စက်တင်ဘာ ၁၄၊ ၂၀၁၃
M-Media
၁။ ၀ီလ်ရှိုင်းယားမှာ အင်္ဂလန်၏ ဘော်ဘီမိုး လက်သစ်ဖြစ်လာလိမ့်မည်ဟု ၀င်းဂါးဆို
အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အသင်းရှိလူငယ်ကစားသမား ဂျက် ၀ီလ်ရှိုင်းယားမှာ အင်္ဂလန်အသင်း၏ ဘော်ဘီမိုး လက်သစ် ဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။ ၀ီလ်ရှိုင်းယားကို ချီးကျူးလွန်းသည်ဟုစွပ်စွဲမှုများအား စိုးရိမ်မှုမရှိဘဲ သူ၏ အလယ်တန်းကစားသမားအား ယုံကြည်စွာဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်ရှိ ၀ီလ်ရှိုင်းယားမှာ အင်္ဂါနေ့က ကစားခဲ့သည့် ယူကရိန်းအသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် လူစား ၀င်ကစားခဲ့သော်လည်း ၀င်းဂါးက ၀ီလ်ရှိုင်းယားမှာ အံ့သြဖွယ်ကစားသမားတစ်ဦးဖြစ်ပြီး လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းအား ဦးဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ဘောလုံးအင်အားကြီးနိုင်ငံတိုင်းတွင် အလှည့်အပြောင်းလုပ်နိုင်မည့် ကစားသမားလိုအပ်ပြီး ၀ီလ်ရှိုင်းယားမှာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည့် အင်္ဂလန်အသင်းခေါင်းဆောင် ဘော်ဘီမိုး၏ နေရာအား ၀င်ယူနိုင်မည့် လုပ်နိုင်စွမ်းရှိနေသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ထောက်ခံပြောဆိုခဲ့သည်။
“နိုင်ငံအသင်းတွေမှာ ဖိအားတွေကိုလျော့ချပြီး အောင်မြင်မှုတွေယူနိုင်မယ့် ကစားသမားတစ်ဦးလိုအပ်ပါတယ်။ ဘောလုံးမျိုးဆက်ကောင်းတစ်ခုလိုအပ်ပေမယ့် ကစားသမားတစ်ဦးသာ အခရာပါ။ ဂျက်(၀ီလ်ရှိုင်းယား)က ဒီလိုကစားသမားမျိုးပါ။ သူဟာ ငယ်သေးပြီး အသက် ၂၁-နှစ် ပဲရှိပါသေးတယ်။ သူဟာ ဒီလိုလုပ်ဖို့ (မိုးရဲ့နေရာကိုယူဖို့) လက္ခဏာတွေ ရှိနေပါတယ်။ ပြိုင်ပွဲရဲ့ဖိအားက သူကိုနှောက်ယှက်နိုင်မှာမဟုတ်ပါဘူး။ သူ့ကို ချုပ်ချယ်ထားလို့မရပါဘူး။ ဒါပေမယ့် ဘာ ပြဿနာမှမရှိဘဲ ၆ လလောက် ကောင်းကောင်းကစားနိုင်ဖို့လိုပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
mirro
၂။ အိုဇေးလ်အား ဖိအားပေးထွက်သွားခိုင်းခြင်း မဟုတ်ဟု အန်ဆယ်လော့တီ ဆို
ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြ အန်ဆယ်လော့တီက ရီးယဲလ်ကစားသမားဟောင်း မီဆု အိုဇေးလ်အား အသင်းမှ အတင်းအဓ္ဓမ ဖိအားပေး ထွက်ခွာခိုင်း ခဲ့ခြင်းမဟုတ်ကြောင်း ပြောဆိုလိုက်သည်။ အိုဇေးလ်မှာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင်မှ အာဆင်နယ်အသင်းသို့ ယူရိုသန်း ၅၀ ဖြင့် ပြောင်းရွှေ့ သွားခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်အသင်းက ၎င်းအားယုံကြည်မှုမရှိဟု အိုဇေးလ်က ဖွင့်ဟခဲ့သည်။ သို့သော်လည်းအန်ဆယ်လော့တီက ထိုကဲ့သို့သောကိစ္စမျိုး လုံးဝ မရှိခဲ့ဘဲ အသင်းသို့ အစ္စကိုနှင့် ဘေးလ်တို့ရောက်လာပြီးနောက်ပိုင်း ပုံမှန်နေရာအတွက် ယှဉ်ပြိုင်ရမည်ကို ပူပန်သောကြောင့် အသင်းမှ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ပြန်လည်ချေပခဲ့သည်။
“အိုဇေးလ်ပြေတာတွေ တော်တော်များများ ကျွန်တော်ကြားခဲ့ပြီး ကျွန်တော့်ဘက်ကနေ ပြောပါမယ်။ ကျွန်တော်တို့ သူ့အပေါ်မှာ ယုံကြည်မှု နည်းခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် အသင်းရဲ့ရာသီအစသုံးပွဲမှာ အိုဇေးလ်ဟာ နှစ်ပွဲပါဝင်ခွင့်ရခဲ့ပါတယ်။ သူတို့ဆန္ဒမရှိဘဲနဲ့ ဘယ်ကစားသမားမှ မပြောင်းပါဘူး။ ပွဲထွက်ခွင့်ရဖို့ ပြိုင်ဆိုင်မှုအသစ်တွေရှိလာတာကြောင့် အများကြီးကြိုးစားရတော့မယ်လို့ထင်ပြီး အသင်းက ထွက်ခွာခွင့် တောင်းခဲ့တာပါ” ဟု အန်ဆယ် လော့တီ က သတင်းထောက်များအား ပြောကြားခဲ့သည်။
goal
၃။ အသင်းဟောင်း ချယ်ဆီးအားအနိုင်ရရန် အဲဗာတန် တိုက်စစ်မှူး လူကာကူ မျှော်လင့်
ယနေ့ညတွင် ကစားမည့် အဲဗာတန်အသင်းနှင့် ချယ်ဆီးအသင်းတို့ပွဲတွင် အဲဗာတန်အသင်းအနိုင်ရလိမ့်မည်ဟု တိုက်စစ်မှူး လူကာကူက မျှော်လင့်နေသည်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူမှာ အပြောင်းအရွှေ့ရာသီနောက်ဆုံးနေ့တွင် ချယ်ဆီးအသင်းမှ အဲဗာတန်အသင်းသို့ တစ်နှစ် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ ဒီကနေ့ကစားမည့်ပွဲစဉ်အတွက် အဆင်သင့်မဖြစ်သေး၍ ပါဝင်ခွင့်ရမည်မဟုတ်သည့် လူကာကူက “ရိုးရိုးသားသားဆိုရရင် အဲဗာတန်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု အဲဗာတန်အသင်း၏ ၀ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။
goal
၎။ အသင်းမှာနေရာရရှိဖို့ ယှဉ်ပြိုင်ရတာကို နှစ်သက်တဲ့ မာတာ
ချယ်ဆီးအသင်း၏ ကွင်းလယ်လူမာတာက အသင်းရှိ သူ၏ နေရာတွက် ယှဉ်ပြိုင်မှုများတိုးပွားလာခြင်းကို စိုးရိမ်မည်မဟုတ်ဘဲ ချယ်လ်ဆီး ကစားသမား တစ်ယောက် အဖြစ် ပိုမိုတိုးတက်ရန်ကြိုးစားရာတွင် အာရုံစိုက်သွားမည်ဟုပြောကြားခဲ့သည်။ ချယ်ဆီးအသင်း၏အလယ်တန်းတွင် အော်စကာ၊ ဟာဇာဒ်နှင့် ကစားသမားအသစ်များဖြစ်ကြသည့် ၀ီလီယံ၊ အန်ဒရေရွှတ်ရလာ၊ ကီဗင်ဒီဘရိုင်းတို့ရှိနေပြီး မာတာမှာဒဏ်ရာကြောင့် ယခုနှစ်ရာသီတွင် ပွဲထွက်ခွင့် မရ သေးပေ။ ယခုအခါ ဒဏ်ရာမှသက်သာလာပြီး ကြံ့ခိုင်မှုအပြည့်အ၀ရနေသည့်မာတာက ကစားသမားကောင်းများရှိနေခြင်းမှာ အသင်းအတွက်အကျိုးရှိလိမ့်ဟု မာတာက ပြေဆိုခဲ့သည်။ “အဲဒါဟာ အသင်းအတွက်အများကြီးကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ အသင်းအတွက်ရော နည်းပြအတွက်ရောပါ။ ဒီဘရိုင်း၊ ရွှတ်ရလာနဲ့ ၀ီလီယံတို့ဟာ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေပါ။ တစ်ယောက်ချင်းစီမှာ မတူညီတဲ့နေရာ၊ မတူညီတဲ့ စွမ်းရည်တွေရှိကြပါတယ်။ ဒါပေမယ့် သူတို့အားလုံးဟာ ကျနော့်ကိုအများကြီးကူညီနိုင်ပြီး ပြည့်စုံတဲ့အသင်းဖြစ်လာဖို့ ပိုကောင်းတယ်လို့ ကျနော်ထင်ပါတယ်” ဟု မာတာက Sky Sports News သို့ ပြောကြားခဲ့သည်။
skysports
၅။ ဘိုင်ယန်က မက်ဆီကိုဘယ်တော့မှမခေါ်ဟု ဂွါဒီယိုလာဆို
မက်ဆီကို ဘိုင်ယန်သို့ခေါ်ယူမည်ဆိုသည့်သတင်းအား ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာက ငြင်းဆိုလိုက်ပြီး ဘိုင်ယန်အနေဖြင့် မက်ဆီအား ဘယ်တော့မှ ခေါ်ယူမည်ဟုတ်ဟုပြောဆိုလိုက်သည်။ ဘာစီလိုနာအသင်း၏နည်းပြဟောင်းဖြစ်သူ ဂွာဒီယိုလာမှာ ဘိုင်ယန်မြူးနစ်အသင်းအား ယခုနှစ် ဘောလုံးရာသီမှ စတင်ကိုင်တွယ်ခြင်းဖြစ်ပြီး ဘာစီလိုနာတွင်လက်တွဲခဲ့သည့် သီယာဂို အလ်ကန်တာရာအား ဘိုင်ယန်သို့ခေါ်ယူထားသည်။ “အူလီ ဟိုးနက်စ်(ဘိုင်ယန် အသင်း ပိုင်ရှင်)က မက်ဆီကိုခေါ်ဖို့ဘယ်တော့မှကမ်းလှမ်းမှာမဟုတ်ပါဘူး။ ဘိုင်ယန်ကအဲဒီလိုအလုပ်ကိုဘယ်တော့လုပ်မှာမဟုတ်သလို့ မက်ဆီဟာလည်း ဘာကာမှာ ပျော်နေပါတယ်” ဟု ဂွာဒီယိုလာက သတင်းထောက်များသို့ပြောကြားခဲ့သည်။
goal
၆။ ဇန်န၀ါရီအပြောင်းအရွှေ့တွင် ထွက်ခွာရန် လက်စကော့စဉ်းစားနေ
အင်္ဂလန်လက်ရွေးစင် နောက်ခံလူဖြစ်သူ လက်စကော့မှာ မန်ချက်စတာစီးတီးအသင်းတွင် ခြေစွမ်းပြကာ ပုံမှန်နေရာရနေသော်လည်း လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာရန် စဉ်းစားနေသည်ဟု ပြောဆိုလိုက်သည်။ ဒဏ်ရာပြဿနာနှင့်ကြုံတွေ့နေရသည့်မန်စီးတီးအသင်းတွင် လက်စကော့မှာ ကြံခိုင်မှုပြည့်ဝသည့် တစ်ဦးတည်းသော နောက်ခံအလယ်လူဖြစ်သည်။ လာမည့် အပြောင်းအရွှေ့ရာသီတွင် ၎င်း၏ နေရာအား အစားထိုးရန် အသင်းနည်းပြပယ်လီဂရီနီ၊ အားကစားဒါရိုက်တာ တဇီကိ ဘက်ဂီရီစတိန်းတို့နှင့် လက်စကော့တို့ ဆွေးနွေးပြီးပြီဟု သိရသည်။ နောက်ခံ လူများအားလုံး ကြံ့ခိုင်မှု ပြည့်ဝလာပါက ၎င်းမှာ ပထမဦးစားပေး ကစားသမားဖြစ်လာမည် မဟုတ်ကြောင်း ထို့ကြောင့် လာမည့် ဇန်န၀ါရီလတွင် အသင်းမှထွက်ခွာကာ အသင်းသစ် ရှာဖွေသွားမည်ဖြစ်ကြောင်း လက်စကော့ကပြောကြားခဲ့သည်။
dailymail
၇။ မော်ရင်ဟိုနှင့် နွေးထွေးသောဆက်ဆံရေးမှာ အမုန်းဖြင့်စခဲ့ခြင်းဖြစ်သည်ဟု အီတူးဆို
ချယ်လ်ဆီး တိုက်စစ်မှူးသစ် ဆင်မျူရယ်အီတူးက ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုနှင့် နီးကပ်သောဆက်ဆံရေးမှာ တစ်ယောက်နှင့်တစ်ယောက် မုန်းတီးမှုမှ ဖြစ်လာခဲ့သည်ဟု ထုတ်ဖော်လိုက်သည်။ အသက် ၃၂-နှစ်အရွယ်ရှိ အီတူးနှင့် မော်ရင်ဟိုတို့မှာ အင်တာမီလန် အသင်းအတွက် လက်တွဲခဲ့ဖူးပြီး ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာခဲ့ခြင်းမှာ မော်ရင်ဟိုကြောင့်ဖြစ်သည်ဟု အီတူးက ပြောဆိုခဲ့သည်။ “ကျနော်နဲ့ မော်ရင်ဟိုကြားမှာရှိနေတဲ့ဆက်ဆံရေးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပထမတော့ ကျွန်တော်တို့ အမုန်းနဲ့ အခြေတည်ခဲ့ကြပြီး တဖြည်းဖြည်းနဲ့ မေတ္တာတွေဖြစ်လာတာပါ” ဟု အီတူးက ဘီဘီစီသို့ ပြောကြားခဲ့သည်။ အီတူးမှာ ရုရှားကလပ် Anzhi Makhachkala အသင်းမှ ချယ်ဆီးသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီး အသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ထားသည်။ အင်တာတွင်ရှိနေစဉ်က မော်ရင်ဟိုနှင့် ဆက်ဆံရေးအား “ပွဲတစ်ပွဲမှာ ကျွန်တော်တို့အခြေအတင်ဖြစ်ခဲ့တာကိုလည်း ကျွန်တော် မှတ်မိပါတယ်။ ပြင်းထန်တဲ့စကားလုံးတွေနဲ့ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ပြောခဲ့ကြတယ်။ ဒါပေမယ့်နောက်ပိုင်းမှာကျွန်တော်တို့ နောင်တရခဲ့ကြပါတယ်။ ကျွန်တော်သူ့ကို သဘောကျတာက သူဟာပြဿနာတွေကို ဆွေးနွေးပါတယ်။ ပြီးတော့ လူကြီးလူကောင်းတစ်ယောက်လို ကိုင်တွယ် ပါတယ်။ သူရဲ့ဒီအရည်အချင်းတွေကို ကျနော်နှစ်သက်တာပါ။ သူနဲ့အလုပ်လုပ်ခွင့်ရတဲ့ဘယ်အချိန်မဆို အဲဒီအခွင့်အရေးကို အရယူမှာပါ” ဟု ပြောကြားခဲ့ပြီး “ဟိုဆေး(မော်ရင်ဟို) ဟာ နည်းပြတစ်ယောက်ထက်ကိုပိုပါတယ်။ ပြီးတော့ သူဟာ အမှန်တရားကိုသာ ပြောတတ်သူပါ” ဟု မော်ရင်ဟိုအား ချီးကျူးခဲ့သည်။
bbc
၈။ WTA Taskent Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲသို့ ဂျီုဗာနော့ဗ်စကီး အနိုင်ရ တက်ရောက်
ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် WTA Tashkent Open တင်းနစ်ပြိုင်ပွဲဆီမီးဖိုင်နယ်တွင် ဆားဘီးယားတင်းနစ်မယ် ဘိုဂျာနာ ဂျိုဗာနော့ဗ် စကီး အနိုင်ရရှိခဲ့သည်ဟုသိရသည်။ စပိန်တင်းနစ်မယ် ထရီဇာ တိုရိုဖလိုဖြင့်ကစားခဲ့သော အဆိုပါ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ဂျိုဗာနော့ဗ်စကီးက ၆-၂၊ ၆-၂ ဖြင့် ၁-ပွဲပြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ဘီလာရုဇ်တင်းနစ်မယ် အိုလ်ဂါ ဂိုဗော့တ်ဆိုဗာ က လူဇင်ဘတ်တင်းနစ်မယ် မန်ဒီမီနယ်လ်အား ၆-၂၊ ၇-၅ ဖြင့် အနိုင်ရရှိ ခဲ့သည်။ WTA Taskent Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ဒီကနေ့တွင် ယှဉ်ပြိုင် ကစားမည် ဖြစ်ပြီး ဂျိုဗာနော့ဗ်စကီးနှင့် ဂိုဗော့တ်ဆိုဗာတို့ တွေ့ဆုံယှဉ်ပြိုင် ရမည်ဖြစ်သည်။
skysports
Comments