ဇူလိုင်-၉၊ ၂၀၁၃
M-Media
မူရင်းဆောင်းပါးရှင်-ဘာတေးလင့်တနာ
ဘာသာပြန်ဆိုသူ-မြင့်မိုရ်မောင်မောင်
၂၀၁၁ ခုနှစ်၊ မတ်လတွင် သမ္မတရာထူးကို အငြိမ်းစားဗိုလ်ချုပ် ဦးသိန်းစိန် ရယူခဲ့စဉ်ကစ၍ မြန်မာနိုင်ငံသည် လွတ်လပ်မျှတသောဒီမိုကရေစီစံနစ်သို့ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရှေ့ဆက်လိမ့်မည်ဟု နိုင်ငံတကာလေ့လာသူများထံ အကောင်းဖက်အမြင် ရှိလာခဲ့ကြသည်။
ပြဿနာအနေနှင့် မြန်မာ့မြောက်ဖျား ကချင်ပြည်နယ်မှ လက်နက်ကိုင်လူမျိုးစုဆိုင်ရာ ပဋိပက္ခသာ ရှေ့ဆက်စရာရှိနေသယောင် ဖြစ်ခဲ့၏။ ၄င်းမှာ ဒေသတွင်း စစ်အာဏာပိုင်များက အခွင့်အာဏာအသုံးချမှုပုံဟန် မမှန်ကန်သောကြောင့်ဟု ဆိုထားကြသည်။ နိုင်ငံတော်၏ ဒီမိုကရေစီ နည်းကျပြုပြင်ပြောင်းလဲရေး ကာလအတွင်း သမ္မတ၏စစ်ရေးစစ်ရာ ကိုင်တွယ်မှု အရည်အချင်းအပေါ် ထိုလူမျိုးစုတော်လှန်ရေးသမားများကသော် လည်းကောင်း၊ ပြည်သူလူထုကသော်လည်းကောင်း သိလိုနေခဲ့ကြသည်။ သို့တစေ စစ်တပ်အခြေတည် အမာခံများကို ဆန့်ကျင်ရမည့် ဦးသိန်းစိန်၏ပြန်လည်ပြုပြင်ရေး အစိုးရအား ပြင်ပကမ္ဘာက ထောက်ခံအားပေးရန် လိုအပ်သည်ဟု ပြည်ပ သုတေသီများမှ အဆိုပြုခဲ့ကြကုန်သည်။
ဤဖြစ်စဉ်အရ ဦးသိန်းစိန်သော်လည်းကောင်း၊ စစ်တပ်သော်လည်းကောင်း ကချင်တို့အပေါ် ကြမ်းကြုတ်စွာ ဖိနှိပ်ထားမှုအတွက် အဆုံးသတ်ဖို့ တာဝန်ရှိလာပေသည်။ သို့ဖြင့် ၂၀၁၃ ခုနှစ်၊ မေလတွင် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား၌ မရေရာသေးသော ငြိမ်းချမ်းရေး သဘောတူညီချက်ပြုလုပ်သည့်အဆင့်သို့ ရောက်လာ၏။ လက်တွေ့တွင်မူ “ တင်းမာမှုလျှော့ချရေးနှင့် အဆုံးသတ်ရေး ” အတွက် နိုင်ငံရေးဆွေးနွေးမှုပြုရန်သာ နှစ်ဖက်စလုံး သဘောတူညီနိုင်ခဲ့ကြသည်။ မည်သည့်ဌာန၊ မည်သည့်ကာလ၌ ထိုအချက်နှင့်စပ်လျဉ်း၍ ခိုင်မာသော ကတိက၀တ်နှင့်ဆုံးဖြတ်ချက်များ မချမှတ်နိုင်ခဲ့ပေ။
ဆယ်စုနှစ်ချီကြာမြင့်နေသည့် ဤပြည်တွင်းစစ်မှာ ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလတွင် အရှိန်အမြင့်ဆုံးအခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ရွှေ့ပြောင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်နှင့်ဂျက်လေယာဉ်သုံး လေကြောင်းတိုက်ပွဲများပါဝင်လာခြင်းတို့ကြောင့်ဖြစ်သည်။
ဒေသတွင်းစစ်အာဏာပိုင်များမှ ဤရွေ့ဤမျှအတိုင်းအတာအထိ စိတ်ပျက်စရာကောင်းလောက်အောင် စစ်ဆင်ခြင်း (သို့တည်းမဟုတ်) ၀ါရှင်တန် အခြေစိုက် Center for Strategic and International Studies ၏အဆိုဖြစ်သော စစ်တပ်၏ လူနည်းစုအချို့မှ ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းကို ပျက်လိုဖျက်ဆီးပြုနေခြင်း ဟူသည့် အတွေးအမြင်အား ပြောင်ပြန်လှန် လိုက်သလို ဖြစ်သွားတော့သည်။ ဤအနေအထားက မြန်မာစစ်တပ်၏ အာဏာသက်ရောက်မှု၊ ဦးသိန်းစိန်အစိုးရနှင့် ဆက်နွှယ်မှုများအပေါ် နားလည်လက်ခံစရာ ကင်းမဲ့သွားရသည်။
မြန်မာစစ်အုပ်ချုပ်ရေးကာလအတွင်း ဖွဲ့စည်းခဲ့သော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ – State Peace and Development Council (SPDC) မှတဆင့် ဦးသိန်းစိန် အာဏာရရှိခဲ့ခြင်းကို ကျွန်ုပ်တို့ မကြာခဏဆိုသလို မေ့လျော့ထားကြ၏။ ၄င်း SPDC သည် ၁၉၈၈ ခုနှစ်တွင် အာဏာရယူခဲ့ပြီး၊ ဦးသိန်းစိန် သမ္မတဖြစ်လာသော ၂၀၁၁ ခုနှစ်၊ မတ်လတွင် တရားဝင်ပယ်ဖျက်ခဲ့သည်။ ဦးသိန်းစိန်သည် စစ်အာဏာရှင်စံနစ်နှင့် နက်ရှိုင်းစွာ ပါဝင်ပတ်သက်ခဲ့သူ တစ်ဦး ဖြစ်သည်။ စစ်တပ်၌ ဗိုလ်ချုပ်၊ SPDC တွင် အတွင်းရေးမှူး ၁၊ နောင်သော် သမ္မတရာထူး လက်မခံမှီအထိ ဝန်ကြီးချူပ် စသည့် ရာထူးအဆင့်များဖြင့် ကျင်လည်ခဲ့သည်။
သူတာဝန်ထမ်းဆောင်ခဲ့သည့် မည်သည့်အဆင့်မှာမှ နိုင်ငံရေး သို့မဟုတ် ဦးဆောင်ချက်တစ်ရပ်ရပ်ကို လွတ်လပ်စွာဆောင်ရွက်ခြင်းဟူ၍ မတွေ့ရချေ။ သူသည် မြေ၀ယ်မကျ အမိန့်နာခံသည့် စစ်သည်တစ်ဦး၊ ၄င်းနောက် ဦးသန်းရွှေမှ လက်တန်းခန့်အပ်ခဲ့သော USDP [1] ကြံခိုင်ရေးပါတီ၏ ဥက္ကဌ နှင့် ဝန်ကြီးချူပ် ဖြစ်လေရာ – ဦးသန်းရွှေ၏ စေလိုရာစေ အပါးတော်တစ်ဦးအဖြစ် အစဉ်အမြဲရှိနေခဲ့ရသူဖြစ်၏။
သာဓကတစ်ရပ်ပြဆိုပါအံ့။ ဦးသိန်းစိန်သည် ဝန်ကြီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ၂၀၁၀ ခုနှစ်၊ နွေရာသီတစ်ရက်၌ မြောက်ကိုးရီးယားကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။ ကင်မ်ဂျုံအီလက်ထက်တွင် မြောက်ကိုးရီးယား၏ စစ်ရေးတိုးတက်မှုအပေါ် အမွှမ်း တင်မှတ်ချက်ပေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။ ထိုကာလများတွင် မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားနှင့် ရင်းနှီး ပတ်သက်နေမှုအား ၀န်ခံပြောဆိုရန် အနည်းငယ်မျှပင် နောက်မတွန့်ခဲ့။
၎င်းအကျိုးတူပူးပေါင်း ဆောင်ရွက်မှုများမှာ ယနေ့တိုင်ရှိနေ၏။ သို့သော် လျှို့ဝှက်ထား၏။ မကြာသေးမီကပင် ဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံခဲ့သည့် မြန်မာလုပ်ငန်းရှင်တစ်ဦးက ဦးသိန်းစိန်သည် ဆုံးဖြတ်ချနိုင်စွမ်းမရှိသော၊ တရားဝင်ကြေငြာချက်ရှိ အကြောင်းအရာ အချက်အလက်များကိုသာ ထပ်ပြန်တလဲလဲ ဆိုနေတတ်သော၊ ခိုင်းသည့်အတိုင်းသာ ပြောဆို တတ်သောသူ ဖြစ်ကြောင်း ဖော်ကျူးခဲ့သည်။
ထို့ကြောင့် မည်သည်မည်ဝါကို ပြောကြားပါဟု ဦးသိန်းစိန်အား ပြောဆိုခိုင်းစေနေသူမှာ အဘယ်သူနည်း ? မြန်မာစစ်တပ်၏ ထိပ်ပိုင်းဆိုင်ရာနှင့် နီးစပ်သူများ၏အဆိုအရ ဦးသိန်းစိန်ထံ၌ ကိုယ်ပိုင်ရည်မှန်းချက်ဟူ၍ မရှိ၊ ၄င်းပြင်အနားယူသွားပြီဟုဆိုကာ လူထုမြင်ကွင်းမှ ကိုယ်ယောင်ဖျောက်ခဲ့သော ဦးသန်းရွှေအား စိုးစဉ်းမျှ ပြန်လှန်ဝံ့သူ မဟုတ်၊ သို့ဖြစ်၍ သူ့အား ရွေးချယ်လိုက်ခြင်း ဟူ၏။
၂၀၁၀ ခုနှစ်၊ ဇွန်လတွင် ဦးသန်းရွှေသည် မိမိလူယုံတော် မင်းအောင်လှိုင်အား စစ်ဦးစီးချုပ်အဖြစ် ရွေးထုတ်ခန့်အပ်ခဲ့သည်။ သူသည်လည်း မိမိ၏ အရှင်သခင်ဟောင်းအား ဆန့်ကျင်ကျောခိုင်းမည့်သူ မဟုတ်ဟု ယုံကြည်အားထားရသူ သစ္စာခံ ဘက်တော်သားဖြစ်လေရာ လွတ်လပ်သောအတွေးအမြင် မရှိသူအဖြစ် လူသိများသည်။
သမ္မတ ဦးသိန်းစိန် နှင့် စစ်ဦးစီးချုပ် မင်းအောင်လှိုင်တို့နှစ်ဦးစလုံးအား သက်ဆိုင်ရာရာထူး၌ ခန့်အပ်သူမှာ ဦးသန်းရွှေ ပင်ဖြစ်၏။ ဦးသန်းရွှေသည် ကန့်လန့်ကာနောက်ကွယ်တွင် အာဏာကိုချုပ်ကိုင်ထားဆဲ၊ အဆုံးသတ်ဆုံးဖြတ်ပေးသူ အဖြစ်တည်ရှိနေဆဲဟု စစ်တပ် အတွင်းပိုင်းစကားအရ သိရှိရသည်။
စစ်တပ်ကို ထိပ်တန်းတင်သော မြန်မာနိုင်ငံ၏အာဏာ အဆောက်အဦးမှာ အပြောင်းအလဲမရှိသေး။ သို့ဖြစ်၍ နိုင်ငံရေးစံနစ်သည် ပြုပြင်ပြောင်းလဲရေးကြားကာလ၌ ရှိသည်ဟုဆိုခြင်းမှာ မမှန်ကန်တော့ချေ။ မြန်မာနိုင်ငံတွင် အမှန်တကယ်ဖြစ်ပျက်နေမှုများကို နားလည်နိုင်ရန်၊ မည်သို့ပြောင်းလဲမည် သို့မဟုတ် အပြောင်းအလဲရှိမရှိ သိမြင်ရန် အရေးကြီးသည့် အချိန်အခါရောက်လာပေပြီ။
နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို စစ်တပ်လက်အောက်ခံတစ်ရပ်မှ စီစဉ်ရေးဆွဲခဲ့ပြီး မသန့်ရှင်းသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ကာ ၂၀၀၈ ခုနှစ်၊ မေလတွင် ပြဋ္ဌာန်းသတ်မှတ်လိုက်ကြသည်။ ကမ်းခြေဒေသအများအပြားကို ပျက်စီးဆုံးရှုံးစေခဲ့သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံရစဉ်က ယင်းဆန္ဒခံယူပွဲအား ပြုလုပ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်မှာ ထောက်ခံမဲ ၉၂.၄၈ % ရရှိသည်ဟု တရားဝင်ထုတ်ပြန်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏နောက်တွင် အသက်သွင်းကျင့်သုံးခဲ့သည်။
ထိုရွေးကောက်ပွဲမှာ ထင်ထင်ရှားရှား လီဆည်မှုရှိခဲ့သည်သာမက အနုစိတ်ကြံစည်ချက်တစ်ခု ဖြစ်ခဲ့သည်။ အာဏာပိုင်တို့၏ ကိုယ်ပိုင် ထုတ်ဖော်မှုမှာပင်လျှင် ဤအချက်က မြင်သာလွန်းနေ၏။ ပဲခူးတိုင်းဒေသကြီး အတွင်း ထောက်ခံမဲ ထည့်ဝင်ကြသူမှာ ၁၀၂.၀၉ % အထိရှိသည်ဟု နိုင်ငံပိုင် မီဒီယာများက ကနဦးပိုင်း၌ ကြေငြာခဲ့သော်လည်း နောက်ပိုင်းတွင် ၉၉.၅၇ % ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ခဲ့သည်။ အလားတူစွာ ရခိုင်ပြည်နယ်ရှိမြို့နယ်တစ်ခု၌ ထောက်ခံမဲထည့်ဝင်သူ ၁၀၄.၂၈ % ဟုဆိုရာမှ နောင်သောအခါ ၇၁.၇၄ % ဟု ပြန်လည်စာရင်းပြခဲ့ကြသည်။
ထိုင်းနိုင်ငံအခြေစိုက် ပြည်ပရောက် မြန်မာနိုင်ငံသားတိှု့ စီစဉ်ထုတ်ဝေသော ဧရာဝတီမဂ္ဂဇင်း၌ ရန်ကုန် လုပ်ငန်းရှင်တစ်ဦး၏ စကားကို ကောက်နှုတ်ဖော်ပြထား၏။ ၄င်းမှာ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – Union Solidarity and Development Party (USDP) သည် ရွေးကောက်ပွဲများ ဖျက်သိမ်းထားသော ကချင်ပြည်နယ်၏ မဲဆန္ဒနယ် ၂ ခုတွင် အနိုင်ရရှိခဲ့ကြောင်း၊ USDP သည် တစ်နိုင်ငံလုံးတွင် အနိုင်ရခဲ့သည့် အပြင် ရွေးကောက်ပွဲ မကျင်းပခဲ့သည့် နယ်မြေဒေသများ၌လည်း အနိုင်ရရှိခဲ့ကြောင်း၊ သူနှင့်သူ့မိတ်ဆွေ အများအပြားမှာ ရန်ကုန်မြို့၌ ဒီမိုကရေစီဖက် ရပ်တည်သော ရွေးကောက်ပွဲဝင် ပါတီတစ်ခုအား မဲပေးခဲ့ကြကြောင်း၊ မဲများကိုရေတွက်ပြီးသောအခါ ထိုပါတီမှာ မိမိတို့မြို့နယ်၌ အနိုင်ရရှိခဲ့ကြောင်း၊ ယင်းအချက်ကို အတည်ပြုခဲ့ကြကြောင်း၊ သို့သော် အတည်ပြုပြီး နောက်မှာမှ မဲဆန္ဒနယ်သို့ “ကြိုတင်မဲ”များ ရောက်လာကြောင်း၊ ထိုအခါ ရလဒ်မှာ ပြောင်းပြန်ဖြစ်သွားကြောင်း၊ နိုင်ငံတစ်ဝှန်းတွင်လည်း အလားတူ လီဆည်မှု သတင်းများကို ကြားသိခဲ့ရကြောင်း ဟူ၍ဖြစ်သည်။
USDP သည် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလတွင် စစ်အာဏာရှင်တို့မှထူထောင်သည့် USDA မှ ဆင်းသက်လာသော ပါတီ ဖြစ်သည်။ ဦးသန်းရွှေ နှင့် ဦးသိန်းစိန်တို့မှာ USDA အဖွဲ့ဝင်များအနက်မှဖြစ်သည်။ ၄င်း USDA ၌ အသင်းဝင်ပေါင်း ၂၄ သန်းရှိသည်ဟုဆိုလျက် ၂၀၁၀ ခုနှစ်၊ မတ်လတွင် USDP ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲ ၀င်ရောက်ရန် ဦးသိန်းစိန်အား ခေါင်းဆောင် တင်မြှောက်ခဲ့ကြသည်။ ၄င်းပါတီသည် အသစ်ဖြစ်တည်လာသော လွှတ်တော်နှစ်ရပ်လုံး၌ နေရာ အများစုကို ရရှိလိုက်သည်။
လွှတ်တော်နှစ်ရပ်လုံးရှိ အမတ်နေရာလေးပုံတစ်ပုံမှာ ရွေးကောက်ပွဲမှ အနိုင်ရရှိခဲ့သောနေရာများမဟုတ်။ စစ်တပ်မှ တိုက်ရိုက်ခန့်အပ်သူများ၊ တာဝန်ထမ်းဆောင်စဲ စစ်တပ်အရာရှိများ အနက်မှ ရွေးချယ်ထားသူများ ဖြစ်နေကြပေသည်။
သို့မှသာ ဥပဒေသစ်တစ်ရပ်ဖြင့် ပါလီမန်လွှတ်တော်အား ကိုင်တွယ်ထိန်းချုပ်ထားနိုင်မည်၊ စစ်တပ်ကို ပြန်လည်ပြုပြင် တည်ဆောက်ရေး လမ်းကြောင်းပေါ် တင်လိုက်လျှင် အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်း၌ သိက္ခာဆယ် အရောင်ပြန်တင်နိုင်လိမ့်မည်ဟု အာဏာဆုပ်ကိုင်ထားစဲ ထိပ်တန်းစစ်အုပ်စုဝင်များက တွက်ဆထားကြ၏။
ပြည်တွင်း၌ အချေအတင်ဖြစ်လာသည့် တရုတ်ပြည်အပေါ် အလွန်အကျွံမှီခိုအားထားနေမှုအား မသိမသာ ရှောင်ဖယ်ထိန်း ညှိနိုင်ရေးအလို့ငှာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဖို့ကိုလည်း မျှော်လင့်ထားကြ၏။ ထိုအချက်ကို ကျွန်ုပ်ရရှိခဲ့သော မြန်မာစစ်တပ်မှ အတွင်းစည်း အထောက်အထားတို့ဖြင့် သိရခြင်းဖြစ်သည်။ သို့ဖြစ်လေရာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲပြီး မရှေးမနှောင်းတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့် ပေးခဲ့ကြ၏ ။ ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြ၏။ ဆယ်စုနှစ်များစွာ တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားခဲ့သော စာနယ်ဇင်းနှင့် မီဒီယာလွတ်လပ်ခွင့်ကိုလည်း အံ့သြစဖွယ် ကောင်းလှအောင် ဖြေလျော့ ဇက်လွှတ်ပေးခဲ့ကြလေသည်။
ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာတို့ ၌ USDP ကိုယ်စားလှယ်များကို ခန့်အပ်ပြီးသည့်နောက် လစ်လပ်နေရာများအစားထိုးရန် အတွက် ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – National League for Democracy (NLD) အား ၀င်ရောက်စေခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကက်ဘိနက် အဖွဲ့ဝင်များသည် လွှတ်တော်အမတ် မဖြစ်ရ၊ နိုင်ငံရေးပါတီအဖွဲ့ဝင်လည်း မဖြစ်ရ ဟု ဆိုထားသည်။ ယှဉ်ပြိုင်အမတ်နေရာ ၄၄ နေရာအနက် ၄၃ နေရာကို NLD မှ အနိုင်ရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ပါလီမန်အမတ်ဖြစ်လာသော်ငြား သူမ၏ပါတီသည် အမတ်နေရာစုစုပေါင်း၏ ၇ % သာ နေရာယူနိုင်ခဲ့သည်။
သူမ နှင့် NLD ပါတီ၏စွမ်းဆောင်မှုများ အပေါ် ဝေဖန်ချက်တို့မှာ စိတ်ပျက်ဖွယ်ဖြစ်သွားရသည်။ ၄င်းတို့သည် အတိုက်အခံကဲ့သို့ မရပ်တည်၊ တရားဝင်မူဝါဒများအပေါ် မဝေဖန်၊ ထူးခြားမှုတင်ဆက်နိုင်ခြင်းလည်း မရှိကြချေ။ ၄င်းအစား သူတို့သည် အစိုးရနောက်သို့ကောက်ကောက်ပါအောင် လိုက်နေကြ၏၊ မဆိုစလောက်သော စောဒကများသာ ပြုလုပ်ပြီး အဆိုသစ်များကိုလည်း မတင်သွင်းနိုင်ကြပါ။ ထင်ရှားသော ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦး မှ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏
ကျောသပ်ချော့သိပ်မှုကို ခံနေရကြောင်း၊ လူထု၏အသံကို ကိုယ်စားမပြုနိုင်တော့ကြောင်း ဆိုခဲ့သည်။ ကချင်ပြည်နယ်မှ စစ်ပွဲများအပေါ် သူမ၏နှုတ်ဆိတ်နေမှုက ဝေဖန်သံများ လျှံထွက်စေခဲ့သလို – သစ္စာပျက်ယွင်းစေသည်ဟုခံစားရသော ကချင် အသိုင်းအ၀ိုင်းများက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တစ်ချိန်က အပြင်းထန်ဆုံးအတိုက်အခံခေါင်းဆောင်အဖြစ်မှသည် မြန်မာအုပ်ချုပ်သူများ၏ အလိုလိုက်အကြိုက်ဆောင်ဘ၀သို့ ရောက်နေရပြီဖြစ်၏။ ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလတွင် ဟိုနိုလူလူရှိ East-West Center ၌ ပြောဆိုခဲ့သော စကားအရ စစ်တပ်ဖက် အလေးသာနေကြောင်း ခန့်မှန်းရပေသည်။ “ ကျွန်မကို ဗမာစစ်တပ် အပေါ် နှစ်သက်သူ အဖြစ် မကြာခဏဆိုသလို ဝေဖန်ကြတယ်။ မတတ်နိုင်ဘူး၊ ဒါအမှန်တရားပါဘဲ ”။
ယင်းသို့စကားများမှာ လက်ခံနားလည်ပေးရ ခက်ခဲလေခြင်း။ ၄င်းပြင် လူနည်းစုဝင်မြန်မာတိုင်းရင်းသားတို့အကြား သူမအပေါ်ထောက်ခံမှုကို အလေးမထားရာ ရောက်သွားခဲ့၏။ စစ်အုပ်ချုပ်ရေး၏ အမှောင်မိုက်ဆုံးကာလအတွင်း တိုင်းရင်းသားများစွာက သူမအား မျှော်လင့်အားထားခဲ့ကြသည်။ ဟာဝိုင်ယီ၌ ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောနေချိန်တွင် မြန်မာစစ်တပ်သည် ဆိုင်းမပါ ဗုံမဆင့် လေကြောင်းစစ်ဆင်မှုနှင့်အတူ ထိုးစစ်ကြီးဆင်လေသဖြင့် အမျိုးသမီးနှင့်ကလေးအများစုပါဝင်သော ထောင်ဂဏန်းရှိ ကချင်တို့မှာ ကချင်စစ်ဌာနချုပ်အနီး အသစ်ကျပ်ချွတ် ဗုံးကျင်းများထဲ ခေါင်းမဖော်နိုင်သည့်ဖြစ်အင်နှင့် ကြုံကြိုက်နေခဲ့ကြကုန်သည်။
စစ်တပ်၏ကြီးစိုးနေသောအခန်းကဏ္ဍနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်နိုင်ခဲ့သည်မှာ ဤမျှသာဖြစ်၏။ ၂၀၀၈ ခုနှစ်အခြေခံဥပဒေ အခန်း ၁ တွင် – ကာကွယ်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ နိုင်ငံရေးခေါင်းဆောင်မှုတွင် ပါဝင်စေရမည် ဟုဆိုထားသည်။ သို့အတွက် တိုင်းပြုပြည်ပြုလွှတ်တော် အမတ်များအားလုံး၏ ၂၅ % သောနေရာကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။ ယင်းဥပဒေကို အခြေခံစည်းမျဉ်းများ အပြောင်းအလဲမပြုလုပ်နိုင်အောင် ရှုပ်ရှုပ်ထွေးထွေး ရေးဆွဲဖော်ဆောင်ထားလေရာ က်ရှိအာဏာ တည်ဆောက်မှု ဆိုင်ရာ အပြောင်းအလဲအလို့ငှာ တစ်စုံတစ်ရာသော အဆိုတင်သွင်းချက်သည်ပင် စစ်တပ်၏ ဗီတိုအာဏာဖြင့်သာ ပြီးမြောက်စေသည်။ သာမန်အသေးအဖွဲ စည်းမျဉ်းအပြောင်းအလဲများမှာမူ လွှတ်တော်အမတ် ၂၀ % ၏ ထောက်ခံအတည်ပြုမှုဖြင့် ဆောင်ရွက်ခွင့် ရှိနေ၏။ သို့ရာတွင် အရေးပါသည့် တစ်ဖက်သတ်စည်းမျဉ်း ၁၀၄ ပိုဒ်တို့ကိုပြင်ဆင်လိုပါက ရှေးဦးစွာ အမတ်အားလုံး၏ ၇၅ % မှ လက်ခံအတည်ပြုရမည်၊ ၄င်းနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်၊ ယင်းသို့ကျင်းပရာဝယ် တရားဝင်မဲထည့်ခွင့်ရှိသူ အပေါင်းမှ လျှို့ဝှက်မဲပေးကြရမည်ဟု ဆိုထားလေသည်။
မြန်မာနိုင်ငံသည် ၁၉၇၄ ဖွဲ့စည်းပုံဥပဒေအတွက် ပထမဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် နောက် တစ်ကြိမ်ပြုလုပ်ပြီး ကနဦးဥပဒေကို အစားထိုးစေပြန်သည်။ သို့သော် တရားမျှတမှုမရှိသော မှတ်တမ်းစာရင်း ၀င်နေသဖြင့် ဤရှုပ်ထွေးပွေလီလှသည့် နည်းစဉ်က ၄င်းအပိုဒ်များကို အနုလုံပဋိလုံ ပြင်ဆင်ပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။ ဤအချက်သည် စစ်တပ်မှ အာဏာကို သွယ်ဝိုင်ချုပ်ကိုင်ထားမှု သက်ဆိုးရှည်စေအောင် တရားဝင်ပြုလုပ်ထားလိုက်ခြင်းဖြစ်၏။ အမတ်လောင်းများ အတွက်လည်း ရွေးချယ်ခံရပြီးနောက်ပိုင်း မည်သည့်ပြဿနာမျှ မရှိစေရဟု ထိန်းချုပ်ထားပြန်သည်။ ၄င်းဖွဲ့စည်းပုံဥပဒေသစ်၏ အပိုဒ် ၃၉၆ တွင် (စစ်တပ်မှ ပုဂ္ဂိုလ်ရေး အဆက်သွယ်အားဖြင့် သွယ်ဝိုက် ထိန်းချုပ်ထားသော) ရွေးကောက်ပွဲကော်မရှင်သည်လည်း လုပ်ဆောင်မှု မှားယွင်းပါက ပယ်ဖျက်ရုပ်သိမ်းခံရမည်ဖြစ်ကြောင်း
ဆိုထား၏။ တဖန် ဒီမိုကရေစီစံနစ်ဆိုင်ရာ အခြေအနေများမှာ လုံးဝလက်လွှတ်ပျက်ယွင်းသွားပါက လိုအပ်လာပါလျှင် နိုင်ငံတော် သမ္မတသည် စစ်ဦးစီးချုပ်ထံသို့ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေး အာဏာနှစ်ရပ်စလုံး လွှဲပြောင်းပေးရမည်ဟု အပိုဒ် ၄၁၃ က ဖော်ပြထားလေသည်။
မြန်မာနိုင်ငံ၏ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ခု၏ ဒေသတွင်း အနေအထားတွင်လည်း ၄င်းတို့၏ ကိုယ်ပိုင်အင်အားစုများ စိမ့်ဝင်ရောက်ရှိနေစေရန် အကောက်ကြံထားပြန်သည်။ ရွေးချယ်ခံ အမတ်နေရာအားလုံး၏ သုံးပုံတစ်ပုံကို စစ်တပ်အတွက် အရံသင့်ချန်ထားပေးရမည်၊ ဒေသတွင်း ညှိနှိုင်းဆွေးနွေးမှုများက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဘောင်အတွင်းက ရှိနေရမည်ဖြစ်၏။ ပြည်နယ်လွှတ်တော်၊ တိုင်းလွှတ်တော်တို့၏ ဆုံးဖြတ်ထုတ်ပြန်ချက် နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များမှာ တာဝန်အပ်နှင်းခံရခြင်း မရှိသော တစ်စုံတစ်ဦး၏ လုပ်ရပ်၊ မဲပေးမှု နှင့် ပါဝင်ဆောင်ရွက်ခြင်းကို နောင်တွင် တွေ့ရှိခဲ့သော်လည်း ပယ်ဖျက်ခြင်း မပြုရ ဟူသောသဘောထားကို အပိုဒ် ၁၈၃ ၌ တွေ့ကြရပေမည်။
သာမန်အတွေးဖြင့်ပင် အဖြေပေါ်နေလေပြီ။ ရွေးချယ်တင်မြှောက်ခြင်းမခံရသည့်တိုင် အမည်ခံအုပ်စုတစ်စုမှ ဒေသဆိုင်ရာ လွှတ်တော်အတွင်း ပါဝင်နိုင်သည်၊ နေရာယူထားနိုင်သည်၊ ဆန္ဒမဲပေးနိုင်သည်၊ သို့သော် ယင်းအရေးအရာနှင့်ပတ်သက်၍ ဘာမှ မဆောင်ရွက်နိုင်။ ၄င်း၏ရည်ရွယ်ချက်ကား ဒေသဆိုင်ရာလွှတ်တော်အစည်းအဝေးများကို ပိုမိုအခွင့်အရေးရရှိစေသော၊ ၄င်းပြင် ဗဟိုချုပ်ကိုင်ဦးစီး စနစ်အားထိပါးစေသော – လွတ်လပ်စွာ ဆုံးဖြတ်ခွင့်နှင့်လုပ်ငန်းဖော်ဆောင်ခွင့်အား တားဆီးထားခြင်း ဖြစ်သည်။ ဤသို့ ရွေးချယ်ခံဒေသတွင်း ကိုယ်စားလှယ်များကို ဆန္ဒမဲပေးခွင့် ပိတ်ဆို့ထားခြင်း၊ ၄င်းတို့၏နေရာတွင် အချို့သောပုဂ္ဂိုလ်များအား ကိုယ်စားစေလွှတ်စေခြင်းဖြင့် ကန့်သတ်ဘောင်ခတ်ထားပေသည်။
ဤသည်မှာ ဦးသန်းရွှေ၏ တွက်ချက်မှုပေါ် အခြေခံထားသည့် ရုပ်လုံးသစ်တစ်ရပ်ဖြစ်သည်ဟု မြန်မာရှေ့နေတစ်ဦးက ဆိုသည်။ လွန်လေပြီးသော မြန်မာအာဏာရှင်ဟောင်းများသည် အာဏာကိုစွန့်လွှတ်လိုက်ရပြီး ပီပြင်သောသြဇာခံတစ်စုကို မချန်ရစ်ထားနိုင်ခဲ့ကြ။ ၂၀၁၀ ခုနှစ်၌ ဘေးထွက် ထိုင်လိုက်သော ဦးသန်းရွှေသည် မိမိကိုယ်တိုင်နှင့်မိမိ၏ သားစဉ်မြေးဆက်ကို ကာကွယ်ရန် လမ်းကြောင်းသစ် တစ်မျိုးကို ဖော်ဆောင်လိုက်သည်။ ၄င်းမှာ စစ်တပ်၊ ဗဟိုအစိုးရ၊ အရံအင်အားစု အာဏာရပါတီ USDP ၊ လွှတ်တော် တည်းဟူသော အာဏာလေးရပ် ပုံဟန်အား တီထွင်လိုက်ခြင်းဖြစ်၏။ လွှတ်တော်သည် အာဏာ၏ ဗဟိုဌာနဖြစ်ပြီး ၄င်း၌ အတိုက်အခံ အနည်းငယ်မျှ ပါဝင်စေရန် လိုက်လျောထား၏။
ယင်းအာဏာလေးရပ်အနက် စစ်တပ်သည် အရေးအပါဆုံးနေရာတွင် ရှိနေသည်။ အထူးအခွင့် အာဏာအသုံးပြုခွင့် အပြင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း ထိန်းချုပ်ထားလေရာ အာဏာပိုင် အစိုးရ၏ အထက်သို့ ရောက်သွားပါတော့သည်။ ဦးသိန်းစိန်သည် ထိုကောင်စီ၏ ဥက္ကဌ ဖြစ်သော်လည်း ရုပ်သေး ရုပ်သာသာဖြစ်နေပေ၏။ ကောင်စီအဖွဲ့ဝင် ၁၁ ဦးအနက် ငါးဦးမှာ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိများဖြစ်ပြီး နောက်ထပ် ငါးဦးမှာ အရာရှိဟောင်းများဖြစ်ကြသည်။ အရပ်သားစစ်စစ်ဟူ၍ တစ်ဦးတည်းသာပါဝင်နေသည်။ စစ်တပ်မှာ ဦးသိန်းစိန်၏ လက်အောက်တွင် မရှိ။ စစ်ဦးစီးချုပ် မင်းအောင်နိုင်၏ အမိန့်အောက်တွင် ရောက်နေသည်။ စစ်ဦးစီးချုပ်သည်လည်း သူ၏ အရှင်သခင်ဖြစ်သော ဦးသန်းရွှေထံ အစီရင်ခံနေရ၏။
ယနေ့မြန်မာနိုင်ငံသည် စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်းအာဏာအဆောက်အဦးကို ဗန်းပြထားသည့် စစ်အစိုးရ တိုင်းပြည်တစ်ခုသာ ဖြစ်ပေသည်။ အတိုက်အခံပါတီများ နှင့် လွတ်လပ်စွာဖော်ထုတ်ခွင့်များကို စစ်တပ်၏ ကိုယ်တွယ် စီမံမှုဘောင် အတွင်းမှသာ လိုက်လျောခွင့်ပြုထားသည်။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်လင့်ကစား NLD ကို အာဏာအပ်နှင်းရန် စစ်တပ်မှ အလိုတူဟန် မရှိကြောင်း ထင်ရှားနေ၏။ ၀န်ကြီးနေရာအချို့ကိုမူ ပေးကောင်းပေးပေလိမ့်မည်။ သို့ပင်သို့ငြား ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဤ ၀န်ကြီးနှင့် ဒုဝန်ကြီးများသည် မိမိတို့သက်ဆိုင်ရာပါတီ၏အမတ်နေရာကိုသာမက ၊ ပါတီကိုလည်း မိမိတို့ဦးထိပ်ထားခဲ့ဖူးသော မိခင်အဖွဲ့အစည်း အဖြစ်မှ စွန့်လွှတ်ကြရမည် ဖြစ်သောကြောင့် NLD မှာ သာမညောင်ည ဘ၀သို့ ရောက်ပေတော့မည်။ ငြမ်းစင် တစ်ခုသာ ဖြစ်သွားပေတော့မည်။
စစ်တပ်၏ပေါက်ရောက်မှုကို သာမန်အာဏာ လက်ခွဲများအထိတော့ သပ်လျှိုဆန့်သွင်းမထားပါ။ လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်း အဖြစ်မြင်အောင် ကိုင်တွယ်ထားသည်။ စစ်အုပ်ချုပ်ရေးအောက်မှ မီဒီယာများမှာ မကြုံဖူးလောက်အောင် လွတ်လပ်ခွင့် ရှိလာ၏။ သို့သော် ဆင်ဆာ စည်းမျဉ်းဟောင်းတို့ကို ပိုမိုရှုပ်ထွေးနားလည်ရ ခက်ခဲသောနည်းလမ်းဖြင့် အစားထိုးထားခြင်းသာဖြစ်သည်။ အကြီးမားဆုံး ပုဂ္ဂလိကပိုင် ဂျာနယ်တိုက် Eleven Media group ၏ ၀က်ဘ်ဆိုဒ်မှာ ဇန္န၀ါရီ နှင့် ဖေဖော်ဝါရီလက ဟက်ခံရပြီး အချက်အလက်နှင့် ပုံများပျက်စီးသွားခဲ့သည်။ Eleven Media သည် ပြည်တွင်းသတင်း အုပ်စုများအနက် ကချင်ပြည်နယ် စစ်ပွဲအကြောင်းကို ပထမဆုံး ပြောင်ပြောင်တင်းတင်းဖော်ပြခဲ့သည့် အဖွဲ့ဖြစ်သည်။ ကချင်စစ်မက်ဒေသသို့သွားရောက်ခဲ့သော ၄င်း၏ ဂျာနယ်လစ် တစ်ဦးအား မျက်စေ့ဒေါက်ထောက် လိုက်လံစောင့်ကြည့်ခဲ့ကြသည်။ ဤသည်မှာ ပြည်သူတို့အပေါ် မကြာခဏ အသုံးပြုနေခဲ့သည့် ခြောက်လှန့်နည်း တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံသား အပါအ၀င် နိုင်ငံခြားသား ဂျာနယ်လစ်အများအပြားတို့၏ အီးမေးလ်အကောင့်တို့မှာ စစ်တပ်၏ hacking – တိုက်ခိုက်ဖျက်ဆီးခြင်း ခံနေရသည်။ လူထုအကြား M.I ဟု ကျော်ကြားသော မြန်မာနိုင်ငံ၏ကြောက်စရာ အကောင်းဆုံး စစ်ထောက်လှမ်းရေး – Military Intelligence သည် ကောင်းစွာရှင်သန်နေဆဲ။ ပထမဆုံးအကြိမ် စစ်အာဏာသိမ်းပြီး နောက်ပြဋ္ဌာန်းခဲ့သည့် အလွန် တင်းကြပ်လွန်းသော ၁၉၆၂ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေကိုလည်း ပြန်လည် မရုပ်သိမ်းသေးချေ။
၎င်း ၁၉၆၂ ဥပဒေကို လက်ရှိကာလ၌ အဓမ္မ မကျင့်သုံးသော်လည်း ၂၀၁၃ ခုနှစ်၊ မေလတွင် စာနယ်ဇင်းသမားများ ကာကွယ်ရေးကော်မတီမှ နိုင်ငံတွင်းရှိမီဒီယာ အသိုင်းအ၀ိုင်းမှာ အချိန်တိုအတွင်း လွတ်လပ်ခွင့် ရရှိရမည့်အစား ဖိနှိပ်ခံထားရဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ မြန်မာမွတ်စ်လင်မ် လူနည်းစုအား တိုက်ခိုက်လာစေရန် သွေးထိုး လှုံ့ဆော်ဟောပြောနေသော – သမရိုးကျ ဗုဒ္ဓရဟန်းသံဃာတော် မဟုတ်သော ဦးဝီရသူ အကြောင်းကို ဇွန်လတွင် တိုင်းမ်မဂ္ဂဇင်းမှဖော်ပြခဲ့သည်၌ ထိုမဂ္ဂဇင်းကိုလည်း ပိတ်ပင်တားမြစ်ခဲ့ပြန်သည်။
တစ်ချိန်တည်းမှာပင် စစ်တပ်သည် ၄င်း၏ ဧရာမ ကုမ္ပဏီနှစ်ခုဖြစ်သော မြန်မာဦးပိုင်ကုမ္ပဏီ – Union of Myanmar Economic Holdings (UMEH) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း – Myanmar Economic Corporation (MEC) တို့အားဖြင့် စီးပွားရေး နှင့် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် လက်ဝါးကြီး အုပ်ထားဆဲဖြစ်သည်။ UMEH ကို ၁၉၉၀ ခုနှစ်က တည်ထောင်ခဲ့ပြီး မြန်မာစစ်တပ်မှ ကိုင်တွယ် စီမံထားသည်။ မြန်မာနိုင်ငံအတွက် စစ်လက်နက် ပစ္စည်းများကို ပြည်ပမှ ၀ယ်ယူတင်သွင်းပေးသော ကာကွယ်ရေးနှင့်ထောက်ပံ့ရေး ၀န်ကြီးဌာနက ၄င်းကုမ္ပဏီ၏ ရှယ်ယာဝေစု ၄၀ % ပိုင်ဆိုင်ပြီး၊ ကျန်ရှိသည့် ၆၀ % ကို စစ်အရာရှိများက ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြသည်။ ၄င်းသည် ပစ္စည်းတင်သွင်းခွင့် နှင့် လက်ဝါးကြီးအုပ်ခွင့်ကို အများထက်ပို၍ လွန်ကျွံထူးကဲစွာ ရလျက်ရှိကြောင်း ရိုက်တာအထူးအစီရင်ခံချက်အရ သိရ၏။ သြစတေးလျနိုင်ငံ၊ Macquaire University မှ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ရှောင် တာနဲလ် (Sean Turnell) က “အမြတ်အစွန်းတွေကို နှစ်ပေါင်းများစွာ ကိုင်တွယ် ထိန်းချုပ်ထားသူက အာဏာရှင်ဟောင်း ဦးသန်းရွှေ ဖြစ်တယ် ” ဟု ဆိုသည်။ MEC ကို ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ ၄င်းသည် အကြီးစား စက်မှုလုပ်ငန်း နှင့် IT လုပ်ငန်းများအတွက် ကာကွယ်ရေးဝန်ကြီး လက်အောက်မှ လည်ပတ် လှုပ်ရှားနေသည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ဖြစ်၏။
ဦးသန်းရွှေနှင့်သူ၏ အသုံးတော်ခံများသည် ဤစံနစ်သစ်နှင့်ထိပ်တိုက် တိုးလာသည်နှင့်အမျှ ရေရှည်ခံတော့မည် မဟုတ်ဘဲ အနာဂတ်တွင် ပဋိပက္ခဖြစ်လာဖွယ်ရာ အကြောင်းရှိနေသည်။ အထူးစောင့်ကြည့်ရမည့် ပုဂ္ဂိုလ်ကား SPDC အဖွဲ့ဟောင်းမှ တတိယအဆင့်ဝင် နှင့် လက်ရှိလွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဖြစ်၏။ သူသည် ဦးသိန်းစိန်နှင့်မတူဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ထူးခြားသော ဆက်ဆံရေးကို ထူထောင်ထားသည်။ သို့သော်လည်း ၄င်းသည် ယာယီသဘောမျှသာ ဖြစ်နိုင်လိမ့်မည်၊ သူ၏ ထင်ပေါ်ကျော်ကြားမှုအတွက် အထောက်အကူမပြုတော့လျှင် သူမအား ခွာထုတ်လိမ့်မည်ဟု နီးစပ်သော အသိုင်းအ၀ိုင်းမှဆိုကြသည်။ အခြား တစ်ဖက်တွင်တော့ ဦးရွှေမန်းသည် ဒေသခံ စစ်အာဏာပိုင်များ၊ တိုင်းမှူးများအကြား ရေပန်း မစားလှကြောင်း စစ်တပ် အတွင်းစည်းမှလူတို့က ယုံကြည်ကြသည်။ သူ့အား မျှော်မှန်းလွန်းသူ အဖြစ်လည်းကောင်း၊ ၄င်းတို့၏ အသားကျပြီးသားပုံစံခွက် အတွက် အန္တရာယ်ပေးနိုင်မည့်သူ အဖြစ်လည်းကောင်း အမြင်ရှိနေကြ၍ ဖြစ်ပေသည်။
ဦးရွှေမန်းမှ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အာဏာဆုပ်ကိုင်ထားစဲ စစ်အာဏာပိုင်များအတွင်း၌ ပဋိပက္ခများ၊ အာဏာပြိုင်ခြင်းများကတော့ ပိုမိုဖြစ်ပွားလာဖွယ် ရှိနေ၏။ မြန်မာနိုင်ငံ၏အနာဂတ်သည် ထိုအချက်ပေါ်တွင် တည်မှီနေ၏၊ ပါလီမန်လွှတ်တော် သို့မဟုတ် အစိုးရအတွင်း၌ မဟုတ်။
ဦးသန်းရွှေမှာ အသက် ၈၀ အရွယ်သို့ ရောက်လာပြီး ကျန်းမာရေးမကောင်းဟု သိရသည်။ သူဖန်တီးထားခဲ့သော အာဏာ အဆောက်အဦးသည်သာ သူ့အား ကယ်တင်နိုင်ပေတော့မည်။ ဦးသန်းရွှေ ကွယ်လွန်ပါက ပိုမိုပွင့်လင်းသော ခေတ်သစ် တစ်ရပ် မွေးဖွားလာနိုင်ပြီး စစ်တပ်သည် ကျောထောက်နောက်ခံ အနေနှင့်သာ မှေးမှိန်သွားဖွယ် ရှိသည်ဟု အကောင်းမြင်သမားတို့က ဆိုကြသည်။ သို့စေကာမူ သံသယ အမြင်သမားတို့သည် လက်ဟောင်းအာဏာရှင် ဦးနေ၀င်းနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ လေ့လာသူများက ယင်းသို့ပင် ဆိုခဲ့ဖူးကြောင်း မမေ့လျော့ကြဘဲ စစ်တပ်သည် တစ်နည်းမဟုတ် တစ်နည်းဖြင့် အာဏာ ဆက်လက်တည်နေဖို့ ကြံဆောင်ထားကြောင်း အရှင်းလင်းဆုံး ဆိုနိုင်မည့် အကြောင်း တစ်ချက်သာရှိနေပါ၏။ မီဒီယာမျိုးစုံမှ ပုံဟန်အစုံဖြင့် ဖော်ကျူးနေလင့် ကစား မြန်မာနိုင်ငံ၏ ပြန်လည်ပြုပြင်ရေး အစီအမံသည် အရေပြားတစ်ထောက်စာမျှသာဖြစ်လျက်၊ စစ်တပ်မှ အရှိန်မလျှော့ဘဲ အာဏာဆက်လက်ဆုပ်ကိုင်ထားနိုင်အောင် ပုံဖော်ထားချက်ပင်ဖြစ်ကြောင်း ဟူသတည်း။
**ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်း တွင်ဖော်ပြခဲ့သည့် နာမည်ကြီး သတင်းစာ ဆရာ BERTIL LINTNER ၏ The Military’s Still in Charge ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် မြန်မာလိုပြန်ဆိုပါသည်။
*[1] မူရင်းဆောင်းပါးတွင် SPDC ဟုရေးသားထား
Comments