အောက်တိုဘာ၊ ၂၀
M-Media
မြန်မာနိုင်ငံအတွင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ အောက်ခြေအဖွဲ့ဝင်တွေ ပါဝင်နေပြီး အခုထိ နောက်ကွယ်ကနေ ဘယ်သူကြိုးကိုင်နေတယ် ဆိုတာကို မသိရသေးသလို အခုလို ကြံစည်မှုတွေရဲ့နောက်မှာ နိုင်ငံရေးရည်ရွယ်ချက် တခုခု ရှိပုံထောက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းနဲ့ နမ့်ခမ်းမြို့တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဗုံးကွဲမှုတွေ ၊ ဗုံးတွေ့မှုတွေဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားအောင်၊ အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပျက်ပြားအောင် စီစဉ်ဆောင်ရွက် ခဲ့တာသာဖြစ်တယ်လို့ KNU ကရင် အမျိုးသား အစည်းရုံးမှ တာဝန်ရှိသူတွေက ဒီကနေ့ပြောကြားပါတယ်။
လက်ရှိဗုံးဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ တရားခံတွေကို KNU ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကစစ်ဆေးတဲ့ အခါမှာတော့ ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံဘုရားကြီးကိုပါ ဗုံးဖောက်ခွဲဖို့ အထိ ကြံစည်ခဲ့တာကို တွေ့ရတယ်လို့ ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။
ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့ တရားခံတွေကို စစ်ဆေးမေးမြန်းကြည့်ခဲ့တဲ့အခါမှာ သာသနိက အဆောက်အအုံတွေ ကိုပါ ဖောက်ခွဲရေးလုပ်ဖို့ ကြံစည်ခဲ့တာကိုတွေ့ရပြီး မူဆလင် ဘာသာဝင်တွေရဲ့ အစ်နေ့မှာ ရွှေတိဂုံဘုရားမှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေဖြစ်ဖို့အထိ ကြံစည်ခဲ့တာ ကိုတွေ့ရတယ်-လို့လည်း သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ KNu အောက်ခြေပိုင်းမှလည်း အခုလို ဗုံးဖောက်ခွဲမှုတွေ လုပ်ခဲ့တဲ့ လူတွေကို သိနိုင်အောင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကိုယ်တိုင် ကရင် ပြည်နယ်ပြန်ရောက်ရင် အောက်ခြေထိ ကိုယ်တိုင် မေးမြန်းစုံစမ်းမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
လွန်ခဲ့သည့် ၂ ရက် အောက်တိုဘာ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဆိုပါ အချက်ကို ထုတ်ဖော်ထည့်သွင်းရှင်းလင်းသွားတာကို မတွေ့ခဲ့ရပါဘူး။
ကိုးကား VOA,RFA
ဓာတ်ပုံ အောင်ရဲမောင်မောင်/ဗွီအိုအေ (မြန်မာပိုင်း)
Comments