စက်တင်ဘာ ၁၉ ရက်၊၂၀၁၃ ခုနှစ်
M-Media
ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ် တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းများကို ယခုနှစ် အောက်တိုဘာလတွင် စတင်မည်ဟု ကမ္ဘာ့ဘဏ်မှ ပြောဆိုသည်။
စီမံကိန်း အချက်အလက်မှူးဖြစ်သူ ဒေါက်တာ လဲ့ယဉ်ဝင်းက ကမ္ဘာ့ဘဏ်သည် စက်တင်ဘာလ၌ ချင်းဒေသအတွင်း ကွင်းဆင်းလေ့လာမှု အား ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ပြောဆိုကြောင်း မဇ္ဈိမသတင်းမှ ဖော်ပြခဲ့သည်။
ဤစီမံကိန်းများမှာ ၂၀၁၃-၂၀၁၄ ပထမ တစ်နှစ်တာအတွင်း ဒေသခံများနှင့်နှီးနှော တိုင်ပင်မှုပေါ်မူတည်၍ လမ်း၊ တံတား၊ စာသင်ကျောင်းစသော ဒေသဆိုင်ရာ အခြေခံ လိုအပ်ချက်များကို ပြုပြင်မွမ်းမံရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ ၄င်း၏နောက်တွင်မှ အဆောက်အဦး အသစ်များ ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆက်လက် စီစဉ်ထားသည်။
ဖွံ့ဖြိုးရေး နှင့် စီမံကိန်းအကောင်အထည်ဖော်ရေးကို မိမိဖာသာ အစီအစဉ်ရေးဆွဲနိုင်ပြီး သတ်မှတ်ဧရိယာများ၌ တာဝန်ကျေအောင် လုပ်ဆောင်မည်ဟု ယုံကြည် စိတ်ချရသည့် ကော်မတီ တစ်ရပ်အား ဒေသခံလူ့အဖွဲ့အစည်းများက ဖွဲ့စည်းမည်ဖြစ်သည်။
ဤစီမံကိန်းကို မွေးမြူရေးနှင့်ငါးလုပ်ငန်းဦးစီးဌာနမှ “တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးစီမံချက်” အမည်ဖြင့် ဦးစီးစီမံမည်ဟု သိရသည်။
ကမ္ဘာ့ဘဏ်သည် ၄င်း၏ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ ဒေသခံတို့နှင့် လုံလုံလောက်လောက်အချိန်ပေးပြီး တိုင်ပင်ဆွေးနွေးမှုမပြုခဲ့ကြောင်း ယမန်နှစ်နှောင်းပိုင်းတွင် ဝေဖန်ခံရသည်။
ကမ္ဘာ့ဘဏ်၏ လူ့ဘောင်ဖွံ့ဖြိုးတိုးတက်ရေး ဟူသော ကိုယ်ပိုင်သတ်မှတ်ချက်တွင် လုပ်ငန်းစဉ်အဆင့်တိုင်း၌ ဒေသခံ လူ့အဖွဲ့အစည်း၏ ပူးပေါင်းဆောင်ရွက်မှု နှင့် ဆုံးဖြတ်ချက်တို့မှာ မဖြစ်မနေလိုအပ်သည်ဟု ပါဝင်နေ၏။
ထိုင်း နှင့် အင်ဒိုနီးရှား အစရှိသည့်နိုင်ငံတို့၌ ဤစည်းမျဉ်းအား ကမ္ဘာ့ဘဏ်မှ ကြပ်မတ်ဆုပ်ကိုင်မှုပျက်ကွက်ခဲ့သဖြင့် ဒေသခံများအဖို့ ကောင်းကျိုးဖြစ်ထွန်းမှုထက် မကောင်းကျိုးများ ပိုမိုသက်ရောက်သွားစေခဲ့ပါသည်။
Ref: chinlandguardian
Photo-google
Comments