ဇူလိုင်-၁၇၊ ၂၀၁၃
M-Media
မေလအတွင်းက အမေရိကန်၏ ကမ္ဘာ့တစ်ခွင် သူလျှိုလှုပ်ရှားမှုများကို ဖော်ထုတ်ခဲ့သော အမေရိန်ကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ၏ ထောက်လှမ်းရေးဟောင်း အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) သည် ၂၀၁၃ ခုနှစ်၏ငြိမ်းချမ်းရေးနိုဗယ်လ်ဆု Nobel Peace Prize အတွက် လျာထားရန် အဆိုတင်သွင်းခံရသည်။
ဆွီဒင် (Sweden) ရှိ အူမီယာတက္ကသိုလ် (Umea University) မှ လူမှုဗေဒ ပါမောက္ခ စတီဖန် စဗလ်ဖော်စ် (Stefan Svallfors) က နော်ဝေပါလီမန်အဖွဲ့ (Norwegian parliament) သို့ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာတွင် အမေရိကန် အစိုးရ၏ လက်ရှိနှင့်ဆက်လက်တိုးချဲ့မည့် ကမ္ဘာ့တစ်ခွင်သူလျှိုလှုပ်ရှားမှုများကို ဖော်ထုတ်ခဲ့သူ အမေရိကန်သားအား နိုဘယ်လ်ဆုအတွက် ရွေးချယ်ရန် ထောက်ခံတင်သွင်းခဲ့သည်။
“ နိုင်ငံတော်ဥပဒေများ နှင့် နိုင်ငံတကာသဘောတူညီချက်များကို ချိုးဖောက်ကျူးလွန်မှုအပေါ် စေ့စပ်စွာစောင့်ကြည့်လေ့လာပြီး ဖွင့်ချလိုက်သည့်အတွက် အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) သည် ကမ္ဘာမြေအား အန္တရာယ်ဆိုးအချို့မှကင်းဝေးစေ၍ ပိုမိုလုံခြုံစေခဲ့သည်။ လူ့အခွင့်အရေး နှင့် လွတ်လပ်မှုအတွက် လူတိုင်း ရပ်တည်နိုင်ခွင့်ရှိကြောင်း ပြသရာလည်းရောက် သွားပါသည် ” ဟု ပါမောက္ခ မှ ဆိုသည်။
အသက် ၃၀ အရွယ် စနိုဒင်သည် အမေရိကန်ထောက်လှမ်းရေး လုပ်ငန်းမှ ရုန်းထွက်နိုင်ခဲ့ခြင်းမှာ သူ၏ ကိုယ်ကျိုးစွန့်၍ သူရဲကောင်းပီသသောလုပ်ဆောင်ချက်ဟု စဗလ်ဖော်စ် က ချီးမွှမ်းဖော်ပြခဲ့သည်။
“ ဒီလို စံနမူနာမျိုးက အလွန်အဖိုးတန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၄၅ ခုနှစ်၊ နူရင်မ်ဘာ့ခ် စီရင်မှု (Nuremberg Trials) မှာ ‘ အထက်က အမိန့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်ပါတယ် ’ လို့ ကျော်ကြားခဲ့တဲ့စကားစုဟာ လူ့အခွင့်အရေး နှင့် လွတ်လပ်မှုကို ဆန့်ကျင်ပြုလုပ်ဖို့အတွက် အကြောင်းပြချက်တစ်ခု မဟုတ်တော့ပါဘူး ” ဟု စဗလ်ဖော်စ် က ပြောသည်။
စနိုဒင်သည် အမေရိကန်နိုင်ငံအခြေစိုက် web server များကို အသုံးပြုနေသာ အမေရိကန်များ နှင့် အခြားနိုင်ငံသားများအား ခြေရာခံသည့် PRISM အမည်ရှိ အဓိက ပရိုဂရမ် အပါအ၀င် NSA ၏ လျှို့ဝှက် အစီအစဉ်များစွာကို ဖော်ထုတ်ဖွင့်ချခဲ့သည်။
ဥရောပသမဂ္ဂ (European Union) ရှိ ရုံးများ၊ ဥရောပမှ ပြည်သူများ၊ ကုမ္ပဏီများ၊ လက်တင်အမေရိကတိုက်ရှိ လူတစ်ဦးချင်းစီကို ထောက်လှမ်းနေသော အမေရိကန်၏ သူလျှိုလုပ်ခဲ့မှုဆိုင်ရာ အထောက်အထား စာရွက်စာတန်းများ ကိုပါ သူက ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
လူမှုဗေဒ ပါမောက္ခ စတီဖန် စဗလ်ဖော်စ်က မိမိသည် နိုဗယ်လ်ဆုချီးမြှင့်ရေးကော်မတီ Nobel Committee ထံသို့ စနိုဒင်အား ရွေးချယ်ရန် ဆက်လက်၍ တွန်းအားပေးသွားမည်ဟု ဆို၏။
“ ၄င်းဆုကို သူ့အားပေးအပ်ခဲ့ပါက ကမ္ဘာအင်အား အကြီးဆုံးနိုင်ငံက မနှစ်မြို့သော်ငြား ပြည်သူများ၏လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေးဖက်မှ ရပ်တည်ကာကွယ်ပေးလိုသည် ဟု ပြသသကဲ့သို့ဖြစ်ပေလိမ့်မည် ” ဟု စဗလ်ဖော်စ် မှ ကောက်ချက်ချသုံးသပ်ပြခဲ့သည်။
Nobel Peace Prize – ငြိမ်းချမ်းရေးနိုဗယ်လ်ဆုသည် ဆွီဒင် စက်မှုလုပ်ငန်းရှင် အဲလ်ဖရက် နိုဗယ်လ် (Alfred Nobel) ၏ အားထုတ်ကြိုးစားမှုကြောင့် ၁၉၀၁ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး၊ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ရရှိအောင် လုပ်ဆောင်ခြင်းအတွက်၊ စစ်ရေးတိုက်ခိုက်မှုများ လျော့နည်း/ရပ်စဲသွားအောင် လုပ်ဆောင်ခြင်းအတွက်၊ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် လက်ကိုင်ပြုတိုးမြှင့်ခြင်းအတွက် စသည်များ၌ အကောင်းဆုံးနှင့်အထူးခြားဆုံး ဆောင်ရွက်နိုင်ခဲ့သော လူတစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း အသင်းအဖွဲ့အလိုက်သော်လည်းကောင်း ၄င်းဆုကို နှစ်စဉ်နှစ်တိုင်း ချီးမြှင့်ပေးအပ်လျက်ရှိသည်။
GMA/SS
Comments