ဇူလိုင် ၁၆၊ ၂၀၁၃
M-Media
ဆူးထက်
သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င် သိမ်းထားသည့် လယ်မြေများ ပြန်လည် ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ အသံများ
သန်လျင် ။ ။ သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င်သိမ်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ အသံများကို စုစည်းတင်ပြလိုက်ပါတယ်။
“ကျွန်တော်တို့ လယ်ယာမြေတွေက သန်လျင် ရေနံချက် စက်ရုံဘေး သင်ပေါင်းတောနှင့် ပဲခူးမြစ်ဘေးမှာ ရှိတဲ့ လယ်ယာမြေတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေတွေကို သန်လျင်ရေနံချက် စက်ရုံက စွမ်းအင် သင်တန်းကျောင်းဆောက်မည့် အကြောင်းပြပြီး ၁၉၉၂-ခုနှစ်မှာ ရေနံချက် စက်ရုံမှာ လုံခြုံရေး ယူနေတဲ့ ဗိုလ်မှူးတစ်ဦး၏ နှုတ်မိန့်နဲ့ လယ်သမားများကို လူရော၊ တိရစ္ဆာန် မမြင်ချင်ဘူး။ သုံးရက်အတွင်း ပြောင်းပါဆိုလို့ ပြောင်းပေးခဲ့ရပါတယ်။ လယ်သမားတွေဆီက လယ်ဧက (၃၀၀)ကျော်၊ ဓနိခြံ ဧက (၁၀၀)၀န်းကျင်နှင့် ငါးကန်များ သိမ်းဆည်းခဲ့ပါတယ်။ ကွန်တော်ကတော့ လယ်(၁၅)ဧက၊ ဓနိခြံ (၂၆)ဧကနှင့် ငါးကန် (၃)ကန် သိမ်းဆည်းခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ လယ်သမားများဟာ စိတ်ဆင်းရဲမှုကြီးစွာနဲ့ ဒုက္ခမျိုးစုံ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေများကို တရားဥပဒေမဲ့ မတရား သိမ်းဆည်းထားတဲ့ အတွက် လယ်သမားများ ကိုယ်စား လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး အတွက် အခုလို စုပေါင်း ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု လယ်သမား မိသားစုများမှ ဦးမျိုးဦးမှ ဆန္ဒပြပွဲသို့ ရောက်ရှိလာကြသော မီဒီယာများနှင့် ပြည်သူများသို့ သူ၏ ရင်တွင်းခံစားချက်များကို ထည့်သွင်းပြောကြားခဲ့သည်။
လယ်ယာမြေ သိမ်းဆည်းခံရချိန်မှ ယခုချိန်ထိ ဒုက္ခဆင်းရဲ ခံစား ရပုံများကို ဗိုလ်ချုပ်ရွာမှ လယ်သူမကြီး ဒေါ်လှလှခင်က “ကျွန်မ လယ်လုပ်လာတဲ့ သက်တမ်းက ကြာပါပြီ။ ၁၉၈၉-၉၀ ခုနှစ်လောက်ထဲက စွမ်းအင် သင်တန်းဆောက်မယ် ဆိုပြီး အပြင်ကို ဖယ်ခိုင်းခဲ့ပါတယ်။ ကျွန်မဟာ မိမိပိုင် လယ်ယာမြေကနေ အရွယ်မရောက်သေးတဲ့ နှစ်နှစ်အရွယ် ကလေးကို လက်ဆွဲပြီး မျက်ရည်စက်လက် ရွာပြင်ရဲ့ လယ်ပြင်ထဲမှာ တဲပုတ်လေးတွေ ထိုးပြီး ကင်းတက်လိုက်၊ မြွေတက်လိုက်နဲ့ ဒုက္ခ ဆင်းရဲကြီး ကင်းစွာနဲ့ နေခဲ့ရပါတယ်။ စိတ်ဆင်းရဲခြင်း များစွာနဲ့ နေခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ သားသမီးတွေလည်း အတိ ဒုက္ခရောက်ခဲ့ရပါတယ်။ ကျွန်မတို့ ဒုက္ခရောက်ခဲ့ရတဲ့ နှစ်၂၀ကျော် ကာလအတွက် ဒီကနေ့ ဒီအချိန်မှာတော့ ကျွန်မတို့ ဆုံးရှုံးခဲ့ရတဲ့ လယ်မြေတွေ၊ ကျွန်မတို့ရောက်ခဲ့ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာတဲ့ အနေနဲ့ လယ်မြေတွေ ပြန်ရဖို့ အတွက် ခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ ဆုံးရှုံးခဲ့ရတဲ့ ကျွန်မကိုယ်တိုင် လယ်လုပ်လာခဲ့တဲ့ ကျွန်မတို့ရဲ့ နာမည်ပေါက် လယ်ယာမြေတွေပါ။ အဲဒီ မြေတွေ ပြန်မရမချင်း၊ ကျွန်မတို့အတွက် စီစဉ်မှု ဘာမှ မလုပ်ပေးမချင်း ခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ကျွန်မနည်းတူ ဒီမှာရောက်ရှိနေတဲ့ သူတွေ အားလုံးဟာလည်း ဘ၀မှာ လက်တွေ့ ခံစားခဲ့ရတဲ့ လယ်သမားတွေပါပဲ။ နိုင်ငံတော် သမ္မတကြီးနဲ့ တကွ လယ်ယာမြေ စုံစမ်း စစ်ဆေးရေး အဖွဲ့ကနေ စုံစမ်း စစ်ဆေးပြီး ကျွန်မတို့ရဲ့ လယ်ယာမြေတွေကို ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။
သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး ကော်မတီမှ အတွင်းရေးမှူး ဒေါ်မြမြလှိုင်က “လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု ပြည်သူများ မနစ်နာစေရန် စုံစမ်း စစ်ဆေးရေး ကော်မတီ” အပါအ၀င် ဌာနကြီး(၁၄)ခုကို စာတင်ထားခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့ လွှတ်တော်တို့မှ လယ်သမားများ ဆန္ဒပြခွင့်ရအောင် လမ်းဖွင့်ခွင့်ပြု ပေးထားလို့ တောင်းဆို ရခြင်း ဖြစ်ပါတယ်။ သမ္မတကြီးနဲ့ လွှတ်တော်က ခွင့်ပြုပေမယ့် အောက်ခြေမှာ ရှိတဲ့ စစ်တပ်တွေ၊ ဌါနဆိုင်ရာ အကြီးအကဲတွေကတော့ မသိကျိုးကျွန် ပြုနေကြပါတယ်။
နိုင်ငံတော် အတွက် မရှိမဖြစ် အရေးပါတဲ့ လယ်သမားများကတော့ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အစစအရာရာ ဆုံးရှုံးပြီး ဆင်းရဲ ဒုက္ခမျိုးစုံ ခံစားနေရပါတယ်။ လယ်သိမ်းစဉ် အချိန်ကလည်း ခလရ၊ ၉၀ မှ လာရောက်ပြီး လူ၊ ကျွဲ၊ နွား ဘာမှ မမြင်ချင်ဘူး ဆိုပြီး ဖယ်ရှားခိုင်းခဲ့တာပါ။ တရားဝင် လျော်ကြေးပေးတာမျိုးလည်း မရှိခဲ့ပါဘူး။ တရားဝင် စာနဲ့ပေနဲ့ သိမ်းခဲ့တာ မဟုတ်ပါ။ ပါးစပ်မိန့်နဲ့ စွမ်းအင် သင်တန်းကျောင်းဆောက်မယ် ဆိုပြီး သိမ်းခဲ့တာပါ။ တိုင်းပြည်အကျိုးစီးပွား တိုးတက်ရန် အတွက် စွမ်းအင် သင်တန်းကျောင်း ဆောက်ခဲ့ရင် ကျွန်မတို့ လယ်သမားများ သဘောတူ ကြည်ဖြူကြမှာပါ။
အခုတော့ သင်တန်းကျောင်း မဆောက်တဲ့အပြင် ရေနံချက် စက်ရုံမှ အလုပ်သမားများကို တစ်ဧက(၁၀)တင်းနှုန်းနဲ့ ယနေ့ထိ သီးစားချစားခဲ့ကြတာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် ကျွန်မတို့ ဆီက သိမ်းဆည်းထားတဲ့ လယ်တွေကိုဘဲ ပြန်လိုချင်ပါတယ်။ သင်ပေါင်းတောရှိ ဓနိခြံ၊ ငါးကန်နဲ့ လယ်မြေတွေမှာ အိမ်ယာတွေ တည်ထားတာ ပုဂ္ဂလိက လုပ်ငန်းရှင်များလက်ထဲ ရောက်ရှိနေပါတယ်။လယ်သမားတွေက တရားဝင်စာနဲ့တင်ပြ၊ လူကိုယ်တိုင် ဆန္ဒဖော်ထုတ်ပေမယ့် အရေးယူ ပေးတာ မရှိတဲ့အပြင် လျစ်လျူရှူခဲ့ကြပါတယ်။
ယခု သမ္မတနဲ့ လွှတ်တော်က စစ်တပ်သိမ်း လယ်မြေတွေကို ပြန်ပေးဖို့ ပြုလုပ်နေပြီလို့ သိရပါတယ်။ ကျွန်မတို့ လယ်မြေတွေကတော့ တပ်က သိမ်းပေးပြီး ရေနံက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဒါကို မကျေနပ်လို့ အခုလို လမ်းမပေါ်ထွက်ပြီး အများပြည်သူ သိရှိအောင် ဒုတိယအကြိမ် ဆန္ဒ ဖော်ထုတ်ကြခြင်း ဖြစ်ပါတယ်” ဟု M-Media သို့ပြောသည်။
သန်လျင် ဗိုလ်ချုပ်ရွာမှ လယ်သမားကြီး ဦးတင်ဝင်းက ” ပထမအကြိမ် ဆန္ဒထုတ်ဖော်တုန်းက အကျိုး အကြောင်း ဘာမှအဖြူ အမဲမသိရလို့ အခုဒုတိယအကြိမ် ထပ်ပြီ ဆန္ဒ ထုတ်ဖော်တာပါ။ အစိုးရဘက်က ဘာမှ မလုပ်ပေးသေးဘူးဆိုရင်လည်း ကျွန်တော်တို့ကတော့ ဆက်ပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နေမှာပါ။ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို နိုင်ငံတော်ကပဲ ဖြေရှင်းပေးမှ ရမှာဖြစ်တဲ့ အတွက် နိုင်ငံတော်ကိုပဲ အားကိုးပြီးတောင်းဆို မေတ္တာရပ်ခံနေတာပါ။ နိုင်ငံတော်မှာ ရှိတဲ့ အဖွဲ့အစည်းတွေက လယ်သမားကြီးတွေကို သက်ညှာတဲ့ အနေနဲ့ စဉ်းစားပြီးတော့ ဆောင်ရွက်ပေးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ သိမ်းဆည်းခံထားရတဲ့လယ်သမား မိသားစုတွေဟာ အတော်လေး အတိဒုက္ခ ရောက်ခဲ့ရတာပါ။ သိမ်းဆည်းသွားတဲ့အချိန်ကစပြီး အခုချိန်အထိ ဘာပံ့ပိုးမှုမှမရှိပါဘူး။
ကျွန်တော်က လယ်ဧက ၁၀ ဧက အသိမ်းခံခဲ့ရပါတယ်။ လယ်မြေသိမ်းတုန်က သင်တန်းကျောင်းဆောက်မယ် ပြောပြီး အခုချိန်ထိ ဘာသင်တန်းကျောင်းမှ မဆောက်ပါဘူး။ အဲဒီသိမ်းထားတဲ့မြေတွေ ထဲကို ၀င်လို့လည်းမရဘူး။ ဘာမှလည်း လုပ်ကိုင်လို့ မရဘူး။ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက် ဒီလယ်ယာမြေတွေ မှာ စပါး စိုက်ပျိုးပြီးအေးချမ်းစွာ လုပ်ကိုင် စားသောက်လာခဲ့တာပါ။ လယ်မြေတွေ မရှိတော့တဲ့ အတွက် လယ်သမားမိသားစုတွေ အများကြီးဒုက္ခရောက်နေရပါတယ်။ ကျွန်တော်တို့အိမ်မှာ မိသားစုဝင် ၉ ဦးရှိပါတယ်။ ကျွန်တော်က အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် မိသားစု စားဝတ်နေရေး အတွက် လယ်သမားက လယ်ယာမြေပဲ လုပ်ကိုင်တတ်သူတစ်ဦးဖြစ်ပေမယ့် လယ်ယာမြေတွေ မရှိတော့တဲ့နောက် အပြင်မှာ ရရာ ကျပန်း အလုပ်ကို လုပ်ကိုင် ရှာဖွေ ကျွေးမွေး လာခဲ့ရတာ ခုဆို နှစ်ပေါင်း ၂၃နှစ်ကျော်လာပါပြီ။ အဲလို လုပ်ကိုင် စားသောက်လာခဲ့ရတဲ့ အတွက် ကလေးတွေရဲ့ ပညာရေးရော၊ စီးပွားရေးရော အကုန်လုံး ကျပ်တည်း ဒုက္ခရောက် နေပါတယ်” ဟု M-Media သို့ပြောသည်။
ယခု လက်ရှိ သိမ်းဆည်းထားသော လယ်ယာမြေ နယ်မြေများအား ပုဒ်မ (၁၄၄) ကန့်သတ်တားမြစ် နယ်မြေ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ဓါတ်ပုံများကြည့်ရန် => Click Here
Comments