နိုဝင်ဘာ-၈ ၂၀၁၃
M-Media
ပါလက်စတိုင်းခေါင်းဆောင်ဟောင်း ရာဆာ အာရာဖတ်၏ ရုပ်ကြွင်းအား စစ်ဆေးနေသည့် ဆွစ်ဇာလန် သိပ္ပံပညာရှင်များက ထိုရုပ်ကြွင်းတွင် သာမန်မဟုတ်သည့် ရေဒီယိုသတ္တိကြွ ပိုလိုနီယံသတ္တုအားတွေရှိခဲ့ရသည်ဟု ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။ သို့သော်လည်း အတိအကျသိရှိရန် ဆက်လက်လေ့လာနေသည်ဟု သိရသည်။
ထိုစုံစမ်းလေ့လာမှု၏ ရလဒ်များအား အာရာဖတ်၏ ကျန်ရှိခဲ့သည့် ဇနီး ဆူဟာ အာရာဖတ်၏ ကိုယ်စားလှယ်နှင့် Lausanne-Geneva ဥပေဒနှင့် သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာ စင်တာ၏ ဒါရိုက်တာဖြစ်ပြီး ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးဖြစ်သူ ပက်ထရစ် မန်ဂင်တို့အား အင်္ဂါနေ့က ပေးအပ်ခဲ့ပြီး၊ ၎င်းတို့က ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့သည်။
ထိုသတင်းစာရှင်းလင်းပွဲတွင် အာရာဖတ်သေဆုံးမှုမှာ ပိုလိုနီယမ် သတ္တုကြောင့်ဖြစ်သည်ဟု ရလဒ်များထွက်ပေါ် ခဲ့သော်လည်း အာရာဖတ်အနေဖြင့် အဆိပ်ခပ် ခံခဲ့ရခြင်းရှိ/မရှိဆိုသည်ကို ကောက်ချက်ချ၍ မရသေးကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
အာရာဖတ် သေဆုံးသွားပြီး ကာလအတော်ကြာမှ စုံစမ်းစစ်ဆေးရေးများ စတင်ပြုလုပ်နိုင်ခြင်းကြောင့် အကြောင်းအရင်းအား ခွဲခြမ်းစိတ်ဖြာ သိရှိနိုင်ရန် ခက်ခဲကြောင်း မန်ဂင်က ထပ်လောင်းပြောကြားခဲ့သည်။
အာရာဖတ်မှာ ၂၀၀၄ ခုနှစ်၌ ပြင်သစ် စစ်ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ မည်သည့် အကြောင်းအရင်းကြောင့် သေဆုံးခဲ့မှန်း မသိရှိခဲ့ရပေ။ သေဆုံးပြီးနောက် အလောင်းအား ခွဲစိတ်ခြင်းလည်းမရှိခဲ့ဘဲ၊ သေဆုံးရခြင်းအကြောင်း ရှင်းလင်းသော ဆေးစစ်ချက်ကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။
Ref: ဆင်ဟွာ
————————————————-
** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
ဆက်သွယ်ရန် [email protected]
Comments