M-Media
နေပြည်တော် ဇူလိုင် ၃ဝ၊၂၀၁၃
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ ညနေ ၃ နာရီက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကြောင်း သမ္မတရုံး အင်တာနက်စာမျက်နှာက ဖော်ပြထားသည်။
ထိုသို့တွေ့ဆုံရာ၌ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် ဒေသ အချို့တွင် ဖြစ်ပွားခဲ့သော နှစ်ဖက် လူ့အဖွဲ့အစည်း နှစ်ရပ် အကြား ပဋိပက္ခ ဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ် ချမှတ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများရှိ ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားသော အကူအညီများ အဆင်ပြေ ချောမွေ့အောင် ပေးအပ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်က မြန်မာပြည်တွင် အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်းနှင့် ရခိုင်အပါအ၀င် အခြားဒေသများ၌ ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများမှာ ရာဇ၀တ်မှု တစ်ခုအပေါ် အခြေခံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ မှ သွေးထိုးလှုံဆော်မှု များကြောင့် ပြဿနာကြီး ထွားခဲ့ကြောင်း၊ ယခုအခါ တည်ငြိမ် အေးချမ်းအောင် ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား လူမျိုး/ဘာသာမခွဲခြားဘဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတရုံးက ထိုပဋိပက္ခများ စဖြစ်ကတည်းက ပြည်တွင်းပြည်ပသွေးထိုး လှုံဆော်မှုများကြောင့် ပြဿနာ ကြီးထွားလာသည်ဟု တွင်တွင်ပြောနေသော်လည်း ယခုအချိန်ထိ ပြဿနာ ကြီးထွားအောင် ပြုလုပ်ခဲ့ကြသည့် သွေးထိုး လှုံဆော်သူများကို အများပြည်သူရှေ့မှောက် တရားဝင် ချပြခြင်းမျိုး မရှိသေးပေ။
သတင်းဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံး
Comments