သြဂုတ်-၂၇၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်
ရန်ကုန် ။ ။ Generation Youth နှင့် ဒီမိုကရေစီ အင်အားစုတို့ ပူးပေါင်းကျင်းပသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ၁၈ အား လုံးဝ ဖျက်သိမ်းပေးရေး ရှင်းလင်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၆-ရက်နေ့က ရန်ကုန်မြို့၊ အလုံမြို့နယ်၊ သစ်တောလမ်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဒဂုံဆိပ်ကမ်း အလုပ်သမား သမဂ္ဂများ အင်းအားစုက ကိုတင်ကိုဦးက “ပုဒ်မ ၁၈ က နိုင်ငံသားတိုင်းဟာ မိမိနိုင်ငံ နယ်နမိတ်အတွင်း လွတ်လပ်စွာ သွားလာနေထိုင်မှု ရှိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီ ရနေပြီလို့ ပြောနေပေမယ့် လူ့အခွင့်အရေးတွေကို ဘာမှ မပေးနိုင်သေးဘူး။ ပြီးတော့ အလုပ်သမား၊ လယ်သမား အရေး ဆောင်ရွက်နေသူတွေကိုလည်း အတင်းချုပ်ချယ်နေတဲ့ ဥပဒေပါ။ ဒါကြောင့် ဒီပုဒ်မ ၁၈ က ကျွန်တော်တို့ အလုပ်သမား၊ လယ်သမား ပြည်သူတွေအတွက် ဥပဒေနဲ့ အညီ ရပိုင်ခွင့်တွေကို ပိတ်ပင်ချုပ်ကိုင်ထားတဲ့ ဥပဒေလို့ ယူဆတဲ့အတွက်ဒီပုဒ်မ ၁၈ ဟာ ပယ်ဖျက်သင့်ပါပြီလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
“ပုဒ်မ ၁၈ ဆိုတာ တကယ်တန်း ပြည်သူကို ဖိနှိပ်ထားသည့် ဥပဒေ ဖြစ်ကြောင်း၊ ပြည်သူလူထုဟာ အမျိုးမျိုးချုပ်ချယ် ဖိနှိပ်မှုတွေ ခံနေရတယ်။ ပုဒ်မ ၁၈နဲ့ပဲ ထောင်ချတယ်၊
တရားစွဲတယ်၊ နိုင်ငံသား အခွင့်အရေးတွေကို လုံးလုံးလျားလျား ပိတ်ဆို့ထားတယ်။ ပုဒ်မ ၁၈ နဲ့ ပတ်သပ်ပြီး ဘာလုပ်မလဲဆိုရင် မနက်ဖြန် သြဂုတ်လ ၂၇-ရက်နေ့က စပြီး မြေနီကုန်း ကနေ စတင်ပြီး ဆူးလေ မြို့တော်ခန်းမရှေ့အထိ မြို့နယ် (၇)မြို့နယ်ကို ဖြတ်ပြီး ပုဒ်မ ၁၈ ကို ဆန္ဒဖော်ထုတ်မယ်။ အဲလိုဆန္ဒဖော်ထုတ်တာကို တကယ်တမ်း နားထောင်တဲ့
ပြည်သူ့လွှတ်တော်လို့ ပြောနေတဲ့ လွှတ်တော်က ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံကို သေချာနားထောင်ပြီး ကျွန်တော်တို့ လုပ်ချင်တဲ့ အလုပ်တွေကို သေချာ တစိုက်မတ်မတ် လုပ်ပေးပါ။ အဲဒါဆိုရင်တော့ ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်လို့ လုံးဝ တထစ်ချ ယုံကြည်ပေးမယ်။ ဒီလိုမှ မဟုတ်ဘဲ ပုဒ်မ ၁၈ တွေနဲ့ တရားထပ်စွဲနေမယ်၊ လုပ်ပိုင်ခွင့်တွေကို ဒီ့ထက်မက ပိတ်ထားမယ် ဆိုရင် ကျွန်တော်တို့ အသက်နဲ့ ဘ၀တွေ ပေးပြီး ကျွန်တော်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို တွန်းလှန်သွားမယ် ” ဟု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်းခံထားရသော ကိုလှိုင်မင်းဦးက ဆိုသည်။
” နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားသည့် အဖွဲ့အစည်းတွေ အားလုံးသည် ဥပဒေကို ချိုးဖောက်နေတယ်။ ၂၀၀၈ အခြေခံ ဥပဒေအတိုင်း မဆောင်ရွက်ဘဲနဲ့ အထက်အမိန့်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေတယ်။ လက်ရှိ ဥပဒေကို ကျွန်တော်တို့ နိုင်ငံသားတွေက ဘယ်လို နားလည်ပေးရမှာလဲ။ ပြည်သူတွေ အကျိုးအတွက် ပြည်သူတွေဘက်က ရပ်တည်ပြီး တောင်းဆိုပေးနေတဲ့ သူတွေကိုကြတော့ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံနေရတယ်။ လက်ပံတောင်း ဆောင်ရွက်တဲ့သူတွေ၊ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့သူတွေ၊ လယ်သမားအရေး လုပ်တဲ့သူတွေ၊ အလုပ်သမားအရေး လုပ်တဲ့သူတွေ အားလုံးကို နိုင်ငံတော်ကို ပုန်ကန်တယ်ဆိုတဲ့ ပုန်ကန်မျိုးနဲ့ ပုဒ်မ ၁၈တပ်ပြီး တရားစွဲတယ်။ ပုဒ်မ ၁၈ ဟာ နိုင်ငံရေးမှာ တတ်ကြွစွာ လှုပ်ရှားတဲ့ သူတွေအတွက်ပဲ သက်သက် ရေးဆွဲထားသလို ဖြစ်နေတယ်။ အဲဒါကြောင့် အပြင်းထန်ဆုံး ကန့်ကွက်တယ် “ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံထားရသူများက ဆိုသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈တွင် ခွင့်ပြုချက် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ကြောင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
အစိုးရသစ်လက်ထက် ယင်းဥပဒေပြဌာန်းပြီးနောက် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အရေးယူခံထားရသော အမှုပေါင်း ၁၃၄ မှု ရှိကြောင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖျက်သိမ်းရန် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ပါတီ များသို့ အိပ်ဖွင့်ပေးစာများ ပေးပို့ထားကြောင်း သိရသည်။
ယနေ့ သြဂုတ်လ ၂၇-ရက်နေ့ နေလည် ၂-နာရီမှ စတင်၍ မြေနီကုန်းမှ ဆူးလေ ပန်ခြံထိ ကို ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး၊ အလုပ်သမား အရေး၊ လယ်သမားအရေး၊ လူ့အခွင့်အရေး လှုပ်ရှားရေးတို့ကြောင့် မတရားဖမ်းဆီး တရားစွဲဆိုသူများအား ချက်ချင်းလွှတ် စသည့် ပိုစတာများကိုင်စွဲကာ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြဆိုခဲ့ကြောင်း သတင်း ရရှိသည်။
ဓါတ်ပုံများကို FB တွင် ကြည့်ရှု့လိုလျှင် >> Click Here
Comments