ဇူလိုင်-၁၆၊ ၂၀၁၃
M-Media
အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
ဦးဘချို (၁၈၉၃ – ၁၉၄၇)
ဒီးဒုတ် ဦးဘချိုအား ဖခင် မြန်မာ ဆေးဆရာကြီး ဦးဘိုးစာနှင့် မိခင် ဒေါ်မြစ် တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် မြောင်းမြမြို့၌ ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန့်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁၀ တန်းကို အထူးအောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ၁၀-တန်းစာမေးပွဲ၊ မက်ထရစ်စာမေးပွဲ၊ စကောလ်လာရှစ်စာမေးပွဲ ၃-မျိုးလုံး ၀င်ရောက်ဖြေဆိုရာ တစ်နှစ်လျှင် ၁၀-ဦးသာရသည့် ပညာသင် စကောလ်လာရှစ်ကိုပါ ကူးတွဲရရှိခဲ့သည်။ အသက် ၁၆-နှစ်အတွင် ရန်ကုန်ကောလိပ်သို့ တက်ရောက်ပညာသင်ကြားပြီး အသက် ၂၀-အရွယ် ဘီအေအထက်တန်းအရောက်တွင် မျက်စိဝေဒနာဖြင့် ကျောင်းထွက်ခဲ့ရသည်။
ထို့နောက် ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့ပြီး ပညာအုပ်လည်း လုပ်ခဲ့သည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရ ဝန်ထမ်းမှ ထွက်ပြီး အမျိုးသား ကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။
ဒီးဒုတ်ဦးဘချိုသည် အင်္ဂလိပ် – မြန်မာနှင့် ပါဠိ စာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ ကဗျာ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသော ဓနိ’ ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေများကိုလည်း ရေးသား ခဲ့သည်။
ဒီးဒုတ်ဦးဘချို၏ ဆရာများမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် မြောင်းမြမြို့ ဆရာဦးမောင်မောင် အပါအ၀င် ဆရာဦးမောင်မောင်ကျောင်းမှ မူလတန်း၊ အလယ်တန်း ဆရာ ဆရာမများ၊ ရန်ကုန်စိန့်ပေါလ်ကျောင်းမှ ဆရာများ၊ ရန်ကုန် ကောလိပ်မှ ဆရာများဖြစ်သည်။
အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ဒီးဒုတ်ဦးဘချိုသည် ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးလည်း အဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။
စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့်အတူ အထူး အပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း – ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။
ထိုကဲ့သို့ တိုင်းပြည်တာဝန် ထမ်းဆောင်နေစဉ် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။ နယ်ချဲ့လက်ပါးစေတို့၏ သတ်ဖြတ်မှုကြောင့် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်။
– အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။
– ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
အာဇာနည်နေ့ နှင့် ဆက်လျဉ်းသည့် အခြားပိုစ်များ ဖတ်လိုလျှင် Click Here
Comments