ဇူလိုင် ၁၃၊ ၂၀၁၃
M-Media
အိမေ
ရန်ကုန် ။ ။ ရန်ကုန်-ဒလကြိုးတံတားအား ကိုရီးယားနှင့်မြန်မာ ပူးပေါင်းတည်ဆောက်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး ယင်းတံတားအား ကမာကဆစ်ဈေးဘက်တွင် တည်ဆောက်မည်ဖြစ်ရာ အစိုးရဘက်မှ သတင်းအတည်ထွက်ရှိလာပါက အဆိုပါဈေးကို ဖျက်ပစ်ရမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
“တံတားဆောက်ဖြစ်ရင် အဲဒီနေရာကလူတွေဖယ်ပေးရမှာဆိုတော့ တစ်ချို့က အိမ်တွေ၊ လယ်တွေ ရောင်းကြတယ်။ စိုးရိမ်စိတ်တွေနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိကြဘူးဖြစ်နေကြတယ်။ ကျွန်တော်တို့ လယ်သမားတွေက လယ်အလုပ်ပဲ လုပ်တတ်တာလေ။ တစ်ချို့ဆို လယ်တွေရောင်းပြီး ပိုက်ဆံထုပ်ပိုက်ပြီး ထိုင်နေကြတယ်။ ဒီတံတားသာဆောက်ဖြစ်ရင် အားလုံးနီးပါး စီးပွားရေး၊စားဝတ်နေရေး တွေ အခက်အခဲတွေ ဖြစ်သွားနိုင်တယ်။ ကမာကဆစ်ဈေးဆိုတာ ဒလမြို့ပေါ်မှာ အကြီးဆုံးဈေးကြီးပါ။ အဲဒီဈေးပေါ် မှီခိုရောင်းချနေတဲ့ ဈေးသည်တွေ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ၊ ဆိုင်ကယ်ကယ်ရီသမားတွေ ဆိုလည်းဒီအတိုင်းပဲ။ သင်္ဘောဈေးသည်တွေ အားလုံးဟာ စီးပွားရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်လာရတော့မှာကို တွေးပူနေကြရတယ်။”ဟု ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် တွင် နေထိုင်သူတစ်ဦးက M-Media သို့ပြောကြားသည်။
ဒလမြို့နယ်သင်္ဘောဆိပ်တွင် ဆိုင်ကယ် ကယ်ရီဆွဲသူတစ်ဦးကလည်း “ကျွန်တော်တို့အဓိက ကယ်ရီဆွဲရတာက ကမာကဆစ်ဈေးကို ဈေးလာရောင်းတဲ့သူတွေပါ။ အခု ကမာကဆစ်ဈေး ဖျက်ရတော့မယ် ဆိုတဲ့သတင်းကြားကတည်းက စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်က ဒီဈေးကို မှီခိုပြီးစီးပွားရှာတယ်။ ကျွန်တော့်မိသားစုရဲ့ စားဝတ်နေရေးက ကျွန်တော့်အပေါ် မှီခိုတယ်။ အဲဒီတော့ ကျွန်တော်တို့ မိသားစုရဲ့ အဓိကမှီခိုရာက ဒီဈေးကြီးဖြစ်နေတယ်။ ဒီဈေးသာဖျက်ရမယ်ဆိုရင် စားဝတ်နေရေးအတွက် အကျပ်အတည်းဖြစ်သွားနိုင်ပါတယ်”ဟု M-Media ပြောကြားသည်။
“တံတားဆောက်လိုက်ရင် လမ်းပမ်းသွားလာရေးအဆင်ပြေသွားတာပေါ့။ဆောက်မဲ့တံတားကလည်း ကြိုးတံတားဆိုတော့ ကမ္ဘာအဆင့်မှီ တာပေါ့။ ရန်ကုန်နဲ့ ဒလကို ပေါင်းကူးဆောက်မှာဆိုတော့ တံတားကကြီးတယ်။ ဆောက်ရင် ကမာကဆစ်ဈေးဘက်မှာ ဆောက်မှာဆိုတော့ ဈေးကြီးနဲ့ မလွတ်ဘူးဖြစ်နေတယ်။ အစိုးရဘက်က အတည်ကြေငြာရင် ကမာကဆစ်ဈေးကြီးကို ဖျက်ရမယ်လို့ ကြားတယ်။ ဈေးကြီးဖျက်ရမယ်ဆိုရင် သူတို့ကိုနေရာတော့ပြန်ပေးမှာပါ။ လမ်းပမ်းဆက်သွယ်ရေးက အရမ်းအရေးကြီးပါတယ်။ ရေကြီးတဲ့ အချိန်တွေဆို သင်္ဘောတွေ သွားလို့မရဘူး။ တစ်ချို့ကျောင်းဆရာ၊ဆရာမလေးတွေဆို တစ်ဖက်ကမ်းကနေလာသင်ရတာ။ မိုးတွင်းဆိုတော့ ရေကြီးတဲ့အခါတွေကျရင် ပြန်လို့မရတာတွေဖြစ်ရတယ် ။ဒီလိုအခက်အခဲတွေကို ရင်ဆိုင်ရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အခုလို လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။”ဟု ဒလမြို့နယ်တွင်နေထိုင်သူ တစ်ဦးက M-Media သို့ပြောကြားသည်။
အဆိုပါ စီမံကိန်းပေါ်ပေါက်လာပြီးနောက် ဒလမြို့သို့ နိုင်ငံခြားခရီးသွားများပိုမိုလာရောက်လျက်ရှိပြီး အများစုမှာ project ရေးဆွဲသည့် ကိုရီးယား လူမျိုးများသာဖြစ်ကြောင်း သိရသည်။
Comments