M-Media
သြဂုတ်လ ၁၉ ရက်၊ ၂၀၁၃
လတ်တလောအီဂျစ်အခြေအနေကိုတော့ ဘာသာရေးကို နိုင်ငံရေးထဲ သွတ်သွင်းတဲ့ မော်စီအစိုးရကြောင့် အီဂျစ်ပြည်ကြီး သွေးချောင်းစီးလေသလားလို့ သုံးသပ်ရပါတော့မယ်။
ဘာသာရေးကို နိုင်ငံရေးထဲ သွတ်သွင်းပြီး လူမျိုး ဘာသာရေးဗန်းပြကာ လူထုထောက်ခံမှု ရရှိအောင် ကြိုးစားခဲ့တဲ့ မော်စီ အစိုးရကတော့ လတ်တလော ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်း စစ်တပ်ကတော့ စစ်တပ်ပီပီ ထုံးစံအတိုင်း သတ်ဖြတ်မှုတွေကို တရစပ် ကျူးလွန်နေတာကြောင့် ဥရောပသမဂ္ဂက ဘရပ်ဆဲလ်မှာ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အီဂျစ်အရေးကို အလျင်အမြန် သုံးသပ်နိုင်ဖို့ ကြိုးစားနေကြပါပြီ။ အီဂျစ် အရေးကြောင့် အိမ်နီးချင်းနိုင်ငံတွေကို သက်ရောက်မယ့်အကျိုးဆက်တွေကိုလည်း ဥရောပသမဂ္ဂက ထောက်ပြပြောဆိုခဲ့ပါတယ်။
အီဂျစ်စစ်တပ်က မော်စီထောက်ခံသူတွေကို သတ်ဖြတ်မှုဟာ ငါးရက်အတွင်း လူပေါင်း ၈၀၀ နီးပါးရှိနေပြီလို့ သတင်းများက ဆိုပါတယ်။
ကိုင်ရိုအခြေဆိုက် ရိုက်တာသတင်းဌာနရဲ့ သတင်းပေးပို့ချက် အရ အီဂျစ်ရဲ့ လက်ရှိ ၀န်ကြီးချုပ် ဟာဇမ် အလ်-ဘီဘလာဝီက ကြားဖြတ် သမ္မတ နဲ့ တွေ့ဆုံရာမှာ မွတ်စလင် ဘရားဟုသ်ခေါ် မော်စီအစိုးရ ပါတီကို ဖျက်သိမ်းဖို့ ပြောကြားခဲ့တဲ့ အကြောင်း၊ မော်စီအစိုးရ ပါတီရဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း လေ့လာနေတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အီဂျစ်ပြည်ရဲ့ လူဦးရေ သန်း ၉၀ မှာ ၁၀ ရာခိုင်နှုန်းကတော့ ကော့ပ်တစ် ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။ မော်စီကိုထောက်ခံတဲ့ လူတန်းစားက ဦးဆောင်ပြီး ခရစ်ယာန်တွေရဲ့ ချာခ်ျ ဘုရားကျောင်း တွေကို ဖျက်ဆီးခဲ့တာဟာ အခုဆိုရင် ချာခ်ျ ဘုရားကျောင်း ၄၀ နီးပါး မီးသင့်ခဲ့ပြီးဖြစ် သလို ဘုရားကျောင်း ၂၃ ခုဟာလည်း ဖျက်ဆီးခံခဲ့ ရတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဂျပန်အခြေဆိုက် (http://the-japan-news.com) အရ ခရစ်ယာန် သီလရှင်တွေကို အစွန်းရောက်တွေက မျက်စိရောက်ပြီး ကျူးလွန်စော်ကားကြမယ့်အခြေအနေမှာ မွတ်စလင် အမျိုးသမီးကြီးတစ်ဦးက သူတို့ကို အကာအကွယ်ပေးပြီး နေထိုင်ဖို့ စီစဉ်ပေးခဲ့တဲ့ အကြောင်းကို အေပီသတင်းဌာနကို ကိုးကားပြီး သတင်းရဲ့ ထိပ်ဆုံး စာကြောင်းမှာပဲ ရေးသားဖော်ပြထားပါတယ်။ ခရစ်ယာန်အမျိုးသမီးတွေဟာ ကာယိနြေ္ဒိစော်ကားခံရမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
သောကြာနေ့မှာတော့ ကော့ပ်တစ်ခရစ်ယာန်တွေက “လက်နက်ကိုင်ပြီး အကြမ်းဖက်တဲ့ အုပ်စုနဲ့ အကြမ်းဖက်မှု” တွေကို တိုက်ခိုက် ခုခံပေးနေတဲ့ ရဲတွေနဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြားဖြတ် အစိုးရကို ထောက်ခံကြောင်း ဖော်ပြပါရှိတဲ့ ကြေညာစာတမ်း တစ်ခုကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ခရစ်ယာန်တွေ အဲဒီလို အတိုက်ခိုက်ခံနေရပေမယ့် သူတို့တွေဟာ အလယ် အလတ်လမ်းစဉ်လိုက် မွတ်စလင်တွေအတွက် အနီးကပ် ဆွဲဆောင် မှုတွေ ဖြစ်နေသလို ဒါဟာလည်း အီဂျစ်ပြည်မှာ ရှားပါးလှတဲ့ စုစည်း ညီညွတ်ပြယုဂ်တစ်ခုဖြစ်ပါတယ်လို့ ဂျပန်သတင်းဌာနက သုံးသပ်ဖော်ပြထားပါတယ်။
Comments