သြဂုတ် ၂၂၊ ၂၀၁၃
M-Media
ဘုန်းမင်းခန့်
ရပ်စောက် ။ ။ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့အတွင်း မကြာသေးမီရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာဝင်မိသားစုနှင့် အစ္စလာမ်ဘာသာဝင်မိသားစုအကြား ဖြစ်ပေါ်ခဲ့သော လူမှုရေး၊ အိမ်ထောင်ရေးပြဿနာများ ပြေလည် စေရန်နှင့် နှစ်ဖက် အသိုင်းအ၀ိုင်းများအကြား ဖြစ်ပေါ်နေသော သံသယများပြေပျောက်စေရန် (၂၁.၈.၂၀၁၃)ရက်နေ့တွင် ရှမ်းပြည်နယ်အစ္စလာမ် ဘာသာရေးအဖွဲ့မှ ရပ်စောက်မြို့သို့ သွားရောက်ခဲ့ပြီး ရပ်စောက်မြို့နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရပ်စောက်မြို့ရှိ အစ္စလာမ်ဘာသာဝင်လူကြီးများ၊ ရပ်မိရပ်ဖ လူကြီးမင်းများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး ပြေလည်စွာဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်နေ အဘဦးမြဟန်၏သားဖြစ်သူ အစ္စလာမ်ဘာသာ ကိုးကွယ်သူ မောင်အောင်လွင် (ခ)အောင်လေးနှင့် ရပ်စောက်မြို့၊ လွယ်ကိုး ရပ်ကွက်နေ အဘ ဦးထွန်းရွှေ၏ သမီး ဗုဒ္ဓဘာသာကိုးကွယ်သူ မတင်တင်အေးတို့သည် လွန်ခဲ့သော (၆)နှစ်ခန့် ၂၀၀၇ခုနှစ်မှ စတင်ကာ နှစ်ဦးသဘောတူ အကြင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြကာ မိမိတို့ယုံကြည် ကိုးကွယ်ရာများကို သီးခြားစီ လွတ်လပ်စွာ ကိုးကွယ်ခဲ့ကြပြီး သားသမီး(၂)ဦး ထွန်းကားခဲ့ပါသည်။ မောင်အောင်လွင် (ခ)အောင်လေးနှင့် မတင်တင်အေးတို့ ဇနီးမောင်နှံနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်ရေး အဆင် မပြေဖြစ်မှုကြောင့်လည်းကောင်း၊ မိခင်၏ခေါ်ယူမှုကြောင့်လည်းကောင်း မတင်တင်အေးသည် လွန်ခဲ့သော ၁နှစ် ၂၀၁၂-ခုနှစ် သြဂုတ်လမှ စတင်၍ မိဘများနေအိမ်သို့ ပြန်သွားခဲ့ကြောင်းသိရှိရပါသည်။
မောင်အောင်လွင်မှာ သားသမီးနှစ်ဦးနှင့် အတူနေထိုင်လျှက် ၎င်းသားသမီးနှစ်ဦးတို့အား ယနေ့ ထက်တိုင် ပြုစုစောင့်ရှောက်ခဲ့ကြောင်းလည်း သိရှိရပြီး (၁၆.၈.၂၀၁၃)ရက်နေ့တွင် မတင်တင်အေးမှ မိမိအနေဖြင့် ခင်ပွန်းဖြစ်သူ မောင်အောင်လွင် (ခ) အောင်လေး နှင့် ပြန်လည်ပေါင်းသင်းလိုသော ဆန္ဒ မရှိတော့ကြောင်း၊ သားသမီးနှစ်ဦးအား မိမိမှ မိခင်ဖြစ်သည့်အားလျှော်စွာ ပြန်လည်ရယူ ထိန်းသိမ်းစောင့်ရှောက် လိုကြောင်း၊ ခင်ပွန်းဖြစ်သူ မောင်အောင်လွင်(ခ)အောင်လေးထံမှ သားသမီးနှစ်ဦးအား ပြန်လည်ပေးအပ်ရန်
တောင်းဆိုခဲ့ရာတွင် ခင်ပွန်းဖြစ်သူ မောင်အောင်လွင်မှ သားသမီးနှစ်ဦးအား ပြန် မပေးနိုင်ကြောင်းနှင့် မနှစ်သက်ဖွယ်ရာ စကားများဖြင့် ပြန်လည်ပြောဆိုခဲ့ သဖြင့် မတင်တင်အေးမှ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ မိမိတို့၏ အိမ်ထောင်ရေးဖြစ်စဉ်အား တင်ပြခဲ့ကြောင့် သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများမှ မောင်အောင်လွင် (ခ)အောင်လေးနှင့် မတင်တင်အေးတို့ ဇနီးမောင်နှံနှစ်ဦးအား ခေါ်ယူညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း မောင်အောင်လွင် (ခ) အောင်လေးမှ မိမိတို့၏ သားနှစ်ဦးအား ဇနီးဖြစ်သူ မတင်တင်အေးအား ပြန်မပေးနိုင်ကြောင်းပြောဆိုခဲ့ပြီး ညှိနှိုင်းမှု အဆင်မပြေခဲ့သဖြင့် တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့် တစ်ဖက် တင်းမာမှုများဖြစ်ပေါ်ခဲ့ပါသည်။
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် ထိုသို့သော အိမ်ထောင်ရေးနှင့်ပြဿနာပြေလည်မှု မရှိသည့် အကြောင်းကို အခြေခံသည့် သံသယများ၊ ကောလဟာလများကြောင့် အေးချမ်းစွာ နေထိုင်လျက်ရှိ ကျသော ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် နှစ်ဖက် အသိုင်း အ၀ိုင်းကြားတွင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သော ရပ်စောက်မြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်စောက်မြို့ပေါ်ရှိ ရပ်မိရပ်ဖများနှင့် အစ္စလာမ်ဘာသာဝင် လူကြီးများမှ ဦးဆောင်၍ ရှမ်းပြည်နယ် အစ္စလာမ် ဘာသာရေးအဖွဲ့ဝင် လူကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး (၂၁.၈.၂၀၁၃)ရက်နေ့တွင် နံနက် (၁၀း၀၀)နာရီတွင် ရပ်စောက်မြို့ အစ္စလာမ် ဗလီဝတ်ကျောင်းတော် ခန်းမ၌ တွေ့ဆုံဆွေးနွေးကာ မောင်အောင်လွင်(ခ)အောင်လေးနှင့် မတင်တင်အေးတို့ ဇနီးမောင်နှံနှစ်ဦး၏ အိမ်ထောင်ရေးနှင့် သားသမီး ကိစ္စရပ်များအား နှစ်ဦးနှစ်ဖက် ပြေလည်စွာ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။
မတင်တင်အေးမှ ခင်ပွန်းဖြစ်သူ မောင်အောင်လွင်(ခ)အောင်လေးနှင့် ဆက်လက်ပေါင်းသင်းလိုသော ဆန္ဒမရှိတော့သဖြင့် (၂၁.၈.၂၀၁၃)ရက်နေ့တွင် နှစ်ဦးသဘောတူ လင်မယား ကွာရှင်းပြတ်ဆဲခြင်း စာချုပ်အား သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သက်သေ လူကြီးမင်းများရှေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ မတင်တင်အေးမှ မိခင်ဖြစ်၍ သားသမီးနှစ်ဦးအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကျွေးမွေးထောက်ပံ့မှုကိုလည်း မိခင်ဖြစ်သူမှပင် တာဝန်ယူရန်၊ မိခင်လက်ဝယ်ရှိ သားသမီးနှစ်ဦးအား ဖခင်မှ ခေတ္တခဏတွေ့ဆုံ လိုပါကလည်း မိခင်ဖြစ်သူမှ ခွင့်ပြုပေးရန် စသည်တို့ကိုလည်း နှစ်ဦးသဘောတူ ၀န်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ပြီး လူမှုရေးပြဿနာကို ဖြေရှင်းခဲ့ကြောင်းသိရသည်။
Comments