တစ်ခြား ပြဿနာက ရေရှည် အဓွန့်ရှည်စွာ နေနိုင်မှာ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အနှောင့်အယှက် အဟန့်အတားတွေ မဖြစ်နိုင်အောင်လို့ ကျွန်တော်တို့ အခုလို ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု M-Media သို့ပြောပြခဲ့ပါသည်။
အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ လူဦးရေ ၂၀၀-ကျော် တက်ရောက်ခဲ့ပါသည်။
More Photo Click Here
Comments