စက်တင်ဘာ၊ ၁၂ ၊
M-Media
မိုင်ယာမီ။ ။ ဖလော်ရီဒါပြည်နယ်မှ အငြင်းပွားဖွယ်ရာပြုလေ့ရှိသော ပရိုတက်စတင့် ဘုန်းကြီးတစ်ဦးသည် ၉/၁၁ တိုက်ခိုက်မှုနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပုံနှိပ်ကုရ်အာန် ၃၀၀၀ ကို ရေနံဆီစိမ်ထားကာ မီးရှို့မည့်ဆဲဆဲ ဖမ်းဆီးခံရသည်ဟု အမေရိက မီဒီယာများက ဆိုသည်။
၎င်း တယ်ရီဂျုံးစ်(၆၁ နှစ်)အား Tampa အနီးရှိ Mulberry မြို့၌ ထိန်းသိမ်းထားရှိခဲ့ပြီး၊ လောင်စာများကို တရားမ၀င် သယ်ဆောင်မှု နှင့် ပြောင်ပြောင်တင်းတင်း မီးရှို့ရန်ကြံစည်မှုဖြင့် အရေးယူထားကြောင်း the Orlando Sentinel မှ ဖော်ပြသည်။
အာဏာပိုင်များ၏အဆိုအရ ဂျုံးစ်သည် ပစ်ကပ်ကားတစ်စီးဖြင့် ရေနံဆီစိမ်ထားသည့် ကုရ်အာန်ကျမ်း စာအုပ်များကို နောက်တွဲယာဉ် အတွင်းထည့်၍ သယ်ဆောင်လာခဲ့သည့်အပြင် ထရပ်ကားနောက်ခန်းတွင် လောင်စာဆီများကိုလည်း ပုလင်းများဖြင့် အပိုဆောင်း ယူဆောင်လာခဲ့သည်ဟု ဆိုသည်။
သမ္မတဘားရက်ခ် အိုဘားမားမှ ဆီးရီးယားအား စစ်ရေးအရ အရေးယူရလိမ့်မည်ဟု အသံထုတ်ထားချိန် အရှေ့အလယ်ပိုင်း၌ တင်းမာမှုကြီးထွားနေစဉ် ဂျုံးစ်က မွတ်စ်လင်မ်တို့တန်ဖိုးထားသော ကုရ်အာန်ကျမ်းစာအုပ်ကို လူအများရှေ့ မီးရှို့ပြရန်ကြံစည်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရသူများ အတွက် အောက်မေ့ဖွယ်ရာအဖြစ် Tampa Bay နေရာတွင် ကုရ်အာန် စာအုပ်ပေါင်း ၂၉၉၈ အုပ်ကို မီးရှို့ရန်ရည်ရွယ်သည်ဟု ဂျုံးစ်၏ ၀က်ဘ်ဆိုဒ်ပေါ် ဖော်ပြထားသည်။
ဂျုံးစ် အား ကြံရာပါဖြစ်တော် ဘုန်းတော်ကြီး မာဗင် စက်ပ်(Marvin Sapp) နှင့်အတူ မီးရှို့မည့်အစီအစဉ် မပြုလုပ်မီ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ဖလော်ရီဒါပြည်နယ်၊ Gainesville ရှိ Dove World Outreach Center မှ ဘုန်းတော်ကြီး ဂျုံးစ်သည် ၂၀၁၀ ခုနှစ်ကလည်း ကုရ်အာန်စာအုပ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သဖြင့် အမေရိကန်ပြည်ထောင်စု အတွင်းအပြင်၌ အမျက်ဒေါသ အုံကြွမှုဖြစ်လာသောကြောင့် ၄င်း၏ အစီအစဉ်ကို ရုပ်သိမ်းခဲ့ရသည်။
သို့သော် ၂၀၁၁ ခုနှစ်တွင် သူ့နောက်လိုက်များက မွတ်စ်လင်မ်တို့၏ ကုရ်အာန်ကျမ်းဂန်ကို မီးရှို့ပြခဲ့ပြီး၊ နောက်တစ်နှစ်တွင် အစ္စလာမ် ဆန့်ကျင်ရေးရုပ်ရှင်ဇာတ်ကား တကား ထုတ်လုပ်ရေးကို ၄င်းမှ ဦးဆောင်ခဲ့ပြန်သည်။
ယင်းဖြစ်စဉ် သုံးရပ်သည် အရှေ့အလယ်ပိုင်း နှင့် အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်မှုများကို မီးမွှေးပေးခဲ့ခြင်း ဖြစ်သည်။
– AFP/ir
Photo-(AFP/Bill Pugliano)
Comments