နိုဝင်ဘာ ၁၆၊ ၂၀၁၃
M-Media
သူရိန်
နှစ်စဉ်တန်ဆောင်မုန်းလရောက်တိုင်း ဆင်နွှဲလေ့ရှိသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ ရိုးရာမဟာဘုံကထိန်ပွဲများကို နိုင်ငံနှင့်အ၀ှမ်းတွင် စည်ကားစွာ ကျင်းပလျက် ရှိကြသည်။
ယခုကဲ့သို့ ကျင်းပပြုလုပ်ကြသော ကထိန်ပွဲတွင် ရပ်ရွာအတွင်းရှိ ၇-ရက်သားသမီးအပေါင်းမှ စုပေါင်းထည့်ဝင်ပါဝင်မှုဖြင့် သက်ဆိုင်ရာဘုန်းကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်လျက်ရှိကြသော ဆရာတော်သံဃာတော်များကို ကထိန်လျာသင်္ကန်းအပါအ၀င် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်ပွဲတော်တရပ်လည်း ဖြစ်သည်။အများအားဖြင့် တန်ဆောင်မုန်းလပြည့်နေတွင် စုပေါင်းဘုံကထိန်ပွဲတော်များလှည့်လည်လေ့ရှိပြီး ငွေပဒေသာပင်များဖြင့် မြို့ရွာအတွင်း စည်ကားလျက် ရှိကြသည်။ ဆရာတော်သံဃာတော်များကို ဆွမ်း၊သင်္ကန်းများဆက်လှူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်လည်း တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖြင့် စည်ကားလျက်ရှိကြသည်။
တန်ဆောင်တိုင်ပွဲတော်ဟု လူသိများသော ကထိန်ပွဲတော်သည် မြန်မာ့ရိုးရာတစ်ဆယ့်နှစ်လ ရာသီပွဲများတွင် တစ်ခု အပါအ၀င်ဖြစ်ပါသည်။ တန်ဆောင်းမုန်း လပြည့်ည ကို ကျီးမနိုးပွဲတော် သူခိုးကြီးများညဟုကင်ပွန်းတပ်ကြပြီး ကျေးလက်ရပ်ရွာများတွင် ကျီးမနိုးခင်(မိုးမလင်းခင်) ပစ္စည်းများပြောင်းရွေ့သည့် ဓလေ့လည်းရှိကြသည်။ ဆေးပေါင်းခသည်ဟု အဆိုရှိသည့် ထိုညတွင်မဲဇလီဖူးသုပ်စားခြင်းသည်လည်း မြန်မာ့ဓလေ့တစ်ခုဖြစ်နေပါသည်။
ယခုအချိန်ကာလတွင် မြန်မာနိုင်ငံအနှံ့အပြား၌ ဘုံကထိန်ပွဲတော်များကို ခြိမ့်ခြိမ့်သဲ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။
Comments