စက်တင်ဘာ ၃ ၊
M-Media
အယူဝါဒနှစ်ခု ပိုမိုနီးကပ်စေရန်ရည်ရွယ်၍ အမေရိကန်တောင်ပိုင်း နယူးမက္ကဆီကိုပြည်နယ်ရှိ Farmington Presbyterian ဘုရားကျောင်းတွင် အစ္စလာမ်၏ စစ်မှန်သော ပုံရိပ်ကို မိတ်ဆက်ပေးရန် အတွက် သင်တန်းတစ်ခုဖွင့်လှစ်ရန် စိစဉ်နေသည်ဟုသိရသည်။
“၉/၁၁ ပြီးကတည်းက အစ္စလာမ်နဲ့ပက်သက်ပြီးအများကြီးနားမလည်တဲ့ ကျနော်တို့ဟာ အစ္စလာမ်ဆိုတာဘာလဲဆိုတာကို မြင်သာလာခဲ့ပါတယ်။” ဟု Farmington Presbyterian ဘုရားကျောင်း၏ သိက္ခာတော်ရဆရာတော် ဂလင် ပရီကာက Farmington နေ့စဉ်သတင်းစာသို့ ပြောကြားခဲ့သည်။ “ခရစ်ယာန်နှင့်အစ္စလာမ်သာသနာ၏ တူညီမှုများနှင့် ကွဲပြားမှုများ”ဟု မည်ပေးထားသည့် အဆိုပါသင်တန်းကာလမှာ ၁၀ ပတ်ကြာမြင့်မည်ဖြစ်ပြီး Farmington ဒေသရှိပြည်သူများအား အစ္စလာမ်အကြောင်းမိတ်ဆက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ဟုသိရသည်။
ထိုသင်တန်းအား Farmington Presbyterian ဘုရားကျောင်း၌ စက်တင်ဘာ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ခရစ်ယာန်နှင့် အစ္စလာမ်သာသနာတို့တွင်ရှိသည့် တူညီမှုများနှင့် ကွဲပြားမှုများကို လေ့လာခြင်းအားဖြင့် ခရစ်ယာန်ဘာသာဝင်များနှင့် မွတ်စလင်များအကြားရှိ လစ်ဟာမှုများအား ပေါင်းကူးပေးရန်ကြိုးစားခြင်းဖြစ်သည်။
အဆိုပါသင်တန်းကိုတက်ရောက်ပါက မွတ်စလင်များသည် ခရစ်ယာန် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် တမန်တော်ကြီး အာဗြဟံ(အီဗရာဟင်) (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) အား ခရစ်ယာန်နှင့် ဂျုးများနည်းတူ လေးစားကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဆရာတော် ပရီကာက ပြောကြားခဲ့သည်။
“အစ္စလာမ်က ခရစ်တော်ကို တမန်တော်တစ်ပါးဖြစ်သတ်မှတ်ပြီး လေးစားကြပါတယ်။” ဟု သူကဆိုသည်။
အယူဝါဒနှစ်ခုစလုံးမှာ အေးချမ်းမှုကိုသာမျှဝေခြင်းဖြစ်ပြီး အစ္စလာမ်သာသနာအား သင်ယူလေ့လာခြင်းက ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းရာတွင် ခရစ်ယာန်ဘာသာဝင်များနှင့် မွတ်စလင်များအား ပိုမိုနီးကပ်မှုရရှိစေရန် ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆရာတော်က ထပ်လောင်းပြောကြားခဲ့သည်။
နယူးမက္ကဆီကိုပြည်နယ် Abiquiú မြို့အခြေစိုက် “ဒါရ်အလ်အစ္စလာမ်” ဟုအမည်ရသည့် အစ္စလာမ့်စင်တာမှ ရှေ့ဆောင်ဆရာတော် ဝေါလ်တာ ဒီကလရက် က အဆိုပါအစီအစဉ်အား ကြိုဆိုလိုက်ပြီး ကမ္ဘာပေါ်တွင်ရှိကြသည့် ဘာသာတရားအားလုံးမှာ တူညီသော သတင်းစကား တစ်ခုတည်းကိုသာ ပေးကြသည်ဟု ပြောကြားခဲ့သည်။
“ဘုရားသခင်ဟာ တစ်ပါးတည်းရှိပါတယ်။ ဒီအယူဝါဒနှစ်ခုကြားမှာ ကွဲပြားတာတွေထက် တူညီတာတွေက ပိုပြီးများ ပါတယ်”ဟု ဝေါလ်တာက ပြောကြား ခဲ့သည်။
မွတ်စလင်များသည် ခရစ်တော်(ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ)အား အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသည့် တမန်တော်တစ်ပါးအဖြစ်ဖြင့် လည်းကောင်း၊ မရ်ယမ်သခင်မ၏ သားတော်တစ်ပါးအဖြစ်လည်းကောင်း ယုံကြည်ကြပြီး အလ္လာဟ်အရှင်မြတ် သားတော်အဖြစ် လက်မခံကြပေ။ ခရစ်တော်မှာ အလ္လာဟ်အရှင်မြတ်၏အလိုတော်ဖြင့် မရ်ယမ်သခင်မမှ အံ့သြဖွယ်မွေးဖွားလာခြင်းကိုလည်း မွတ်စလင်များကယုံကြည်ကြသည်။
ကုရ်အာန်ကျမ်းတော်မြတ်တွင် ခရစ်တော်အား “အီစာ”ဟုလည်းကောင်း “အလ်မစီ(the Christ)”ဟုလည်းကောင်း၊ “အစ်ဗနေ့မရ်ယမ်”(မရ်ယမ်သခင်မ၏ သားတော်) ဟူ၍လည်းကောင်း သုံးနှုန်းဖော်ပြထားသည်။
မွတ်စလင်များက တမန်တော်အီစာ လက်ဝါးကပ်တိုင် အတင်ခံရခြင်းကိုမူ လက်မခံဘဲ ကောင်းကင်သို့ ပင်ဆောင်ခြင်းခံခဲ့ရသည်ဟုသာ လက်ခံထားကြသည်။
ထို့ပြင် ကမ္ဘာပျက်မည့်နောက်ဆုံးနေ့ မတိုင်မီ တမန်တော်အီစာမှာ ငြိမ်းချမ်းမှုနှင့် တရားမျှတမှုကိုဖော်ဆောင်ရန်နှင့် သူ့အား ဆန့်ကျင်သူများကို တွန်းလှန်ရန် ဤကမ္ဘာလောကသို့ ပြည်လည်ကြွရောက်လာမည်ဟုလည်း မွတ်စလင်များက ယုံကြည်လက်ခံထားကြသည်။
Comments