ဇူလိုင်-၂၁၊ ၂၀၁၃
M-Media
မလေးရှားနိုင်ငံ မြို့ပြဖွံ့ဖြိုးရေးနှင့် အိမ်ရာစီမံကိန်း၊ ပြည်တွင်းရေးရာ ၀န်ကြီး တာဝန်ယူထားသော ကိုတာဘာလူး (Kota Belud) မဲဆန္ဒနယ်၏ လက်ရှိ အာဏာရပါတီ Umno လွှတ်တော် အမတ်ဖြစ်သူ ဒါတွတ် အဗ်ဒုလ် ရဟ်မာန် ဒဟ်လန် (Datuk Abdul Rahman Dahlan) ၏ “ သမ္မာကျမ်းကို မီးရှို့လိုက်ခြင်းက သူတို့ (သမ္မာကျမ်း လက်ကိုင်ပြုသူတို့)ကို ပိုသေးသိမ်စေလိမ့်မယ် ” ဟူသော ဆို စကားအပေါ် ထင်ရှားသော မွတ်စ်လင်မ်ပညာရှင် နှင့် Perlis ဓမ္မသတ်မှူးဟောင်း ဒေါက်တာ မုဟမ္မဒ် အဆ်ွရီ ဇိုင်နုလ် အာဗိဒီးန် (Dr. Mohd Asri Zainul Abidin) မှ အောက်ပါ အချက်တွေနဲ့ တုန့်ပြန်ဝေဖန်လိုက်ပါတယ်။
Perlis ဓမ္မသတ်မှူးဟောင်း ဒေါက်တာ မုဟမ္မဒ် အဆ်ွရီ ဇိုင်နုလ် အာဗိဒီးန် တန့်ပြန်ဝေဖန်ချက်ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
“တိုင်းပြည် ကောင်းစားရေးနဲ့ဆန့်ကျင်တဲ့ ဆိုစကားဖြစ်တယ် ”
“ သမ္မာကျမ်းစာကို မှားယွင်းဖော်ပြထားတယ်ဆိုပြီး ပြန်လည် တည့်မတ်ပြုပြင်ရေး အတွက် မီးရှို့လိုက်ရမယ်လို့ အစ္စလာမ်သာသနာက ဖော်ပြထားခြင်း မရှိဘူး ”
“ အဲ့ဒီလိုလုပ်ရပ်မျိုး ပြုလုပ်ဖို့ အစ္စလာမ်သာသနာက မိမိနောက်လိုက်တွေကို ဘယ်တုန်းကမှ မသွန်သင်ထားခဲ့ဘူး။ သမ္မာကျမ်းဂန်ဟာ မွတ်စ်လင်မ်တွေရဲ့ ပိုင်ဆိုင်မှုလည်း မဟုတ်ဘူး ”
“ သူ ဘာတွေပြောနေတာပါလိမ့် ! မည်သည့်ဘာသာတရားကိုမဆို စော်ကားခြင်းအပေါ် အစ္စလာမ်က တားမြစ်ပိတ်ပင်ထားတယ်။ အဲ့လိုလုပ်ရပ်မျိုးက ရန်ငြိုးတရားကို ဖိတ်ခေါ်တာဖြစ်တဲ့အပြင် အစ္စလာမ်သာသနာ နဲ့ အလ္လာဟ်အရှင်မြတ်ကို လက်တုန့်ပြန်စော်ကားမှု ဖြစ်လာစေတယ်။ ပါးရိုက်ယင် နားကိုက်မယ်ဆိုတဲ့ပုံစံမျိုးလည်း ကျွန်တော်တို့မှာ လုပ်နိုင်ခွင့် မရှိဘူး ”
“ အမုန်းမီးမွှေးဖို့ ကျွန်တော်တို့သာသနာက လုံးဝ သွန်သင်မထားဘူး။ အခြားဘာသာဝင်တွေရဲ့ သက်ဆိုင်ရာကျင့်ထုံး အခွင့်အရေး၊ သက်ဆိုင်ရာ ကျမ်းဂန် ထိန်းသိမ်းဖော်ဆောင်ခွင့်ကို အစ္စလာမ်က အစဉ် အသိအမှတ်ပြုထားတယ် ”
“ မွတ်စ်လင်မ်တစ်ဦးအနေနဲ့ အစ္စလာမ်သာသနာကို လွတ်လပ်စွာကျင့်သုံးခွင့် တားဆီးတဲ့လုပ်ရပ်အတွက်သာ တိုက်ခိုက်ခွင့် ရှိတယ်။ မွတ်စ်လင်မ် မဟုတ်ဘူးဆိုယုံနဲ့ ဘယ်သူ့ကိုမှ ရန်သူအဖြစ် ကြေငြာခွင့် မပြုထားဘူး ”
Comments