အောက်တိုဘာ ၁၃၊ ၂၀၁၃
M-Media
ဇွဲတေဇာ
အခုချိန် ကုလားဆန့် ကျင်ရေး ရေရှိန်မြင့်လာနေတော့ ပြောသင့်မပြောသင့်မသိပါ။ သို့ သော် ပြောချင်၍ပြောပါမည်။ ကျနော့အဖေသည် သူပုန်တစ်ယောက်ဖြစ်သည်။ ၈၈ အရေးအခင်းအတွင်း ကျနော်တို့ မြို့တွင် ရှေ့တန်းကပါဝင်ခဲ့ရာ စစ်တပ် အာဏာသိမ်းသည့်အခါ တောခိုသည်။ ရှင်းရှင်းပဲ ပြောပါမည်။ တောခို၍ လက်နက်ကိုင် တပ်ဖွဲ့သို့ ရောက်သဖြင့် သူပုန်ဖြစ်သည်ပေါ့။
သူပုန်ထက် တော်လှန်ရေးသမားဟု ခေါ်ချင်သည်။ သို့ သော် ထွက်ပြေးတဲ့လူဟု သတ်မှတ်ကြသည့်အတွက် အဖေ့ကို သူပုန်ဟုသာခေါ်တော့မည်။ ၀မ်းနည်းစရာမရှိပါ။
၈၈ အရေးအခင်း ဖြစ်တုန်းက ကျနော့်အသက် ၁၀-နှစ်မပြည့်သေး။ အရေးအခင်းပြီးပြီးချင်း အဖေ တောခိုစ ဘယ်ရောက် ဘယ်ပေါက်ဆိုတာ မသိရခင် ရပ်ကွက်ထဲက မိတ်ရင်းဆွေရင်းဆိုသူ မွတ်စလင်မ် အဒေါ်ကြီးက ခုလိုပြောသည်။ “နင့်အဖေ ပြေးပြီမလား၊ ကောင်းတယ်လေ ဒီမိုကရေစီလို ချင်အုံး”။ လုပ်ကြံမပြောပါ။ ကုရ်အာန် ကိုင်ပြီး ကျိန်ရဲသည်။
အဲ့ဒီ မွတ်စလင်မ်အဒေါ်ကြီးရဲ့ စကား နှစ်ပေါင်း အစိပ်ကျော်လည်း မှတ်မိနေဆဲပါ။ နံနက်ခင်း ပလီ ကျောင်းအဆင်း သူ့ အိမ်တောင်ဖက်လမ်းကြားမှဖြတ်ပြန်စဉ် အုတ်ခုံပေါ်တွင်ထိုင်နေရင်းကမှ လှမ်းပြောခြင်းဖြစ်သည်။
ကျနော်က ဒီအတိုင်း အိမ်မပြန်ခဲ့ပါ။ သူ့ ပန်းခြံထဲက ပန်းပင်များကိုဖျက်ဆီးပစ်သည်။ မွတ်စလင်မ်တွေကိုနှိမ်တာ လုံးဝမခံနိုင်တဲ့အဖေ၊ ကျောင်းမှာတော်ပေမဲ့ ကျောင်းပြီး တော့ ကုလားဖြစ်လို့ ဆိုပြီး အလုပ်မရတဲ့ အဖေ့အကြောင်း နောက်မှသိရပေမဲ့ အဖေနိုင်ငံရေးလုပ်တာ ငယ်ငယ် ကတည်းက ကျနော်အားပေးတဲ့အတွက် အဖေကို ပြေးပြီ မလားလို့ ပြောတာ လက်ပိုက်ကြည့် မနေခဲ့ပါ။ အဖေ့သွေးလောက် ကျနော့်သွေးလည်း ရဲသည်။
အဖေပြေးတော့ ရပ်ကွက်ရုံးကြော်ညာဘုတ်မှာ စာကပ်သည်။ အဖေ့ကို ကုလားဆိုး ဆိုပြီး။ ဒီမိုကရေစီလုပ်ချင်းတူတူ မွတ်စလင်မ်မဟုတ်သူများပြေးတော့ ဦးဘယ်သူ ကိုဘယ်သူဟုသာ စာကပ်ပြီး အဖေ့ကျမှ ကုလားဆိုးဟု ကင်ပွန်းတပ်သည်။ ရပ်ကွက်လူကြီးများ ကုလားကိုအလေး မထားခြင်းမှာ မဆန်းပါ။ ဆိုးသည်မှာ ခုနက မွတ်စလင်မ် အဒေါ်ကြီး။ အဖေနိုင်ငံရေးလုပ်ရသည့် ရည်ရွယ်ချက်မှာ အာဏာရှင်စနစ်အောက်မှလွတ်မြောက်ဖို့ ၊ မွတ်စလင်မ်များ အနှိမ်ခံရသည့်ဘ၀၊ ဖိနှိပ်ခံရသည့် ဘ၀မှ လွတ်မြောက်ပြီး တန်းတူအခွင့်အရေးရဖို့ ။
ဒီလိုလူမျိုးကို အားပေးရမည့်အစား၊ ဒီလိုလူမျိုးမရှိပါက မွေးထုတ်ရမည့်အစား၊ ဒီလိုနိုင်ငံရေးသမား ထောင်ကျလျှင် သူနိုင်ငံရေးအလုပ်ဆက်လုပ်နိုင်ရန်၊ တခြားနိုင်ငံရေး သမားများလည်း မိသားစု နောက်ဆန်မတင်းပဲ တိုင်းပြည်အရေး မွတ်စလင်မ်အရေး ဆက်လုပ်နိုင်ရန် သူ့ မိသားစုကို တာဝန်ယူပေးရမည့်အစား၊ အဖေနိုင်ငံရေး လုပ်သည် ကို အပစ်ပုံချသည်။ ပြေးပြီမလား ဒီမိုကရေစီ ရချင်အုံးဟု ဆိုသည်။
အဖေပြေးတော့ စာနာသူများရှိသည်။ သို့ သော် အဖေထွက်ပြေးရကောင်းမလား၊ သူများတွေ အလင်းဝင်လာနေလျက် အဖေ အလင်းပြန်ဝင်မလာရကောင်းလားဆိုပြီး တာဝန်မဲ့သူတဦးအဖြစ်၊ အလုပ် လက်ကြောမတင်းတဲ့လူအဖြစ် အပစ်တင်ကြသည်။ ကလေးများအတွက် ဂရုဏာဒေါကြောင့် လည်းဖြစ်ပေလိမ့်မည်။ သို့ သော် ပြည်သူလူထု၏ အခြေအနေ၊ မွတ်စလင်မ်လူထု၏ အခြေအနေ သည် နိုင်ငံရေးအပေါ်မူတည်ပြီး အခွင့်အရေးများကို နိုင်ငံရေးအရ တိုက်ယူရမည်ဟု နားလည်ကြပုံ မပေါ်။ နိုင်ငံရေးကို အလုပ်လက်ကြောမတင်းသည့်လူများအလုပ်ဟုသာ ထင်ကြသည်။
ဤသို့ သော အမြင်များသည် မြန်မာမွတ်စလင်မ်အများစု၏ အမြင်ဖြစ်တော့သည်။ တလောကပင် မွတ်စလင်မ်အဖွဲ့ ကြီးတစ်ဖွဲ့ မှ မွတ်စလင်မ်များအား နိုင်ငံရေး ၀င်မလုပ်ရန် တားမြစ်စာထုတ်သည့် အနေအထားသို့ပါရောက်တော့သည်။
ထိုသို့ သော အမြင်ကျဉ်းမြောင်းမှုရလဒ်ကြောင့် ၈၈ မှစ၍ ယခု ၂၅ နှစ်အတွင်း မွတ်စလင်မ် အသိုင်းအ၀ိုင်းထဲတွင် အထင်ကရ နိုင်ငံရေးသမားမရှိတော့။ ၈၈-ကျောင်းသား ခေါင်းဆောင်အချို့နှင့် ၉၀ နောက်ပိုင်းမျိုးဆက် လက်တဆုတ်စာသာရှိသည်။ မွတ်စလင်မ်များအား မီးကုန်ယမ်းကုန် တိုက်ခိုက်နေသည့် ယခုလို အချိန်အခါတွင်တောင် နိုင်ငံရေးအရ အခွင့်အရေးတောင်းဆိုရန် အင်အားကောင်းသည့် နိုင်ငံရေးအဖွဲ့ ၊ နိုင်ငံရေးအခြေခံ၊ နိုင်ငံရေးသမားမရှိ။ မရှိရခြင်း၏ အဓိက တရားခံများမှာ ယခင် မွတ်စလင်မ်လူကြီးများ (သို့ ) ယခင်မွတ်စလင်မ်မျိုးဆက်ဖြစ်သည်။ ကိုယ်တိုင်လည်း နိုင်ငံရေးလုပ်ရကောင်းမှန်းမသိ၊ နိုင်ငံရေးလုပ်သူကို အားပေးအားမြောက်ပြုရမှန်းမသိသည့် အပြင် နိုင်ငံရေးကြောင့် တောခိုရသူကိုပင် ကဲ့ရဲ့ ဝေဖန်ကြသည်။ အဖေမကောင်းကြောင်း ခနခနကြားရသဖြင့် အဖေနိုင်ငံရေး သမား သူပုန်လုပ်ပေမဲ့ အဖေ့သား အဖေ့သမီး တစ်ယောက်မှ နိုင်ငံရေးထဲမရောက်တော့။ ဗိုလ်ချုပ်သမီး ဒီမိုကရေစီခေါင်းဆောင်ဖြစ်ပေမဲ့ အဖေသူပုန်ရဲ့သား သမီးများ နိုင်ငံရေးစိတ်မ၀င်စား။ ခေါင်းဆောင်ဖြစ်ဖို့  ဝေးစွ (ဗိုလ်ချုပ်သမီးနှင့် မနှိုင်းယဉ်လိုပါ၊ သို့ သော် ဥပမာကောင်းတခုဖြစ်သည့်အတွက် တင်ပြခြင်းဖြစ်သည်။ မြန်မာပြည်နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများလေ့လာလျှင် အဖေခြေယာ အမေခြေယာ ဆက် ဆံသော နိုင်ငံရေးခေါင်းဆောင်များ၊ အတိုက်အခံခေါင်းဆောင်များကို တွေ့ ရပါလိမ့်မည်)။
နယ်စပ်တွင်အလုပ်ရစဉ်က ပြန်စဉ်းစားမိလာသည်။ သူများတကာ ဆန္ဒပြသည်။ ထောင်ကျခံ သည်။ နိုင်ငံရေးလုပ်သည်။ ထောက်လှမ်းရေးလိုက်သဖြင့် နယ်စပ်သို့ ထွက်ပြေးသည်။ အချို့ လည်း စီးပွားပျက်ခံပြီး နိုင်ငံရေးလုပ်သည်။ နိုင်ငံခြားအဖွဲ့ များနှင့် ဆက်သွယ်သည်၊ သတင်းပို့ သည်။ အ ခန့် မသင့် သဖြင့် ထောင်ကျသည်။ အချို့ ကံကောင်း၍ လွတ်မြောက်နယ်မြေရောက်ကြသည်။ ထိုထွက်ပြေးသူများ ထောင်ကျသူများကို သူတို့ အသိုင်းအ၀ိုင်းက လေးစားကြသည်။ မိသားစုကို တာဝန်ယူ ပေးကြသည်။ သူ့ ငါကြည့် ငါ့သူကြည့် ဖေးမပြီး စစ်အာဏာရှင်စနစ်ကို တိုက်ကြောင်း ဒုက္ခသည်စခန်းရောက် နိုင်ငံရေးအကျဉ်းသားမိသားစု အသိုင်းအ၀ိုင်းဆီမှ သိခွင့်ရသည်။
ကျနော်တို့ မွတ်စလင်မ်တွေမှာသာ နိုင်ငံရေးသမားများကို လေးစားဖို့ အနေသာ၊ အားပေးဖို့ အနေသာ၊ ပြုစုပျိုးထောင်ဖို့ အနေသာ၊ ဖေးမဖို့ အနေသာ၊ ကဲ့သာရဲ့ကြ သည်။ မကဲ့ရဲ့တောင် မမြင်ချင်ဟန် ဆောင်ကြသည်။ စွန့် လွတ်သည့်လူ၊ အနစ်နာခံသည့်လူကို အလေးမထားသဖြင့်၊ ကိုယ်ကျိုးစွန့် လွတ်ကာ နိုင်ငံရေးတိုက်ပွဲဝင်မည့် လူလည်းမရှိတော့။ သတ္ထိလည်းမရှိတော့။ နမူနာယူစရာလည်း မရှိ၊ အားကျစရာလည်းမရှိ၊ အသိုင်းအ၀ိုင်းလည်းမရှိ။
ထိုစိတ်ဓာတ်၏ ရလဒ်မှာ ယခုကဲ့သို့ မွတ်စလင်မ်မုန်းတီးရေး အရှိန်မြင့်လာသောအခါ ဘာလုပ်ရ မှန်းမသိဖြစ်နေခြင်းပင်။ သူများကဲ့သို့  တကိုယ်တော် ဆန္ဒပြမည့် လူတောင် တယောက်မှမတွေ့ ရသေး။ သူများတကာ လမ်းလျှောက်၊ ချီတက်ဆန္ဒပြ၊ အစာငတ်ခံ၊ ထုတ်ဖော်စသဖြင့် နိုင်ငံရေး လမ်းကြောင်းအရ မွတ်စလင်မ်များမှာ မလုပ်ကြ၊ မလုပ်ရဲ။ လုပ်၍ တစုံတခုဖြစ်ရင်လည်း နောက်က လိုက်မည့်လူရှိမရှိ မသေချာ။ ပလီမီးရှိ့ မှာမလို့  ဖယ်ပေးလိုက်ပါဆိုတဲ့ မွတ်စလင်မ်လူကြီးဆို သူတွေကြောင့် ငါလိုလူ ဆန္ဒပြလို့  ဆွဲခံထိရင် နည်းတောင်နည်းသေးတယ်ဟု ဆဲလေမလားဟု ထင်မိသည်။
သို့ သော် မွတ်စလင်မ်များ စော်ကား မတရားခံနေရသည်ကို သည်းမခံနိုင်တော့သည့် မွတ်စလင်မ်လူငယ်ထုတစ်ရပ်ကို ယခု မွတ်စလင်မ်ဆန့် ကျင်ရေး လှုပ်ရှားမှုက မွေးထုတ်ပေးလျက်ရှိကြောင်း မြင်နေရသည်။ လုပ်ရပ်တိုင်းတွင် တန်ပြန်အကျိုးသက်ရောက်မှုရှိသည့်အတွက် နှစ်ပေါင်းများစွာ မိန်းနေသည့် မွတ်စလင်မ် လူငယ်များ မွတ်စလင်မ် ဆန့်ကျင်ရေးကြောင့် ပြန်နိုးထလာနေသည်ကို တွေ့ နေရသည်။ မွတ်စလင်မ်လူကြီးများ အားမပေးခဲ့၊ ပျက်ကွက်ခဲ့သော်လည်း လူငယ်များသည် လက်တွေ့ကို မြင်လာနေပြီဖြစ်သည်။ တော်လှန်ရေးအင်အားစု၊ နိုင်ငံရေး အင်အားစု မရှိသဖြင့် ဤမျှခံနေရသည့် မွတ်စလင်မ်လူထုအတွက် အမြင်ချို့ခဲ့သည့် လူကြီးများ၏ အမှားကို ချေပဖို့  တော်လှန်မည့် လူငယ်များရှိလာနေပြီဖြစ်သည်။ လက်နက်ကိုင်သည့် တော်လှန်ရေးမဟုတ်ပဲ မတရားမှုကို နိုင်ငံရေးအရ တော်လှန်မည့် တော်လှန်ရေးဖြစ်သည်။ တရားမျှတရေးအတွက် နိုင်ငံရေးတိုက်ပွဲဖြစ်သည်။
“ပြေးပြီမလား၊ ကောင်းတယ်လေ ဒီမိုကရေစီလို ချင်အုံး” ဟု နောက်တခါ မပြောမိပါစေနှင့်။
* ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
Comments